Breaking

ညှိနှိုင်းဆောင်ရွက်မှုတွေ များလာမယ် အားကောင်းလာမယ်ဆိုရင် ပဋိပက္ခတွေ လျော့ကျလာမှာပါ . . . . ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) လွှတ်တော်အမတ်ဟောင်း နန်းစေအွာအား ဆက်သွယ် မေးမြန်းခြင်း

၂၀၂၅ ၊ မေ ၁၅

    ပြည်တွင်းငြိမ်းချမ်းရေး၊ လက်ရှိနိုင်ငံရေးအခြေအနေနှင့် ကရင်ပြည်နယ်ဒေသတွင်း အခြေအနေအပါအဝင် Peace Talk 2025 (ငြိမ်းချမ်းရေးစကားဝိုင်း-၂၀၂၅) သို့ ကရင်ပြည်နယ်မှ အရပ်သားကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့သည့် အခြေအနေတို့နှင့်ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC)၊ ကရင်ပြည်နယ်ရဲ့ ပြည်နယ်အဆင့် JMC အရပ်သား ကိုယ်စားလှယ် တာဝန်ယူဆောင်ရွက်ခဲ့သူလည်းဖြစ်၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ (KNDP) လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ နန်းစေအွာအား ဆက်သွယ်မေးမြန်းထားပါသည်။


TREND ။        ။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) ရဲ့ အရပ်သား ကိုယ်စားလှယ်ဆိုတော့ လက်ရှိ JMC ရဲ့ အခန်းကဏ္ဍက ဘယ်လိုရှိနေလဲ။
NSH   ။        ။
ကရင်ပြည်နယ်ရဲ့ ပြည်နယ်အဆင့် JMC အရပ်သားကိုယ်စားလှယ် တာဝန်ယူဆောင်ရွက်ခဲ့တဲ့အချိန် အရင်တုန်းကတော့ အလုပ်ရုံဆွေးနွေးပွဲ Workshop တွေ လုပ်ပေးတယ်။ EAO တွေ ဘက်က တပ်ပိုင်းဆိုင်ရာ၊ တာဝန်ပိုင်းဆိုင်ရာ အကြီးအကဲ‌တွေရယ်၊ တပ်မတော်ဘက်ကလည်း တပ်ပိုင်း ဆိုင်ရာအကြီး အကဲ‌တွေရယ် ဆုံပြီးတော့ အလုပ်ရုံ Workshop တွေ လုပ်ဖြစ်တယ်။ အလုပ်ရုံ ဆွေးနွေး ပွဲမှာလည်းပဲ နှစ်ဖက်လိုက်နာရမယ့် ကျင့်ဝတ်တွေ၊ ရှောင်ရမယ့်၊ မလုပ်ရမယ့် ကျင့်ဝတ်တွေ ရှိတယ်။ လူထုအတွက် ကူညီလုပ်ဆောင်ရမယ့် အရာတွေပေါ့။ ဥပမာ ငလျင်ဘေးဆိုရင်လည်း ငလျင်ဘေး အကူအညီ‌တွေ ပေးရမယ်ဆိုတာမျိုး ရေဘေး၊ မီးဘေး၊ ငလျင်ဘေးစတဲ့ သဘာဝဘေးတစ်ခုခု ဖြစ်လာပြီဆိုရင် လူထုကိုကူညီကယ်ဆယ်ရေးတွေ လုပ်ပေးမယ်ဆိုတဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီး အလုပ်ရုံဆွေးနွေးပွဲတွေ အများကြီး လုပ်ခဲ့ကြပါတယ်။ ဒါက JMC အရပ်သားကိုယ်စား လှယ်အနေနဲ့ အရင်က ဆောင်ရွက်ခဲ့တဲ့ အစိတ်အပိုင်းတချို့ပါ။ အခုကတော့ JMC က ပုံမှန် မလုပ်ဖြစ်ဘူး။ ပုံမှန် မလုပ်ဖြစ်တာလည်း ကြာပြီပေါ့။၂၀‌၂၁ နိုင်ငံရေး အပြောင်းအလဲ‌တွေ ဖြစ်ပြီးတော့ အဲဒီနောက်ပိုင်း မလုပ်ဖြစ်ကြသေးဘူး။ JMC လုပ်ငန်းစဉ်‌တွေ အကောင်အထည်ဖော်ဖို့က လိုအပ်ချက် နည်းနည်း ရှိနေသေးတယ်လို့ပဲ မြင်ပါတယ်။

 


 

TREND ။        ။ လက်ရှိ အခြေအနေအပေါ် ဘယ်လိုမှတ်ချက်ပြုချင်လဲ။
NSH ။        ။
လက်ရှိအခြေအနေကို ကျော်လွှားနိုင်ဖို့ကတော့ အချိန်တစ်ခုတော့ ယူရမယ်။ ချက်ချင်းတော့ မလွယ်ဘူး။ အခု စိန်ခေါ်မှုတွေက များနေ တော့ အချိန်ပေးရမယ်။ လောလောဆယ်ကတော့ ဆုတောင်းကြရုံပဲပေါ့။ ဒီနေရာမှာ တစ်နိုင်လုံးမှာ ရှိနေတဲ့ လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းအောင် လုပ်နိုင်တဲ့ ပါတီကို မဲပေးကြဆိုပြီး သတင်းသမားတစ်ဦး ပြောသွား တာ‌လေး နားထောင်လိုက်ရတယ်။ သူပြောသလို လုပ်နိုင်တဲ့ ပါတီထွက်ပေါ်လာရင်တော့ အကောင်းဆုံးပါ။ သူပြောသလိုမျိုး ရှိမလား၊ ဒါကလည်း ပြန်မေးခွန်းထုတ် ရမယ်။ ဘယ်သူမှ ကတိမပေးရဲဘူးလို့ မြင်တယ်။ လက်နက်ကိုင် အဖွဲ့ အစည်းတွေကရော ချုပ်ငြိမ်းပါ့မလား။

TREND ။        ။ ကရင်ပြည်နယ်မှာရှိတဲ့ ဒေသ နယ်မြေအခြေအနေနဲ့ပတ်သက်ပြီး ပြောပြပါဦး။
NSH ။        ။
ကော့ကရိတ်တောင်ပိုင်းက မငြိမ်းချမ်းဘူး။ ဖာပွန်တို့ဘက်မှာတော့ ဒီလိုပဲ ရှိကြမှာပါ။ ပစ်ခတ်တိုက်တာတွေ ရှိတယ်ဆိုပြီး သတင်းတွေတော့ ဖတ်ရပါတယ်။ လက်ရှိအခြေအနေကတော့ ဘားအံတို့၊ လှိုင်းဘွဲတို့ဘက်ကို ပြေးလာကြရတာပေါ့။ ဒီဘက်မှာက အေးချမ်းတော့ လာကြတာပေါ့။ အခုဆိုရင် ကော့ကရိတ်က‌နေ ကျုံဒိုးဘက်တစ်ဝိုက်မှာဆိုရင် ပြည်သူလူထုတွေရော၊ ဘုန်ကြီးတွေရော မနေရဲကြတော့ဘူး။အိုးအိမ်တွေကိုပစ်ပြီး ပြေးကြရတယ်၊ အိုးအိမ်တွေလည်း ပျက်ပေါ့။ ကျွန်မတို့ ကရင်တွေက အေးအေးချမ်းချမ်း နေချင်ကြတာ၊ ဒါပေမဲ့ နေလို့ မရဘူး။ အခုက ဟိုဘက်လည်း ကြောက်ရ၊ ဒီဘက်လည်း ကြောက်ရ၊ အားလုံးဖြစ်နေတော့ ပြေးနေကြရတော့တာပေါ့။ တစ်ဖက်နဲ့ တစ်ဖက် တိုက်နေကြတယ်၊ တိုက်ပွဲတွေ ဖြစ်နေတယ် ဆိုတော့ ပြေးကြရတာပေါ့။ အာရှလမ်းမဆိုရင်လည်း လုပ်ထားပေးတာ အကောင်း၊ ဒါပေမဲ့ သွားလာခွင့်မရဘူး။ ဒီဘက်က ဒေါနတောင်လမ်း ဆိုရင်လည်း မတ်မတ်ကြီး၊ မိုးတွင်းဆိုရင် သွားလာရ အတော် ဒုက္ခရောက်ကြတယ်။ ကျွန်မတို့နိုင်ငံကလည်း ကိုယ့်နိုင်ငံထွက် ဒေသထွက်နဲ့လည်း အဆင်မပြေဘူး။ ဒါကြောင့် တစ်ဖက်နိုင်ငံကိုလည်း အားကိုးရတယ်၊ သွားရလာရတယ်။ အခုကတော့ ကုန်စည်စီးဆင်းမှုလည်း အခက်တွေ့မယ်။ သိရသလောက်တော့ အဲဒီလမ်းမကြီးကို ဖွင့်ချင်တဲ့အဖွဲ့ကလည်း ရှိတယ်၊ မဖွင့်ချင်တဲ့ အဖွဲ့လည်းရှိတယ်လို့ ကြားရတယ်။ အဲဒီကိစ္စက ညှိနှိုင်းလို့ မရမချင်း ဖွင့်လို့မရဘူးဆိုတဲ့ အခြေအနေပေါ့။ အသေးစိတ် မသိပါဘူး။ ကြားသိရတာပါ။


TREND ။        ။ ဒေသခံလူထုရဲ့ လက်ရှိအခြေအနေကိုလည်း သိရသလောက် ပြောပြပါဦး။
NSH ။        ။
လူထုအားလုံးကဝောာ့ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်။ ဦးသိန်းစိန် အစိုးရလက်ထက်ကလို နေချင်ကြတယ်။ အဲဒီခေတ်တုန်းကဆိုရင် နေလို့ထိုင်လို့ နည်းနည်း အဆင်ပြေတယ်။ ပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေဆိုရင်လည်း နားလည် မှုရှိကြတယ်။ NCA ကို လက်မှတ်ရေး ထိုးထားတယ်ဆိုတော့ အပြန်အလှန် လေးစားကြတယ်၊ နားလည်မှုရှိကြတယ်။ ဒီဘက်မှာကျတော့ အဲဒီလိုမျိုးတွေ မရှိကြတော့ဘူး၊ အဲဒီကြားထဲမှာ လူထုက ခံကြရတာပေါ့။
    ပြည်သူလူထုတွေ အားလုံးက ငြိမ်းချမ်းရေးကို လိုချင်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ စစ်ဘေး‌ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတာ၊ သေကျေ ပျက်စီးကြရတာတွေနဲ့ အိုးမဲ့အိမ်မဲ့တွေ ဖြစ်ပြီး ပုန်းအောင်းနေကြရတယ်၊ ဒုက္ခမျိုးစုံ ကြုံနေရတယ်။ သံဃာတော်တွေလည်း နေဖို့ထိုင်ဖို့တောင် ခက်ခဲနေတာပေါ့။အားလုံးပါပဲ၊ အားလုံးကတော့ ကိုယ့်ဒေသနဲ့ကို စိတ်ညစ်ကြရတာပါ။ ကိုယ်နဲ့နီးစပ်ရာ နေရာတွေမှာ ကိုယ့်ဆွေမျိုးတွေ ရှိနေတဲ့နေရာတွေမှာ သွားပြီးနေနေကြရတယ်။ ဒီနိုင်ငံကြီး မငြိမ်းချမ်းသရွေ့ကတော့ လူထုတွေကလည်း ပြေး‌နေကြရမယ့်သဘောမှာ ရှိပါတယ်။

TREND ။        ။ ငြိမ်းချမ်းရေး စကားဝိုင်း ကျင်းပမှုအခြေအနေ၊  ဒီစကားဝိုင်းမှာ ဆွေး‌နွေးထားချက်တွေ နဲ့ပတ်သက်ပြီး တက်ရောက်ခဲ့သူတစ်ဦးအနေနဲ့ ဘယ်လိုမှတ်ချက်ပေးချင်လဲ။
NSH ။        ။
ဆွေး‌နွေးချက်တွေကတော့ ငြိမ်းချမ်းရေးကိစ္စရော၊ ရွေးကောက်ပွဲရော၊ အမြင်သဘောထားတွေ အများကြီး‌ ဆွေးနွေးဖြစ်ခဲ့ကြပါတယ်။ ငြိမ်းချမ်းရေး စကားဝိုင်းမှာ ရွေးကောက်ပွဲကိစ္စလည်း ဆွေးနွေးကြတာဆိုတော့ အဲဒါမျိုးဆိုရင် နိုင်ငံရေးသမားတွေ အကုန်လုံး ဖိတ်ကြားပြီးတော့ ရွေးကောက်ပွဲကိစ္စ၊ ဘာစနစ် ကျင့်သုံးမလဲဆိုတာမျိုး အချိန်တစ်ခုယူပြီးတော့ ဆွေးနွေးသင့်တယ်လို့ မြင်တယ်။ တစ်ဖွဲ့နဲ့တစ်ဖွဲ့ပေါ့၊ ဒါတွေကို အပြန်အလှန် ဆွေးနွေးသင့်တယ်။ အခုကတော့ အချိန်လည်း သိပ်မရလိုက်ကြဘူး။ ပြီးတော့  ရွေးကောက်ပွဲဟာ စိန်ခေါ်မှုတွေ အများကြီးရှိတယ်။ ပြောရမယ် ဆိုရင် နိုင်ငံရေးသမားတွေမှာလည်း ခေါင်းမော့ပြီး သွားလာလို့မရဲတဲ့ အခြေအနေ ဖြစ်နေသလို၊ လူထုတွေမှာလည်း မျိုးစုံရှိတယ်။ အထူးသဖြင့်ကတော့ ငြိမ်းချမ်းရေးကို ကြိုက်ကြတာ၊ ငြိမ်းချမ်းချင်ကြတာပေါ့။ ငြိမ်းချမ်းရေးကို လိုလားတယ်ဆိုရင် ရွေးကောက်ပွဲဟာ ထွက်ပေါက်လို့ ခံယူထားတဲ့သူတွေရှိသလို တခြားအမြင်တွေလည်း ရှိတယ်။ အမြင်မတူညီကြတာပေါ့။ မတူညီကြတော့ ဆွေးနွေးရတာ သိပ်ပြီး အားမရတာတွေလည်း ကြုံခဲ့ပါတယ်။ Peace Talk ဆိုပြီး ခေါင်းစဉ်ပေးထား‌တော့ ဆွေးနွေးတာတွေ လည်း အေးချမ်းတဲ့ စကားရပ်‌တွေပဲ ပြောချင်တယ်။ Peace Talk ကို ရေရှည်ဖြစ်ဖို့ ဘယ်လိုလုပ်ကြမလဲ၊ ဘယ်လို နည်းလမ်းတွေကို ကျင့်သုံးမလဲ ဒါကလည်း ကျွန်မတို့နိုင်ငံတွင်းက ပုဂ္ဂိုလ်‌တွေနဲ့ပဲလုပ်လို့မရ ဘူးလို့မြင်တယ်။ ကြားဝင် ဖျန်ဖြေပေးတဲ့အဖွဲ့ (Mediator)တွေ နိုင်ငံတကာမှာ ရှိနေတယ်။ သူတို့တစ် တွေရဲ့ အသံတွေကိုလည်း နား‌ထောင်သင့်တယ်။ စကားဝိုင်းကတော့ ဆွေးနွေးရတာ တော်တော်လေး အားကောင်းခဲ့ပါတယ်။ ရင်ထဲမှာ ပြည့်ကျပ်နေတာလေးတွေကိုတော့ ပြောဆို ဆွေးနွေးခွင့် ရသွားကြတာပေါ့။ ဘာကြောင့်လဲဆိုတော့ အကုန်လုံးက ခံစားနေကြရတာလေ။ တကယ့်တကယ် ဒီစကား ဝိုင်းကနေပြီးတော့ ဘယ်လိုအကျိုးသက်ရောက်မှုရှိသွားလဲ မသိရပေမယ့် လူထုအတွက် အားလုံးက ငြိမ်းချမ်းရေးကို လိုလားကြပါလား ဆိုတာကို သိလိုက်ရပါတယ်။ တစ်ခုတော့ ရှိပါတယ်။ ဒီစကားဝိုင်းက ပြောခွင့်၊ ဆိုခွင့်၊ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ဒါပေမဲ့ ဒီပွဲမှာက ပါဝင်‌ဆွေး‌နွေးကြတာ လူအယောက် ၁၀၀ ကျော်တယ်။ အဲဒီမှာ အမျိုးသမီးပါဝင်မှုကတော့ ဘယ်လောက်မှမရှိဘူး နည်းတယ်။ သူ့အမြင်၊ ကိုယ့် အမြင် ဆွေးနွေးရတာ စုံပါတယ်။ အနေအထားကတော့ အဲဒီလောက်ပဲ ရနိုင်ပါတယ်။ ကျွန်မတို့ အရင် ပြည်‌ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေမှာတုန်းက ပြင်ဆင်ခဲ့တာတွေရှိတယ်။ အမျိုးသမီးတွေက ရာခိုင်နှုန်း ၃၀ ပါဝင်ဖို့အတွက် ပံ့ပိုးပေးရမယ်ဆိုပြီး ပြင်ဆင်ခဲ့တယ်။ ဒါပေမဲ့ တကယ့်တကယ်ကျတော့ ဒါလေးတွေက အခုထိ အကောင်အထည် မဖော်နိုင်သေးဘူးလို့ မြင်တယ်။ ဒါပေမဲ့ ဖြစ်စေချင်တာက အမျိုးသမီးတွေရဲ့အသံ များများပါစေချင်တယ်။ အမျိုးသမီးတွေရဲ့ပါဝင်မှု များစေချင်တယ်။ ဘာပဲ လုပ်လုပ်၊ ဘယ်လိုအစည်းအဝေးပဲလုပ်လုပ်၊ ဘယ်အဖွဲ့အစည်းကိုမဆို အမျိုးသမီး‌တွေကို ချန်မထားကြဖို့ လိုမယ်လို့ မြင်တယ်။ ဘယ်လုပ်ငန်းမဆို အမျိုးသမီးတွေကို သတိရကြပါလို့။ အမျိုးသမီးတွေပါ ဝင်မှုများဖို့က ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဆန္ဒပြုရတာများတယ်။ ဒီမိုကရေစီအရဆိုရင်လည်း လူထုက ရွေးချယ် တင်မြှောက်တာမျိုးတွေလုပ်ရမှာပါ။

TREND ။        ။ ငြိမ်းချမ်းရေး စကားဝိုင်းတက်ရောက်ဆွေးနွေးခဲ့တဲ့ အတွေ့အကြုံတွေကိုရာ ဘားအံကို ပြန်ရောက်တဲ့ ဒေသခံတွေကို Sharing လုပ်ဖြစ်လား၊ ဒေသခံတွေကရော မေးမြန်းတာတွေရှိလား။
NSH ။        ။
တချို့ ကျွန်မတို့ရဲ့ အသိုင်းအဝိုင်းထဲမှာဆိုရင်လည်း ငြိမ်းချမ်းရေးစကားဝိုင်းမှာ ဘာတွေ‌ ဆွေးနွေးခဲ့ကြလဲလို့ မေးလာကြတာတွေ ရှိတယ်။ ကျွန်မတို့ မိတ်ဆွေတွေရော၊ လုပ်ဖော်ကိုင်ဖက်တွေရော ငြိမ်းချမ်းရေးကို စိတ်ဝင်စားတဲ့ သူတွေကလည်း မေးတော့ ကျွန်မတို့ကပြန်ပြီး Sharing လုပ်ပေးရပါတယ်။ နိုင်ငံရေးစိတ်ဝင်စားတဲ့သူတွေ၊ ငြိမ်ချမ်းရေးစိတ်ဝင်စားတဲ့ အစုအဖွဲ့တွေရှိတယ်။ အဲဒီမိတ်ဆွေတွေကို ပြန်ပြီးငြိမ်းချမ်းရေးစကားဝိုင်းနဲ့ပတ်သက်ပြီး Sharing လုပ်ပါတယ်။ အဓိကက ဒေသခံတွေမေးတာက ပစ်နေခတ်နေတာတွေ ဘယ်တော့ရပ်ကြမလဲပေါ့။ အခုက သူပစ်ကိုယ်ပစ်နဲ့ လူထုက ပြေးနေကြရတယ်။ အားလုံးက တော်တော်ဒုက္ခရောက်နေကြရတယ်။ ဆိုတော့ ဘယ်တော့ငြိမ်းချမ်း မလဲမေးလာတော့ ဒါတော့ ခန့်မှန်းပြောဆိုလို့မရဘူး၊ နှစ်ဖက်လုံးက အပစ်အခတ်တွေလျှော့ချပြီး ပဋိပက္ခတွေ တဖြည်းဖြည်းနဲ့ လျော့ကျလာပြီဆိုရင် ပဋိပက္ခဖြစ်နေတဲ့ အဖွဲ့တွေနားလည်မှု ရှိလာကြပြီ ဆိုရင်တော့ အေးချမ်းလာမှာပါလို့ ပြောပြပါတယ်။

TREND ။        ။ နားလည်မှုတွေရှိလာကြပြီး ပဋိပက္ခကြီး ချုပ်ငြိမ်းလာဖို့ ဘယ်လိုနည်းလမ်းတွေနဲ့ ကြိုး ပမ်းကြမလဲ။
NSH    ။    ။
ဒီလို နားလည်မှု ရှိလာကြဖို့ကလည်း ကြားဝင်ဖျန်ဖြေပေးတဲ့သူ ရှိရမယ်ထင်တယ်။ သူတင်းကိုယ်တင်း ဆိုရင်တော့ မရဘူး၊ ကိုယ့်နိုင်ငံကိုယ် ပြန်ဖျက်နေသလို ခံစားမိတယ်။ ဆိုတော့ ညှိနှိုင်းဆောင်ရွက်ရမယ်။ ဒီလိုမျိုး ပစ်နေခတ်နေရင်တော့ ပြီးမှာ မဟုတ်ဘူး။ ညှိနှိုင်းဆောင်ရွက်သင့်တယ်။ ညှိနှိုင်းဆောင်ရွက်မှုတွေ များလာမယ်၊ အားကောင်းလာမယ်ဆိုရင်တော့ ဒီပဋိပက္ခတွေ လျော့ကျလာမှာပါ။ ကြားဝင်ဖျန်ဖြေပေးတဲ့ (Mediator) တွေကလည်း နှစ်ဖက်ညှိနှိုင်းဆောင်ရွက်ရမှာတွေရှိတယ်။ တစ်ဖက်က ပြောတာကိုလည်း နားထောင်ပေးရမယ်။ တစ်ဖက်က EAO တွေပြောတာကိုလည်း နားထောင်ပေးရမယ်။ အဲဒီနှစ်ဖက်ကြားထဲမှာ အောင်သွယ်လုပ်ပေးရမှာပေါ့။ အကုန်လုံးက မှန်နေကြ တယ်။ ဒီကလည်းမှန်တယ်၊ ဟိုဘက်ကလည်းမှန်တယ်၊ ကြားထဲမှာ အဲဒီမှန်တဲ့နှစ်ဖက်ကို ညှိနှိုင်းဆောင်ရွက် လိုက်မယ်၊ အမှန်တွေကို ပေါင်းစပ်ညှိနှိုင်းမယ်၊ တကယ်လို့ ဖြေလျှော့လို့ရတယ်ဆိုရင် နှစ်ဖက်ကို ဘယ်လို‌ဖြေ လျှော့ကြမလဲ။ အဲဒီလိုမျိုးတွေကို Mediator အပိုင်းက လုပ်ပေးရမယ်။ အဲဒီလို Mediator ဆိုတဲ့ နေရာမှာလည်း နိုင်ငံတကာက အတွေ့အကြုံရှိတဲ့ ပုဂ္ဂိုလ်တွေ ပါသင့်တယ်။ သူတို့မှာရှိတယ်။ ဥရောပနိုင်ငံတွေမှာ အဲဒီလို ပုဂ္ဂိုလ်တွေ၊ အဖွဲ့တွေရှိတယ်။ သူတို့က ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်းတွေရှာတယ်။ နှစ်ဖက်ရဲ့ အသံတွေလည်း နားထောင်ပေးတယ်။ ပဋိပက္ခ ဘာကြောင့်ဖြစ်လာရသလဲ၊ အဓိက အကြောင်းအရင်းကို ရှာပြီးတော့မှ ဘယ်လိုဖျန်ဖြေပေးရမလဲဆိုတဲ့ခေါင်းစဉ်နဲ့ ကြိုးပမ်း လုပ်ဆောင်ကြတာ။ ပဋိပက္ခတစ်ခု ဖြစ်လာတိုင်း ဖြစ်လာတိုင်းက တစ်ဖက်တည်းက ဖြစ်လို့မှမရတာ၊ အနည်းဆုံးတော့ နှစ်ဖက်ရှိရတာ။ ဆိုတော့ အဲဒီနှစ်ဖက်ရဲ့စကားကို နားထောင်ပေးရတဲ့သူက ရှိရတယ်။ နားထောင်ပြီးတော့ အဲဒီလူက ဘက်မလိုက်ရဘူး။ အဲဒီနှစ်ဖက်ရဲ့ အသံတွေကို ပြန်ပြီး သုံးသပ်၊ နှစ်ဖက်ကို ပြန်ပြီးတော့ ကြားနာ၊ တိုင်ပင်ဆွေး‌နွေးညှိနှိုင်းမှရတာ။ အဲဒီဝောာ့ နိုင်ငံရေးပြဿနာဖြစ်လို့ အဲဒီနိုင်ငံရေးနဲ့ပတ်သက်တဲ့သူတွေ၊ ပြဿနာဖြစ်ကြတဲ့သူ‌တွေနဲ့ ဆွေး‌နွေးရေးဖြစ်ဖို့ လုပ်ရမယ်။ ဘာက စဖြစ်လာလဲ၊ ဖြစ်လာတဲ့ အနေအထားကို ကြည့်ပြီးတော့ အစကိုဆွဲထုတ်ရမှာပေါ့။ အဲဒီကနေမှတစ်ဆင့် တဖြည်းဖြည်းချင်း အဖြေထုတ်ပြီးတော့ ပြန်ရှင်းရမှာပါ။ အတ္တတွေကတော့ နှစ်ဖက်လုံးက လျှော့ရမယ်။ တစ်ဖက်တည်း လျှော့လို့မရဘူး။ သူတင်းကိုယ်တင်းဆိုရင်တော့ ပြတ်ဖို့ပဲရှိတယ်။ ဒါကြောင့် တစ်ဖွဲ့ချင်းစီက စိတ်ရှည်ရမယ်။ Mediator အပိုင်းကလည်း တစ်ဖွဲ့ချင်းစီရဲ့ အသံတွေကို နားထောင်ပေးရမယ်။ အတွေ့အကြုံရှိရမယ်၊ ဘက်မလိုက်တဲ့သူ ဖြစ်ရမယ်။ နှစ်ဖက်လုံးကို စိတ်ရှည်ရှည်နဲ့ နားထောင်ပေးရမယ်။ ပြောရင်းနဲ့ တချို့ကျတော့ Mood တွေ ပါလာတတ်တော့ ဒီအပေါ် သည်း ခံပေးဖို့လိုမှာပါ။ တကယ်လို့ ပေးထားတဲ့ကတိအတိုင်း ဖြစ်မလာဘူးဆိုရင်လည်း ဒီဘက်ကိုလည်း ပြန်ပြောရမယ်။ အဲဒီကတိကဝတ်တွေကို ပြန်လျှော့ပေးဖို့ဆိုတာမျိုး အလျှော့အတင်းတွေ ကြားကနေ ညှိနှိုင်းပေးဖို့လိုတယ်။ အချိန်တော့ယူရမှာပါ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသမီးတွေ ပါဝင်မှုပိုများဖို့ အရေးနဲ့ ပတ်သက်ပြီး ဖြည့်စွက်ပြောပေးပါဦး။
    ပြောရမယ်ဆိုရင် ကျွန်မက ၂၀၁၀ က လွှတ် တော်ထဲမှာ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး လက် နက်ကိုင်အဖွဲ့အစည်းတွေ ပစ်ခတ်တိုက်ခိုက်မှု အဆိုတင်ခဲ့တယ်။ အဲဒီလွှတ်တော်မှာ တင်လိုက်တဲ့အ တွက် ဦးသိန်းစိန် အစိုးရကနေပြီးတော့ အဲဒါကို သဘောတူပြီးတော့ အကောင်အထည် ပေါ်လာခဲ့တယ်ပေါ့။ ဒါကြောင့်မို့လို့ ကျွန်မတို့ကအခုထိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ ပဋိပက္ခမဖြစ်ပွားရေးကို မြင်တွေ့နေ ချင်တာပါ။၂၀၁၀ မတိုင်ခင်  ဟိုဘက်ရှေ့ပိုင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်မတို့ ကရင်ပြည်နယ်က မအေးချမ်းဆုံးဘဲ။
    နယ်မြေတော်တော်များများမှာက ပေါ်တာတွေဆွဲတယ်။ အမျိုးသားတွေမရှိလို့ ဆွဲစရာမရှိဘူး ဆိုရင် အမျိုးသမီးတွေပါ ပေါ်တာဆွဲတာ ခံကြရတယ်။ ရွာသူ ကြီးနေရာကို အမျိုးသမီးက တာဝန်ယူ လုပ်ရတယ်။ လုပ်မယ့်သူမရှိလို့ သုံးလတစ်ကြိမ်ရွာသူကြီးတွေ အလှည့်ကျလုပ်ရတယ်။ အမျိုးသားတွေ မရှိရင် အမျိုးသမီး‌တွေကပဲ ရွာလူကြီးအလှည့်ကျ လုပ်ရတယ်။ ဒါက ကျွန်မကိုယ်တိုင် ကြုံတွေ့ခဲ့ရတာ။ ဒါတွေက ပဋိပက္ခဖြစ်တဲ့ဒေသရဲ့ ဒေသခံလူထုတွေ ကြုံတွေ့ခံစားခဲ့ကြရတဲ့ အခြေအနေတွေပေါ့။ ဒါကြောင့်မို့လို့ ကျွန်မတို့က ငြိမ်းချမ်းချင်တယ်၊ ငြိမ်းချမ်းရေးကို လိုကိုလိုချင်ကြတယ်။ အဲဒီလို ပဋိပက္ခတွေဖြစ်တာက နောက်ဆုံးတော့ အမျိုးသမီးတွေ သက်ကြီးရွယ်အိုတွေ၊ ကလေး သူငယ်တွေ ထိခိုက်နစ်နာမှု အများဆုံးဖြစ်တယ်။ ဒီပဋိပက္ခရဲ့ ဆိုးကျိုးတွေကို ပိုခံကြရတယ်။ ဒါကြောင့် လွှတ်တော်မှာတုန်းကလည်း ပဲ ငြိမ်းချမ်းရေးကိုပဲ အမြဲတမ်းဆွေးနွေးဖြစ်တယ်။ ငြိမ်းချမ်းရေးကိုပဲ အမြဲပြောနေရတာပါ။ အဲဒီ အခက်အခဲဒုက္ခတွေ၊ ဆိုးကျိုးတွေကြောင့်လည်း ငြိမ်းချမ်းဖို့၊ ပဋိပက္ခမဖြစ်ဖို့ ဆိုတာကို လိုချင်နေတာပါ။ ပဋိပက္ခကြားထဲမှာ အမျိုးသမီးတွေက ထိခိုက်အနစ်နာဆုံးပါ။ ဒါကြောင့် လည်း အဲဒီပြဿနာတွေကို အမြန်ဆုံးဖြေရှင်းနိုင်ရေးနဲ့ သက်ဆိုင်ရာကဏ္ဍ‌တွေမှာ အမျိုးသမီးပါဝင်မှု ပိုများစေရေး ပြောနေရတာပါ။ အခုကတော့ အမျိုးသမီးတွေ အကြမ်းဖက်မှုမှ ကင်းဝေးပါစေ၊ ပဋိပက္ခဘေးတွေ၊ တိုက်ပွဲ‌ဘေးရှောင်နေကြရတဲ့ ပြည်သူတွေအားလုံး ဘဝအေးချမ်းနိုင်ဖို့အတွက် ဆောင်ရွက်ပေးနိုင်မယ့် ပုဂ္ဂိုလ်တွေ ပေါ်ပေါက်လာနိုင်ပါစေဖို့အတွက် ဆုတောင်းပေးလိုက်ပါတယ်။

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ (ညီသစ် )

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43824

© 2022 - 2025 News. All Rights Reserved.