၂၀၂၅ မတ် ၂၁
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဗဟိုအလုပ်အမှုဆောင် ဦးသောင်းဝင်းနှင့် ပြည်တွင်းပြည်ပ စားသုံးမှုမြင့်မားလာသည့် ပေါင်းဆန်အကြောင်းနှင့် ဈေးကွက်ရရှိနိုင်မှု အခြေအနေများအား တွေ့ ဆုံမေးမြန်းထားမှုများကို ဖော်ပြလိုက်ရပါသည်။
TREND ။ ။ ပေါင်းဆန်ကို ပြည်တွင်းမှာ ထုတ်လုပ်နေမှု အခြေအနေလေး ရှင်းပြပေးပါဦး။
UTW ။ ။ ပေါင်းဆန်ကတော့ ပြည်တွင်းမှာ ၁၉၂၀ အင်္ဂလိပ်ခေတ်ကတည်းက ထုတ်လုပ်လာခဲ့တာ ဖြစ်ပါတယ်။ အရင်တုန်းကတော့ ပြုတ်ဆန်လို့ ခေါ်ပါတယ်။ တော်တော်များများလည်း တင်ပို့ခဲ့ပါတယ်။ နောက်ပိုင်းကျတော့ နည်းနည်းလေး ၁၉၉၆ ခုနှစ် လောက်ကျတော့ ထုတ်လုပ်မှုတွေ ရပ်သွားပြီးတော့ ပြည်ပကို တင်ပို့မှု အားနည်းခဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ပုဂ္ဂလိက ကဏ္ဍကနေစပြီးတော့ ပြန်လည်တင်ပို့နိုင်ခဲ့ တယ်။ အဲဒီလို တင်ပို့နိုင်ဖို့အတွက် မြန်မာနိုင်ငံဆန်စက် လုပ်ငန်းရှင်များအသင်းက စက်ပိုင်တွေကို အိန္ဒိယနိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို ခေါ်သွားပြီးတော့ လေ့လာတယ်။ လေ့ လာပြီးတော့ ကိုယ့်နိုင်ငံမှာဆို ဘယ်လိုလုပ်ကြမလဲဆိုတာကို စီစဉ်ကြတယ်။ ၂၀၁၀ ပြည့်နှစ်မှာ သောင်းဝင်း စက်မှု လက်မှုလုပ်ငန်းကနေ မြန်မာပြည်မှာ ခေတ်မီပေါင်းဆန်ကိုစက်ကို ပထမဦးဆုံး စက်သုံးလုံးနဲ့စပြီး တည်တယ်။ ကျိုက်လတ်မှာ တစ်ခု၊ အိမ်မဲမှာတစ်ခု၊ ဘိုကလေးမှာ တစ်ခုပေါ့။ အဲဒီကနေမှာ ခေတ်မီပေါင်းဆန်တွေကို ထုတ်လုပ်ပြီးတော့ ရုရှားနိုင်ငံကို ပို့ခဲ့တယ်။ တစ်လကို တန် ၁၀၀၀၊ ၁၅၀၀ ပေါ့။ အဲဒီလောက်ထိ ပို့နိုင်ခဲ့တယ်။ နောက်ပိုင်းကျတော့ မြန်မာပြည်မှာ ပေါင်းဆန် ထုတ်လုပ်တာကို စိတ်ဝင်စားတဲ့ လုပ်ငန်းရှင်တွေအတွက် MAPCO ကနေ ပြီးတော့မှ ပေါင်းဆန်စက် ၁၀ လုံးကို အိန္ဒိယကနေ သွင်းလိုက်တယ်။ တခြားသူတွေကလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် သွင်းတာတွေ ဖြစ်လာတယ်။ ဖြစ်လာ တဲ့အခါကျတော့ အခုဆိုရင် ပေါင်းဆန်စက် အလုံး ၃၀ လောက်ဖြစ်သွားတာပေါ့။ အဲဒီထဲမှာ များများစားစား လည်နိုင်တာကတော့ ၁၅ လုံးလောက်ပဲရှိတာပေါ့။ ကျန်တဲ့စက်တွေကတော့ သိပ်ပြီးတော့ များများမလည်နိုင်သေးဘူး။ အခုဆိုရင်တော့ ပေါင်းဆန် စက်အလုံး ၂၀ လောက် ရှိနေပြီ။ အဲဒီလိုနဲ့ ပြည်ပတင်ပို့ နိုင်ဖို့အတွက် ပေါင်းဆန်တွေကို ထုတ်လုပ်လျက်ရှိပါတယ်။
TREND ။ ။ ပေါင်းဆန်ကို ပြည်ပတင်ပို့မှု အခြေအနေလိုလည်း သိပါရစေ။ ပေါင်းဆန်ရဲ့ သဘော သဘာဝတွေအကြောင်း သိပါရစေ။
UTW ။ ။ ပေါင်းဆန် ဖြစ်လာဖို့အတွက်ဆိုရင် စပါးကို ရေသန့်စင်ရတယ်။ ရေပူချိန်ရတယ်။ ပြီးရင် ရေနွေးငွေ့နဲ့ ပေါင်းရတယ်။ ပေါင်းလိုက်ပြီးတော့မှ ဒါကိုပြန်ပြီး အခြောက်ခံရတယ်။ အခြောက်ခံလိုက်တော့ ပေါင်းစပါး အခြောက်ပြန်ရတယ်။ အဲဒါကိုမှ ရိုးရိုးဆန်ကြိတ်သလို ကြိတ်ရတယ်။ အဲဒီလို ကြိတ်လိုက်ပြီးလို့ ထွက်လာတဲ့ဟာကို ပေါင်းဆန်လို့ ခေါ်ပါတယ်။ ပေါင်းဆန်က တစ်နှစ်ကို ၂၀၂၂-၂၃ မှာ ကုမ္ပဏီတွေကနေ တန်ကိုးသောင်းကျော်လောက် တင်လိုက်တယ်။ တကယ်တော့ ပေါင်းဆန်က ဝယ်လက်တွေများတယ်။ ပြည်တွင်းမှာ စက်တွေက ကြီးကြီးမားမား မရှိသေးဘူး။ ဥပမာ တန် ၅၀ လောက် စက်တွေက များနေတဲ့အခါကျတော့ လျှပ်စစ်ဓာတ်အား မလုံလောက်တာတို့၊ အရင်းအနှီး မလုံလောက်တာတို့ဖြစ်တော့ မချဲ့ထွင်နိုင်ဘူး။ ဥပမာ တန် ၅၀ စက်တွေကို တစ်ရာလောက် ချဲ့လိုက်မယ်ဆိုရင် ထုတ်လုပ်မှုက နှစ်ဆလောက်ဖြစ်သွားမယ်။ ဒါပေမဲ့ တချို့လည်း ဒါကိုတိုးချဲ့နေပါတယ်။ စက်သေးသေးလေးတွေစီကနေပြီ လုံးတီးဝယ်တယ်။ RC ဝယ်တယ်။ အခုဆိုရင်တော့ ပေါင်းဆန်က ဝယ်လိုအားအများဆုံးထဲမှာ ရှိပါတယ်။ ထုတ်လုပ်မှုအားကတော့ နည်းနေ သေးပါတယ်။ ဒါကိုလည်း နိုင်ငံတော်ကလည်း ကူညီပံ့ပိုးပေးမယ်ဆိုရင် စက်တွေကို အဆင့်မြှင့်တင်ရမယ်။ သူတို့ရဲ့ ထုတ်လုပ်နိုင်မှု စွမ်းအားတွေကို မြှင့်ရမယ်။
TREND ။ ။ ပေါင်းဆန် ထုတ်လုပ်မှုတိုးမြှင့်နိုင်ဖို့အတွက် ဘာတွေလိုအပ်တယ်လို့ မြင်မိပါသလဲ။
UTW ။ ။ နည်းပညာအတွက်တော့ မလိုပါဘူး။ ပြည်တွင်းက စက်မှုလက်မှုသမားတွေ၊ လုပ်ငန်းရှင်တွေလုပ်မယ်ဆိုလည်း လုပ်လို့ရတယ်။ ပေါင်းဆန်စက် တွေကို အိန္ဒိယကနေ သွင်းတာများတယ်။ နည်းပညာအရ သိပ်ပြီး ခက်ခဲမှုမရှိဘူး။ လုပ်ဆောင်တဲ့သူတွေ အနေနဲ့ကတော့ နည်း စနစ်မှန်မှန် သိဖို့တော့လိုတာပေါ့။ ရေပူချိန်က အပူချိန်ဘယ်လောက်လဲ။ နာရီဘယ်လောက်ကြာလဲ။ ပေါင်းရင်လည်း ရေနွေးငွေ့အပူချိန်က ဘယ်လောက်လဲ။ နောက် အခြောက်ခံတဲ့ အပိုင်းကို သေချာလုပ်ဆောင် တတ်ဖို့လိုတယ်။ စက်ကိုင်တွေကို လုပ်နည်းကိုင်နည်း တွေကို နားလည်အောင်၊ သိအောင်၊ တတ်အောင် သင် ပေးဖို့ လိုအပ်ပါတယ်။ အခုဆိုရင် တန် ၂၀၀ စက်တွေ လည်း ရှိပါတယ်။ ဒါပေမဲ့ ပုဂ္ဂလိကပိုင်တဲ့စက်တွေက နည်းနေသေးတယ်။ ၂၅ တန်နဲ့ တန် ၅၀ ပဲရှိတာများ တယ်။ ပြောချင်တာကတော့ တကယ်ပြည်ပနဲ့ လုပ်တော့ မယ်ဆိုရင် တွက်ခြေကိုက်တာက တန် ၅၀၀၊ တန် ၁၀၀၀ စက်တွေ ဖြစ်လာသင့်တာပေါ့။ လောလောဆယ် မှာကတော့ ရင်းနှီးမြှုပ်နှံမယ့်အပိုင်းရော၊ စက်ပစ္စည်းအ ပိုင်းရော၊ နောက်လျှပ်စစ်ပါဝါကဏ္ဍက သိပ်ပြီးမျှော်လင့်လို့ မရသေးဘူး။ တန် ၅၀၊ တန် ၁၀၀၊ တန် ၂၀၀ လောက်ထိကတော့ လုပ်မယ်ဆို လုပ်လို့ရသေးတယ်။
TREND ။ ။ အခုဆိုရင် တချို့က လျှပ်စစ်မီးအစား စပါးခွံနဲ့ပြုလုပ်တဲ့ စွမ်းအင်နဲ့ လုပ်ဆောင်နေပြီလို့ သိရတယ်။ ဆရာတို့အနေနဲ့ရော ဘယ်လိုဆောင်ရွက်နေလဲ။
UTW ။ ။ ပေါင်းဆန်ရဲ့ သဘောသဘာဝက ၂၄ နာရီ နေရတယ်။ ရိုးရိုးဆန်စက်ကကျတော့ အချိန်နဲ့ ရပ်ထားလို့ရတယ်။ ပေါင်းဆန်ကကျတော့ ရပ်ထားလို့မရဘူး။ ရပ်လို့မရတဲ့ အခါကျတော့ စပါးခွံမီးဖိုကနေမှ အင်ဂျင်၊ ဒိုင်နမိုတို့ကို ဂတ်စ်နဲ့ပေးပြီး လည်ပတ်နေတာပေါ့။အဲဒါမှ ပါဝါအများကြီးတော့ ထုတ်လို့မရဘူး။ စက်ကြီးကြီး လုပ်ချင်တယ်ဆိုရင်တော့ ရေနွေးငွေ့ တာဘိုင်အင်ဂျင်နဲ့ လျှပ်စစ်များများ ထုတ်လို့ရတယ်။ အဲဒါဆိုရင်တော့ မဂ္ဂါဝပ်ကို အများကြီးထုတ်လုပ်လို့ရမယ်။ ထုတ်လုပ် နိုင်ဖို့ဆိုရင် ရင်းနှီးမြှုပ်နှံမှု ပမာဏကလည်း များတယ်။ ဥပမာ ကျိုတ်လတ်က တန် ၅၀၀ လုပ်မယ်ဆိုရင် လျှပ်စစ် ကိုယ်ပိုင်ထုတ်လို့ရတာပေါ့။ အဲဒါကြောင့် တန် ၅၀၀ ကို တိုးချဲ့နေတာ။ ကျိုတ်လတ်က ဝေမာကုမ္ပဏီက လုပ် နေပါတယ်။
TREND ။ ။ ဒီလိုမျိုး ပြည်တွင်းမှာ ထုတ်လုပ်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ အခက်အခဲတွေရှိရင် ပြောပြပေးပါဦး။
UTW ။ ။ အခု လောလောဆယ်ကတော့ ရပ်ထားတဲ့ စက်ကတော့ နည်းသွားပြီပေါ့။ အရေး ကြီးဆုံးကတော့ သူတို့ထုတ်လုပ်ပေးလိုက်တဲ့ ပေါင်းဆန်တွေကိုဝယ်မယ့် ကုမ္ပဏီတွေရှိရင် လည်လို့ရတယ်။ ဒါပေမဲ့ နည်းစနစ်မှာ အော်ပရေတာတွေ ဂရုမစိုက်ရင်သော် လည်းကောင်း၊ ကိုယ်သုံးထားတဲ့ စက်က လျှပ်စစ်မလုံ လောက်လို့ ပြတ်တောင်းပြတ်တောင်း ဖြစ်သွားရင်တော့ အရောင်မညီဘူးဆိုတာ ဖြစ်တတ်တယ်။ အဲဒါဆိုရင်တော့ ကုမ္ပဏီတွေက ဒါကိုလက်မခံဘူး။ ကိုယ့်စက်က စက်သေးတာ၊ ကြီးတာထက် ဂရုတစိုက်နဲ့ လုပ်ပေးမယ်ဆိုရင်တော့ ပေါင်းဆန်လုံးတီးက လိုချင်တဲ့သူတွေများ တယ်။ ဈေးကွက်ပေါ်မှာမူတည်ပြီး ဈေးကွက်နဲ့ ကိုက်ညီအောင် ထုတ်လုပ်ပေးနိုင်မယ်ဆိုရင် စက်တွေက အကုန်လုံး လည်ပတ်ပြီးသားပဲ။ သို့သော် ပါဝါမလုံလောက် ရင်တော့ အခက်အခဲရှိပါတယ်။ သူ့ရဲ့ အဓိကအချက်ကပါဝါပဲ။
TREND ။ ။ ပေါင်းဆန်ကို ဘယ်နိုင်ငံတွေက အဓိကထား ဝယ်ယူနေလဲ။
UTW ။ ။ အခုဆိုလို့ရှိရင် ပေါင်းဆန်ကို EU နိုင်ငံတွေက အများဆုံး ဝယ်ယူလျက်ရှိပါတယ်။ ပေါင်းဆန်က အရင်ဆိုရင် တစ်တန်ကို ဒေါ်လာ ၆၀၀ ကျော်ရတယ်။ အခုတော့ ၆၀၀ ပတ်ဝန်းကျင်လောက် ပဲရတယ်။ တစ်ခါတလေဆိုရင် ၆၀၀ အောက်ဘက်ကို Buyer တွေက ဈေးဆစ်တာလေးတွေ ရှိတယ်။ အခု စပါးဈေးအခြေအနေနဲ့ဆိုရင် တွက်ခြေကိုက်တယ်။ အခု တွက်ခြေမကိုက်တာက ဆန်ဖြူသမားတွေပါ။ ဆန်ဖြူတွေကတော့ အိန္ဒိယကလည်း ထုတ်ရောင်းနေတာ ဖြစ် တဲ့အတွက် ဈေးတွေတော်တော်လေး ကျတယ်လို့ပြောလို့ ရတယ်။ ဆန်ဖြူ ဈေးမကိုက်ပေမယ့် ပေါင်းဆန်ကတော့ ဈေးကိုက်နေပါတယ်။ အဲ့ဒါကြောင့် ပေါင်းဆန်က ပြည်ပကို တင်ပို့နေပါတယ်။ ၂၀၂၃-၂၄ မှာ ကိုးသောင်း လောက်ထွက်တယ်။ ဒီနှစ်တွေမှာလည်း အဲဒီလောက် အထိရှိတယ်။
TREND ။ ။ ဖြည့်စွက်ဖြေကြားချင်တာလေးရှိရင် ပြောကြားပေးပါဦး။
UTW ။ ။ ပေါင်းဆန်ထုတ်လုပ်မှုအပိုင်းနဲ့ ပတ်သက်ပြီး စိတ်ပါလက်ပါ သင်ကြားပေးချင်တာပါ။ ကျွန်တော်တို့ ကိုယ့်အတွေ့အကြုံနဲ့ ပတ်သက်ပြီး ပေးစရာရှိတာကို ပေးခဲ့ချင်တာပါ။ ပြောချင်တာကတော့ အော်ပရေတာတွေ ဘယ်လိုလုပ်ရမလဲဆိုတာ သိဖို့ပဲလို တယ်။ ထုတ်လုပ်ပုံ ထုတ်လုပ်နည်းကို သိဖို့လိုတယ်။ အဲဒါကိုသိမှ ကိုယ့်ရဲ့ ပေါင်းဆန်က မပျက်စီးမှာ ဖြစ်ပါတယ်။ တကယ်လို့များ ဂရုမစိုက်ဘူးဆိုရင် ပျက်စီးသွား နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရေပူလည်း စိမ်ရတယ်။ ရေနွေးငွေ့နဲ့လည်း လုပ်ရတယ်။ လွယ်လွယ်လေးနဲ့ မရတဲ့အတွက် ဂရုစိုက်ရပါတယ်။ လက်ရှိ ရှိနေတဲ့ စက်ပိုင်တွေအနေနဲ့ နဂိုရှိနေတာထက် တိုးချဲ့ဖို့လိုပါတယ်။ အဲဒီလို တိုးချဲ့ဖို့ဆိုရင် ပါဝါရော၊ စက်ရော၊ Capacity ရော လိုအပ်ပါတယ်။ နောက်ထပ်အသစ်တွေလည်း ပေါ်ပေါက်လာရင် ကောင်းပါ တယ်။ စပါးဈေးကို ပေးနိုင်တဲ့သူရှိမှ တောင်သူလယ်သမားအတွက်ပါ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ (သက်မှူး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၀ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )