ကန်ဒေါ်လာ ၁၄၃ သန်းကျော် ရင်းနှီးမြှုပ်နှံမှုပမာဏရှိသည့် လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကို MIC ခွင့်ပြု

၂၀၂၃ ၊ ဖေဖော်ဝါရီ ၁၄

အမေရိကန်ဒေါ်လာ ၁၄၃ သန်းကျော် ရင်းနှီးမြှုပ်နှံမှုပမာဏ ရှိသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုလုပ်ငန်းအပါအဝင် လုပ်ငန်းသစ်ရှစ်ခုကို မြန်မာနိုင်ငံရင်း နှီးမြှုပ်နှံမှုကော်မရှင်(MIC)က ခွင့်ပြုလိုက်ကြောင်း သိရသည်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏
(၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော် ရုံးအမှတ်(၁၈) ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ကျင်းပခဲ့ပြီး ယင်းသို့ ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အစည်းအဝေးတွင် ဆောင်ရွက်ဆဲရင်း နှီးမြှုပ်နှံမှုလုပ်ငန်းရှစ်ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် လျှပ်စစ်ကဏ္ဍ၊ ပို့ဆောင်ဆက်သွယ်ရေးကဏ္ဍ၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဟိုတယ်နှင့်ခရီးသွားကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့မှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ်ရှစ်ခုကို ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။
အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၆၃၄ သန်းနှင့် ငွေကျပ်(၉၈၀၇၈ ဒသမ ၀၉၄) သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင်အခွင့် အလမ်းပေါင်း ၁၃၇၄ ခုကို ဖန်တီးပေးနိုင်မည် ဖြစ်သည်။ ယနေ့အစည်းအဝေးကခွင့်ပြုခဲ့သောလုပ်ငန်းများတွင် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အမျိုးအစား လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ် ဇန်နဝါရီလကုန်အထိ မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၂ ခုအနက် ရင်းနှီး မြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင် ငံ/ဒေသများမှာ စင်ကာပူနိုင်ငံ၊ တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခု အနက် အများဆုံးရင်းနှီးမြှုပ်နှံ ထားသည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၂၈ ဒသမ ၃၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်းရင်းနှီး မြှုပ်နှံမှု၏ ၂၄ ဒသမ ၆၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ စက်မှုကဏ္ဍတွင် စုစုပေါင်းရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၃၄ ရာခိုင်နှုန်းဖြင့်လည်းကောင်း ရင်းနှီးမြှုပ်နှံထားကြောင်း MIC စာရင်းဇယားများအရ သိရသည်။

Total Views ~ 170

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43333

© 2022 - 2025 News. All Rights Reserved.