ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့၏ထုတ်ပြန်ချက်

၂၀၂၃ ဇန်နဝါရီ ၁၄

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ဂန္ဓကုဋီတိုက်အတွင်း၌ သင်္ကန်းဝတ်ကိုယ်တော်တစ်ပါးမှ မတက်ရောက်အပ်သောအဂါရဝဖြစ်စေသည့်အမြင့်ထက်သို့တက်ရောက်ခဲ့သောဓာတ်ပုံနှင့်တကွ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လွန်ခဲ့သည့်ရက်များမှ တွေ့ရှိခဲ့ရပါသည်။

ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး၏ဂန္ဓကုဋီတိုက်မှာ ကမ်းခြေမှ(၂)ဖာလုံခန့်ကွာဝေးသောပင်လယ်ပြင်တွင် တည်ရှိနေပြီး မြန်မာပြည်အရပ်ရပ်မှသာမက နိုင်ငံတကာမှလည်း နှစ်စဉ်နှစ်တိုင်း ရဟန်းရှင်လူဘုရားဖူးများ လွတ်လပ်စွာဖြင့် အချိန်မရွေးလာရောက်ဖူးမျှော်နိုင်သော ဘုရားတစ်ဆူဖြစ်ပါသည်။

လွန်ခဲ့သည့်( ၂၇-၁၁-၂၀၂၂)ရက်တွင် ထိုသင်္ကန်းဝတ်ကိုယ်တော်မှလည်း တပည့်ဒကာများနှင့် လာရောက်ခဲ့ပြီးလျှင် (၂၇-၁၁-၂၀၂၂)ရက် နေ့လည် ၁၂နာရီ၄မိနစ်ခန့်အချိန် ဘုရားကြီး၏ဂန္ဓကုဋီတိုက်အတွင်း ဘုရားဖူးများမရှိသည့်အချိန်နှင့် တာဝန်ကျဝန်ထမ်းများမှလည်း ထမင်းစားနေချိန်တွင် မသမာသောနည်းဖြင့် အခွင့်ကောင်းယူကာ သာသနာညှိုးနွမ်းစေသော ရည်ရွယ်ချက်ဖြင့် ဘုရား ဖူးသူများအရောက်နည်းသော ကြာသပတေးထောင့်ရှိ ဘုရားကြီးအား ဆွမ်းပန်းရေချမ်းကပ်လှူထားသော အမြင့်ပေါ်သို့ စက္ကန့်ပိုင်းအတွင်း တက်ရောက်ဓာတ်ပုံရိုက်ခံသည်ကို ဘုရားကြီးတွင် တပ်ဆင်ထားသော (CCTV)မှတ်တမ်းအရ တွေ့ရှိခဲ့ရပါသည်။

ထိုသင်္ကန်းဝတ်မှာ ကျိုက္ခမီရေလယ်ဘုရားတွင်သာမကဘဲ တခြားသောမြို့များမှဘုရားများတွင်လည်း ယခုကဲ့သို့ အဂါရဝဖြစ်ရသည့် မတက်ရောက်အပ်သည့်နေရာသို့ တက်ရောက်ခဲ့သည်ကိုလည်း တွေ့ ရှိခဲ့ရပါသည်။

ထိုကိစ္စနှင့်ပတ်သက်၍ ထိုနေ့တွင် တာဝန်ရှိဝန်ထမ်းများကိုလည်း ဂေါပကအဖွဲ့မှ အရေးယူဆောင်ရွက်ထားပြီးဖြစ်သလို အဂါရဝအဖြစ် သာသနာညှိုးနွမ်းစေသည့် မတက်ရောက်အပ်သောနေရာသို့ တက် ရောက်ခဲ့သော သင်္ကန်းဝတ်ကိုယ်တော်အားလည်း၊ ဘုရားကြီး သြဝါဒါစရိယဆရာတော်ကြီးများ၏သြဝါဒများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

                             

ကျိုက္ခမီရေလယ်ဘုရားဂေါပကအဖွဲ့

Total Views ~ 256

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43194

© 2022 - 2025 News. All Rights Reserved.