ရန်ကုန်၊ အောက်တိုဘာ ၁၆
ဓာတ်ခွဲခန်းသုံးပစ္စည်းများကို အသုံးပြု၍ စပါးကောက်ရိုးမှ ပျော့ဖတ်ထုတ်လုပ်ခြင်း သုတေသနလုပ်ငန်းမျာ အောင်မြင်ပါက တောင်သူများနှင့် MSME လုပ်ငန်းရှင်များသို့ နည်းပညာလွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက ပြော ကြားခဲ့သည်။
စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးတို့သည် အောက်တိုဘာ ၁၁ ရက်က ပဲခူးတိုင်းဒေသကြီး ရေနီမြို့ရှိ စက္ကူစက်ရုံ(ရေနီ)သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။
စက္ကူစက်ရုံ(ရေနီ)သို့ သွားရောက်စစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းက သုတေသနလုပ်ငန်းများအောင်မြင်ပါက တောင်သူများနှင့် MSME လုပ်ငန်းရှင်များသို့ နည်းပညာ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ကောက်ရိုးမှ ပျော့ဖတ်များထုတ်လုပ်မည့် စက်ပစ္စည်းများ၏ ဒီဇိုင်းပုံစံများကို ကြိုတင်ရေးဆွဲထားရန်၊ စက္ကူစက်ရုံ (ရေနီ)၌ ရှိပြီးဖြစ်သည့် စက္ကူ ထုတ်လုပ်ခြင်းနည်းပညာများ တိမ်ကောပျောက်ပျက်မှုမရှိစေရေး ဆင့်ပွားသင်တန်းများပြုလုပ်ရန်၊ ဝန်ထမ်းများအနေဖြင့် တတ်ကျွမ်းထားသည့် နည်းပညာများဖြင့် တောင်သူများနှင့် MSME လုပ်ငန်းရှင်များ၊ ဒေသခံပြည်သူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ထို့အပြင် တစ်နေ့လျှင် တန် ၂၀ ထုတ်လုပ်နိုင်သည့် ထုပ်ပိုးစက္ကူများထုတ်လုပ်နေသည့် လုပ်ငန်းစဉ်အဆင့်ဆင့်၊ တစ်နေ့လျှင် တန် ၈၀ ထုပ်ပိုးစက္ကူများ ထုတ်လုပ်နိုင်ရေးအတွက် စက်ပစ္စည်း များ စစ်ဆေးပြုပြင်နေမှု၊ တစ်နေ့လျှင် တန် ၂၄၀၀ ပျော့ဖတ်များ ထုတ်လုပ်နိုင်ရေးအတွက် ဆောင်ရွက် နေသည့်အခြေအနေ၊ ကုန်ကြမ်းနှင့် ကုန်ချောများကို သယ်ယူပို့ဆောင်နိုင်ရေးအတွက် မီး ရထားလမ်း ဖောက်လုပ်ထားရှိမှုအခြေအနေများကို ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် နေပြည်တော်ကောင်စီ ဥက္ကဋ္ဌတို့က လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ နဒီ