၂၀၂၃ နိုဝင်ဘာ ၂၀
ခြောက်ညအိပ် ခုနစ်ရက် တရုတ် ပြည်ဝင်ခွင့် TBP စာအုပ်အနီ ထုတ်ပေးခြင်းကြောင့် တရားမဝင် မှောင်ခိုဝင်ရောက်သူများ မရှိသလောက် ဖြစ်သွားကြောင်း လူသားချင်း စာနာထောက်ထားမှု အကူအ ညီပေးရေးကွန်ရက်၊ ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဦးဌေးဦးကပြောသည်။
"ဒီလို တရားဝင် ဝင်ခွင့်မပေးခင်ကလည်း နည်းမျိုးစုံနဲ့ ခိုးဝင်နေကြတာ။ ခိုးပေါက်ကဝင်တယ်။ ဟိုဘက်မှာ အဖမ်းခံရတာတွေရှိတယ်။ ဒီဟာကျတော့ ခြောက်ညအိပ် ခုနစ်ရက် ဟိုဘက်မှာ အေးအေးဆေး ဆေး နေခွင့်ရှိတယ်။ တချို့က ပြန်ထွက်မ လာဘူး။ သူလုပ်ချင်တဲ့ အလုပ်သွားလုပ် တယ်။ သူသွားချင်တဲ့နေရာကို သွားတယ်။ အနည်းဆုံးတော့ ဒီကတ်ကိုကိုင်ပြီး တရုတ် ပြည်ထဲကို ရင်ကော့ပြီး ဝင်သွားလို့ရတာပေါ့။ ဒီလိုလုပ်ပေးတဲ့အတွက်တော့ တရားမဝင် ဝင်တဲ့သူတွေ မရှိတော့ဘူးပေါ့။ ခြောက်ည အိပ် ခုနစ်ရက်ကို ပြန်ထွက်မလာတဲ့ သူတွေ လည်းရှိတယ်။ ဟိုဘက်မှာ ဖမ်းဆီးထိန်းသိမ်း ခံရတာတွေ ရှိမှာပဲ။ တရားဝင် ဝင်လာတယ် ဆိုတဲ့ အကြောင်းပြချက်တစ်ခုတော့ သူပြလို့ ရတာပေါ့"ဟု ၎င်းကပြောသည်။
လတ်တလောအခြေအနေအရ တရုတ်ပြည်ဝင်ခွင့် TBP စာအုပ်အနီရရှိရန် တုံကင်တန်းစီသူများ ထဲတွင် ကလေးငှားသူများနှင့် ကိုယ်ဝန်ဆောင်ငှားသူများ ပါဝင်နေခြင်းကြောင့် စိစစ်ကြပ်မတ်နေ ရကြောင်း မူဆယ်မြို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကွန်ရက် ကမ်းလက်ကူညီ ပရဟိတအသင်းမှ ဦးဌေးဦးကပြောသည်။
"တစ်ရက်ကို လူဦးရေ ၅၈၀၊ ၆၀၀ ပေးတယ်။ ဒီနေ့က၂၇ ရက်အတွက် တုံကင်ပေးတာ။ စာရင်းက လာသမျှလူအား လုံးကိုပေးမှာ။ တကယ်လို့ ထပ်လာမယ်ဆို ရင် ၂၈ ရက်အတွက်၊ ၂၉ရက်အတွက် ဖြစ် သွားမယ်။ တစ်ရက်ကို ၅၈၀နဲ့ ဖြတ်ချပြီး တော့ ပေးတာပေါ့။ ထူးခြားတာ တစ်ခုက တော့ တချို့က အစောကြီးဝင်လာကြတယ်။ ဝင်လာပြီးတော့ ၂၁၊ ၂၂ တုံကင်ရသွားတယ်။ တရုတ်ပြည်ထဲဝင်လိုက်တယ်။ ပြီးတော့ပြန် ထွက်လာတယ်။ တုံကင်နှစ်ခါ တန်းစီတာ လည်းရှိတယ်။ ဥပမာ ၂၁ ကိုသူကရလိုက်ပြီး တော့ အပြင်ပြန်ထွက်ပြီး စောင့်နေတယ်။ စောင့်နေပြီး နောက်ဆုံးကျမှ သူကပြန်ဝင် လာပြီးတော့ နောက်ထပ်တစ်ခါ တုံကင် ထပ်ယူတယ်။ အဲဒါဆိုရင် သူက ၂၈ ရက်အ တွက် သူရမှာပေါ့။ အဲဒီကျတော့ စာရင်းတွေ က ထပ်လာတာပေါ့။ ကျွန်တော်တို့က လက် မှာ မင်တို့လိုက်တယ်။ သူတို့ နောက်တစ်ကြိမ် တန်းစီလို့ မရတော့ဘူး။ ကျွန်တော်တို့က နှစ်ဖက်ကြားမှာ ဝန်ထမ်းကလည်း စည်း ကမ်းနဲ့ တင်းတင်းကျပ်ကျပ်လုပ်တယ်။ ပြည် သူတွေအပိုင်းကလည်း နည်းမျိုးစုံနဲ့ လိမ်တယ်။ ဥပမာ ရင်ခွင်ပိုက် ကလေးတွေ၊ ကိုယ်ဝန်ဆောင်သည်တွေ၊ သက်ကြီးရွယ်အို တွေပေးတယ်ဆိုရင် သူတို့က ကလေးတွေ ငှားလာကြတယ်။ အချိန်ကုန်တာပေါ့ဗျာ။ ကလေးငှားလာတာတွေ၊ တူတွေ၊ တူမတွေ မလိုအပ်တဲ့လူတွေကို၊ ခေါ်လာတာတွေ ဖြစ် မှာစိုးလို့ မွေးစာရင်းတောင်းတာမျိုးတွေ ဖြစ် လာတယ်။ သက်ကြီးရွယ်အိုတွေဆိုရင်လည်း အသက် ၄၅၊ ၅၀ တွေက သက်ကြီးရွယ်အို တွေထဲမှာ ပါချင်တာမျိုး တွေရှိတယ်။ တချို့ ကသက်ကြီးရွယ်အိုတွေခေါ်လာပြီး တန်းစီ တယ်။ တကယ်တမ်း အဲဒီသက်ကြီးရွယ်အို တွေက ဝင်မှာမဟုတ်ဘူး။ မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေ ကျွန်တော်တို့က ဦးစား ပေးရတယ်။ တချို့က ကိုယ်ဝန်ဆောင်တွေပါ ငှားလာတာမျိုးရှိတယ်။ လင်မယား ဟုတ်မ ဟုတ်ဆိုတာ ကျွန်တော်တို့က လိုက်စစ်ရ တယ်။ မှန်ကန်တဲ့လူကျတော့ နစ်နာတာပေါ့"ဟု ၎င်းကပြောသည်။
TBP နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ကြိုတင်စာရင်းကောက်ယူခြင်း လုပ်ငန်းအား တုံကင်ပေး ခြင်းကို နိုဝင်ဘာလ ၂၀ ရက်မှ စတင်ကာ နန်းတော်ဂိတ်ပေါက်တွင် တုံကင်ပေးလျက်ရှိပြီး လာရောက်တန်းစီသူများ နှစ်ကြိမ်တန်းစီခြင်း မပြုနိုင်ရန် လူစားလာရောက်တန်းစီခြင်း မရှိစေရန်နှင့် နိုင်ငံသားကတ် မှန်ကန်မှုရှိမရှိတို့အား တာဝန်ရှိသူများမှ စစ်ဆေးဆောင်ရွက်လျက်ရှိပြီး လာရောက်တန်း စီသူများ စနစ်တကျဖြစ်စေရန် ကြားဖြတ်ဝင်ရောက်မှုမရှိစေရန်နှင့် စာရင်းရေးမှတ် ခြင်း လုပ်ငန်းများ မှန်ကန်စေရန် ကမ်းလင့်လက်အသင်းသူအသင်းသားများမှ ကူညီဆောင်ရွက်ပေး လျက်ရှိကြောင်း သိရ သည်။
စစ်အုပ်ချုပ်ရေး(မာရှယ်လော)အဖြစ် ကြေညာထားသည့် ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်မြို့တွင် ညဘက်အပြင် သိပ်မထွက်ကြသော်လည်း နေ့ခင်းဘက်တွင် ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေကြပြီး တစ်ခါသုံးကတ်(TBP) တိုကင်လာရောက် ထုတ်ယူကြသူများမှာ တစ်ရက်လျှင် ပျမ်းမျှ လူဦးရေ ၆၀၀ ခန့် ရှိနေကြောင်းသိရသည်။