Breaking

နိုင်ငံရေးတည်ငြိမ်မှုရှိလာသည်နှင့်အမျှ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌပြော

၂၀၂၄ ၊ ဖေဖော်ဝါရီ ၅
    ယခုနှစ်အတွင်း နိုင်ငံရေးတည် ငြိမ်မှုရှိလာသည်နှင့်အမျှ ပြည်ပခရီးသွားများ ပိုမိုဝင်ရောက်လာဖွယ်ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။ 
    "၂၀၂၃ ထက်စာရင်ရင် ၂၀၂၄ နှစ်ဆန်းပိုင်းမှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုကတော့ နည်းနည်းပိုလာတယ်။ ပြီးခဲ့တဲ့နှစ်ထက်ပေါ့နော်။ ၂၀၂၄ မှာ ပိုပြီးတော့လည်း ဝင်ရောက်ဖို့ရှိနေပါတယ်။ ခရီးသွား အလားအလာကတော့ နိုင်ငံရေးတည်ငြိမ်မှုရှိတာနဲ့အမျှပေါ့နော်။ ဒီဟာက ပိုပြီးတော့ ကောင်းလာဖွယ်ရှိပါတယ်။ မတည်ငြိမ်မှုတွေ ဖြစ်နေရင်တော့ ခရီးသွားလုပ်ငန်းက တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်တဲ့အတွက် ဒါကတော့ ကျသွားမှာပေါ့နော်။ အခုလက်ရှိအခြေအနေကတော့ တက်ဖို့အလားအလာရှိပါတယ်။ ခရီးသွားလုပ်ငန်းအပေါ်မှာ နိုင်ငံရေးအရ သက်ရောက်မှုက ၁၀၀ ရာခိုင်နှုန်းရှိတယ်လို့ ပြောလို့ရပါတယ်။ လက်ရှိဒေသတွင်းမှာ တည်ငြိမ်မှုရှိတဲ့ နေရာတွေဆိုရင် ပြည်တွင်းခရီးသွားလည်း သွားနေတယ်။ ပြည်ပခရီးသွားတွေကလည်း ထို့နည်းတူစွာပဲ တည်ငြိမ်မှုရှိတဲ့ နေရာတွေကို ရွေးချယ်ပြီးတော့ ခရီးစဉ်တွေ စီစဉ်ပြီးတော့ သွားနေကြတယ်။ အဲဒီတော့ တည်ငြိမ်မှုမရှိတဲ့ နေရာတွေကိုတော့ ပြည်တွင်းခရီးသွားတွေလည်း မသွားဘူး။ ပြည်ပခရီးသွားတွေလည်း မသွားဘူး။ ဒါကြောင့်မို့ ပြည်ပခရီးသွားတွေ ဝင်ရောက်မှုကတော့ နိုင်ငံရေးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ လက်ရှိ အာရှတိုက် ခရီးသွားတွေအနေနဲ့ တရုတ်နိုင်ငံကဝင်တဲ့ ခရီးသွားတွေရှိတယ်။ ထိုင်းနိုင်ငံကဝင်တဲ့ ခရီးသွားတွေရှိတယ်။ ဒီလိုခရီးသွားတွေကတော့ ရက်တိုခရီးစဉ်တွေ များလို့လေ။ ထိုင်းခရီးသွားတွေဆိုရင် ရန်ကုန်ကနေ ကျိုက်ထီးရိုးသွားကြတာရှိတယ်။ ပဲခူးသွားကြတာရှိတယ်။ ဒီလောက်ပဲရှိပါတယ်။ များ သောအားဖြင့် ၃ ရက်ကနေ ၅ ရက်အထိ သွားကြတာ တွေများတယ်။ အနောက်တိုင်းဧည့်သည်တွေ တချို့ကတော့ (Individual) အနေနဲ့ပေါ့နော်။ ခရီးသွားကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီးဝင်လာကြတာမျိုး မဟုတ်ဘဲ။ မိမိအစီအစဉ်နဲ့ မိမိလေယာဉ်လက်မှတ်ဝယ်ပြီးတော့ ဟိုတယ် Booking ယူပြီးသွားကြတာတွေကတော့ များသောအားဖြင့် တစ်ရက်ကနေ နှစ်ပတ်ဝန်းကျင်လောက်ကို လူငယ်ခရီးသွားတွေ ဝင်လာတာရှိပါတယ်။ ခရီးစဉ်နဲ့ ချိတ်ဆက်ပြီး ဝင်လာတာကတော့ ဥပမာ ရုရှားနိုင်ငံ ခရီးသွားတွေ ဝင်ရောက်လာတာမျိုးလည်း ရှိပါတယ်။ ဒါကလည်း ခရီးစဉ်အားဖြင့် ပုံမှန်တစ်ပတ်ခရီးစဉ်လောက်ကို ပုဂံတို့၊ အင်းလေးတို့လောက်ကို သွားရောက်လည်ပတ်မှုရှိပြီးတော့ နောက်တစ်ပတ်လောက်ကိုတော့ ကမ်းခြေဒေသတွေကို သွားကြတာ များပါတယ်။ ရန်ကုန်ကနေ တခြားနေရာတွေကို မသွားဘဲနဲ့ကမ်း ခြေဒေသတွေကို သွားရောက်လည်ပတ်တဲ့ ခရီးစဉ်တွေလည်း ရှိတယ်။ ဒါကတော့ သူ့နိုင်ငံသားတွေရဲ့ ခရီး စဉ်နှစ်သက်မှုအပေါ် မူတည်ပြီးတော့ အမျိုးမျိုးပြောင်းသွားတာ ရှိပါတယ်။ ခရီးသည်ဝင် ရောက်မှု ကတော့ တိုးတက်လာတယ်လို့ ကျွန်တော်တို့ အနေနဲ့သုံးသပ်ရမှာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ 
    နိုင်ငံတကာမှ ပြည်တွင်းသို့ ဝင်ရောက်လာကြသည့် ခရီးသွားများအနေဖြင့် နယ်စပ်ဒေသဝင် ပေါက်များမှ ဝင်ရောက်လာ ခြင်းများရှိသလို လေဆိပ်မှ ဝင်ရောက်လာ ခြင်းများလည်းရှိကြောင်း ဦးနောင်းနောင်းဟန်က ပြောသည်။
    "ပြည်တွင်းကို ဝင်ရောက်မှုက နှစ်ပိုင်းရှိပါတယ်ခင်ဗျ။ နယ်စပ်ဒေသက ဝင်ရောက်မှု အပိုင်းနဲ့ လေဆိပ်ကနေ ဝင်ရောက်မှုအပိုင်းပေါ့နော်။ လေဆိပ်ကဝင်ရောက်မှုက တိုးတက်မှုရှိတော့ ရှိတယ်။ ဒါပေမဲ့ တကယ်တမ်းတိတိကျကျ တွက်မယ်ဆိုရင် မျှော်မှန်းထားတာထက် နည်းနေသေးတယ်။ နယ်စပ် ဝင်ပေါက်ကများနေတဲ့အတွက် ပြည်တွင်းကို ဝင်ရောက်မှုက ပြီးခဲ့တဲ့ ၂၀၂၃ မှာ ခရီးသည် တစ်သန်းကျော်လောက် မြန်မာနိုင်ငံထဲကို ဝင်ရောက်ခဲ့တာရှိပါတယ်။ အဲဒီထဲမှာ သုံးသိန်းကျော် လောက်ကတော့ လေဆိပ်ကနေ ဝင်ရောက်တာဖြစ်ပြီးတော့ ရှစ်သိန်းကျော်လောက်ကတော့ နယ်စပ်ဒေသ ဝင်ပေါက်တွေကနေ ဝင်တာဖြစ်တယ်။ အဲဒါကြောင့် နယ်စပ်ဒေသက ဝင်ရောက်မှုတွေများပြားနေသေးတယ်။ ယခင်တုန်းကဆိုရင် ရာခိုင်နှုန်း ၆၀၊ ၄၀ အချိုးလောက်၊ ၅၅၊ ၄၅ ရာခိုင်နှုန်း အချိုး လောက်ရှိရာကနေ အခုဆိုရင် နှစ်ဆ၊ သုံးဆလောက်ကွာတဲ့ သဘောဖြစ်နေတယ်။ လေဆိပ်ကဝင်တာ တစ်ဦးဆိုရင် နယ်စပ်ကဝင်ရောက်တာ သုံးဦးလောက် ဖြစ်နေတယ်။ အဲဒါကြောင့် ဧည့်သည်ဝင် ရောက်မှုကတော့ မြင့်တက်လာတယ်လို့ အများကြီးပြောလို့ရတယ်။ ဒါပေမဲ့ ဒီနိုင်ငံတကာလေ ဆိပ်တွေကနေ ဝင်ရောက်မှုကတော့ နည်းနေသေးတယ်လို့ ပြောလို့ရပါတယ်။ အခုကကျွန်တော်တို့ နိုင်ငံအနေနဲ့က အာဆီယံဒေသတွင်း နိုင်ငံတော်တော်များ များကိုလည်း ဗီဇာက ခွင့်ပြုချက်ပေးထားပြီ။ နောက်တစ်ခါအိန္ဒိယနဲ့ တရုတ်နိုင်ငံကိုလည်း ဗီဇာနဲ့ပတ်သက်တဲ့ အခက်အခဲတွေ မရှိတော့ဘူး။ ရုရှားဆိုရင် ဗီဇာ Free လိုမျိုး ပေးထားတာပေါ့နော်။ အဲဒီတော့ခရီးသည် ဝင်ရောက်မှုရှိတယ်။ အာရှ တိုက်ထဲမှာ ခရီးသွားဒေသအနေနဲ့ ကိုရီးယားနဲ့ ဂျပန်နှစ်နိုင်ငံကို ဗီဇာဖြေလျှော့မှု လုပ်ပေးဖို့လိုတယ်။ အဲဒီနှစ်နိုင်ငံကို လုပ်ပေးလိုက်ရင်တော့ ခရီးသွားပိုပြီးတော့ ဝင်ရောက်လာဖို့ရှိပါတယ်။ နောက်တစ်ခါ အနောက်တိုင်း နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့  E-Visa နဲ့ လျှောက်ထားလို့ရတာ ဖြစ်တဲ့အတွက် အရမ်းကို အခက်အခဲကြီးရယ်လို့ မဟုတ်တော့ဘူး။ ဝင်လာမယ်ဆိုရင် ဝင်လာလို့ရတယ်။ ဗီဇာဘက် အခြမ်းကတော့ အရမ်းကြီးအခက်အခဲ မဖြစ်တော့ဘူး"ဟု ၎င်းက ပြောသည်။
    ၂၀၂၃ ခုနှစ်တွင် အာဆီယံမှခရီး သွားဧည့်သည် ၉၃ ဒသမ ၇၆ သန်းဝင် ရောက်ခဲ့သည့်အနက် မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည် ၁ ဒသမ ၂၄ သန်း ဝင် ရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။ 
    မြန်မာနိုင်ငံအနေဖြင့်အကြိမ်(၆၀) မြောက်အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့အစည်းအဝေးနှင့် ဆက်စပ်အစည်း အဝေးများကို မြန်မာနိုင်ငံမှ ၂၀၂၄ ခုနှစ် ဇူလိုင်လအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Total Views ~ 165

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43985

© 2022 - 2025 News. All Rights Reserved.