နေပြည်တော်၊ မေ ၁၄
နိုင်ငံရေးပါတီများ၏ အရပ်သားအစိုးရအဖြစ် တက်လှမ်းချင်သည့် အပြုသဘောရှုမြင်မှုများကို ခါးခါးသီးသီးပစ်ပယ်ရမည့်ကိစ္စမဟုတ်ဘဲ 7 EAOs Alliance အနေဖြင့် တစ်နိုင်ငံလုံး အကျပ်အတည်းကို ကျော်လွှားချင်သည့် အာသီသရှိကြောင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောသည်။
"ရွေးကောက်ပွဲကို ကျင်းပလိုက်ခြင်းအားဖြင့် ကျွန်တော်တို့နိုင်ငံက အရပ်သားအုပ်ချုပ်ရေး အပြည့်အ၀ မဟုတ်သည့်တိုင်အောင်မှ တစ်စိတ်တစ်ပိုင်း အုပ်ချုပ်တဲ့၊ ဦးမော့လာနိုင်တဲ့အခြေ အနေတစ်ခုကို တက်လှမ်းနိုင်မယ်ဆိုတဲ့ ပါတီတွေ၊ တခြားသော နိုင်ငံရေးအင်အားစုတွေရဲ့ ရှုမြင်မှု တွေကလည်းပဲ ခါးခါးသီးသီး ပစ်ပယ်ရမယ့် ကိစ္စရပ်တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ စိုးရိမ်မှုတစ်ခုကတော့ နံပါတ်တစ်အခြေအနေက ရွေးကောက်ပွဲဆိုရင် ပြည်သူလူထုရဲ့ ပူးပေါင်းပါဝင် ဆောင်ရွက်မှုက အက္ခရာကျတယ်လို့ ကျွန်တော်တို့ နားလည်တယ်။ ပြည်သူလူထုလို့ ပြောလိုက်မယ်ဆိုရင်လည်း ဒီအချိန်မှာ လက်နက်ကိုင် ပဋိပက္ခဒဏ်ကို လေးနှစ်ကျော်ကြာ ခံစားခဲ့ရတဲ့ ပြည်သူလူထု၊ နောက်ပြီး ပျက်စီးဆုံးရှုံး အနိဋ္ဌာရုံတွေက ပြည်သူလူထုတွေကြားမှာ တော်တော်လေး ကြုံတွေ့ခံစားရတဲ့ အခြေအနေပါပဲ။ ပြီးခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေကလည်း တစ်ပူပေါ်နှစ်ပူဆင့် ဖြစ်ရတယ်။ ဒီအချိန်မှာ ပြည်သူလူထုအတွက်ကတော့ သဘာဝဘေးရော၊ လူလုပ်ဘေးရော ဒီနှစ်ခုကို ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ ကာလတစ်ခုအောက်မှာ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ တစ်နိုင်ငံလုံးမှာ ကြုံတွေ့နေရတဲ့ အခက်အခဲအကျပ်အတည်း ကျော်ဖြတ်နိုင်ဖို့အတွက် လုံလောက်တဲ့ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု၊ ဆောင်ရွက်မှုတွေက အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ အများကြီး ရှိတယ်လို့ ကျွန်တော်တို့က ရှုမြင်တာရှိတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် ရွေးကောက်ပွဲအတွက် တည်ငြိမ်အေးချမ်းမှုက မရှိမဖြစ်လိုအပ်သည့် အခင်းအကျင်း ဖြစ်ခြင်းကြောင့် စစ်ရေးဘောင်ကျယ်ပြန့်နေခြင်းက စိန်ခေါ်မှုတစ်ရပ်ဖြစ်ကြောင်း ဗိုလ်မှူးကြီးစောကျော်ညွန့် က ပြောသည်။
"ဒေသတွင်း တည်ငြိမ် အေးချမ်း မှုဆိုတာကလည်း ရွေးကောက်ပွဲအတွက် မရှိမဖြစ် လိုအပ်တဲ့ အခင်းအကျင်းတစ်ခု ဖြစ်တယ်။ လက်ရှိ အခြေအနေကတော့ စစ်ရေးဘောင်က အများကြီး ကျယ်ပြန့်နေတဲ့ ကာလတစ်ခုအောက်မှာ၊ ဒါကလည်း ရွေးကောက်ပွဲအတွက် ကြီးမားတဲ့စိန်ခေါ်မှု တစ်ခုဖြစ်တယ်။ ဟုတ်ပါတယ်။ တခြားလူတွေ ရှုမြင်သလိုမျိုးပေါ့။ ရွေးကောက်ပွဲလုပ်လိုက် ခြင်းအားဖြင့် အရပ်သား အုပ်ချုပ်ရေးတစ် စိတ်တစ်ပိုင်းကို တက်လှမ်းနိုင်တဲ့ အပြုသဘော ရှုမြင်မှုတွေလည်း ရှိပါတယ်။ သို့သော် ကျွန်တော်တို့ ခုနစ်ဖွဲ့အနေနဲ့ အချိန်ကာလ တော်တော်ကြာကြာ ရင်ဆိုင်လာခဲ့ရပြီးဖြစ်တဲ့ တစ်နိုင်ငံလုံး အကျပ်အတည်းကို ကျော်လွှားချင်တဲ့ အာသီသက ရှိတယ်။ တစ်နိုင်ငံလုံး ကြုံတွေ့နေရတဲ့ အကျပ်အတည်းကို ကျွန်တော်တို့က ကျော်ဖြတ်နိုင်မှသာလျှင် ရွေးကောက်ပွဲ ကိစ္စရပ်တွေပဲ ဖြစ်ဖြစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ကိစ္စရပ်တွေပဲဖြစ်ဖြစ် ဒီဥစ္စာက ပိုပြီးတော့များ အာမခံချက်ရှိနိုင်တဲ့ သေချာမှုမျိုးတွေ ရရှိနိုင်မလားလို့ ကျွန်တော် တို့အနေနဲ့ကတော့ ရှုမြင်ပြီး လုပ်ငန်းစဉ်ငါးရပ်ကို အဆိုပြုခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
ပကတိ နိုင်ငံရေးအခြေအနေအရ ရွေးကောက်ပွဲကို အရင်ဆုံး ပြုလုပ်စေချင်ပြီး ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးကိစ္စရပ်ကို ဆက်လက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်ပြည်သူ့ ပါတီဥက္ကဋ္ဌ နမ့်ခင်အေးဦးက ပြောသည်။
"ငြိမ်းချမ်းရေးကတော့ EAOs တွေဘက်ကရော အပစ်ရပ်ထားတာတွေ၊ ဘာတွေ လုပ်ဖို့ ကောင်းတယ်။ ငြိမ်းချမ်းရေးဆိုတာ ရွေးကောက်ပွဲပြီးမှပဲ လာသင့်တဲ့အရာ။ ရွေးကောက်ပွဲပြီးရင် ငြိမ်းချမ်းရေးကိစ္စကို ကိုင်တွယ်မယ့်သူတွေ တစ်ခါတည်း ခန့်အပ်ထားလိုက်ပေါ့။ ရွေးကောက်ပွဲနဲ့ ငြိမ်းချမ်းရေးကို တစ်ပြိုင်တည်း လုပ်ဖို့ကတော့ အခက်အခဲရှိနိုင်တယ်။ နိုင်ငံရေးပါတီတွေရဲ့ တော်တော်များများ သဘောထားကတော့ ရွေးကောက်ပွဲလုပ်လိုက်၊ ရွေးကောက်ပွဲအဖြေနဲ့ ရလာတဲ့ရလဒ်တွေကို လွှတ်တော်မှာတင်ပြီး ပြုပြင်ချင်တဲ့ အချက်တွေကို ပြုပြင်ရမယ်။ ပါတီတွေက ရွေးကောက်ပွဲကို အရင်လုပ် စေချင်တယ်။ ဒါမှ အစိုးရတစ်ရပ်ဖြစ်လာမှ ခေါင်းတည်ပြီး ပြောဆိုရမှာ။ အဲဒီမှာ သူ့ရဲ့ ပြောရေး ဆိုခွင့်တွေ လုပ်ဆောင်နိုင်မှုတွေ ရှိသွားပြီ"ဟု ၎င်းကပြောသည်။
အလားတူ ရွေးကောက်ပွဲမှ တက်လာမည့် အစိုးရအနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ပြည်သူ့ပါတီ ရန်ကုန်တိုင်းဒေသကြီး ဥက္ကဋ္ဌ ဦးလှဌေးက သုံးသပ်ပြောဆိုသည်။
"ရွေးကောက်ပွဲက အရေးကြီးဆုံးသော အခြေအနေတစ်ခုဗျ။ ဘာကြောင့်လဲဆိုရင် ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရက ဘယ်လိုပဲဖြစ်ဖြစ် ပြည်သူလူထုရဲ့ ဆန္ဒမဲနဲ့ တက်လာတဲ့ အစိုးရ တစ်ရပ်အနေနဲ့က လက်ခံရမယ့် အခြေအနေရှိတယ်။ ရွေးကောက်ပွဲက တက်လာတဲ့အစိုးရက ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်ကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်နိုင်မယ်။ နိုင်ငံတကာက ကူညီမယ့် အကူအညီတွေ ကလည်း တက်လာမယ့် အစိုးရအပေါ်မှာ သူတို့က ပိုပြီးတော့ ပွင့်ပွင့်လင်းလင်း ကူညီပံ့ပိုးနိုင်မယ့် အခြေအနေကို ရရှိမှာဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲက တကယ်ကို အရေးကြီးပါတယ်။ ရွေးကောက်ပွဲ နောက်ပိုင်းမှာလည်း ကျွန်တော်တို့နိုင်ငံရဲ့ အပြောင်းအလဲတွေ အများကြီး ဖြစ်လာလိမ့်မယ်။ အပြောင်းအလဲတွေ ဖြစ်လာအောင်လည်း ရွေးကောက်ပွဲက တက်လာတဲ့ အစိုးရလွှတ်တော်တွေက အလုပ်တွေ အများကြီး လုပ်နိုင်လိမ့်မယ်လို့ ယုံကြည်တယ်"ဟု ၎င်းကပြောသည်။
နိုင်ငံတော်အနေဖြင့် ငလျင်ဒဏ်သင့် ဒေသများ၌ ပြန်လည်တည်ဆောက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက် နိုင်စေရန်၊ ရေရှည်တည်တံ့ပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်စေရန်နှင့် တည်ငြိမ်အေးချမ်းမှုကို ရှေးရှုလျက် တပ်မတော်အနေဖြင့် ၂၀၂၅ ခုနှစ် မေ ၆ ရက်မှ ၃၁ ရက်အထိကာလကို ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလအဖြစ် ထပ်မံတိုးမြှင့် သတ်မှတ်ထားသည်။ ကွန်းဈာန်