၂၀၂၄ ၊ ဖေဖော်ဝါရီ ၂၁
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရွှေသောင်ယံမြို့နယ် မကျီးစင်အုပ်စု ဂျိုင်လယ်ကျေးရွာကမ်းစပ်တွင် ပေ ၄၀ ခန့် အရှည်ရှိ ရှားပါးမျိုးစိတ်ဝင် ဝေလငါးမန်းတစ်ကောင် ဖေဖော်ဝါရီ ၁၈ ရက်က သောင်တင် သေဆုံးသွားကြောင်း ဒေသခံကပြောသည်။
"မျှောလာတဲ့အရှိန်နဲ့ ကျောက်ဆောင်တွေနဲ့ထိပြီး ပေါက်ပြဲနေပြီ၊ ပုပ်လည်း ပုပ်နေတော့ တိုက်မိပြီးပေါက်ထွက်နေတယ်၊ အကောင်တော်တော်ကြီးတယ်"ဟုဆိုသည်။
အဆိုပါ ဂျိုင်လယ်ကျေးရွာကမ်း ခြေတွင်ပင် ၂၀၁၃ ခုနှစ်တွင်းကလည်း ဝေလငါးတစ်ကောင် သောင်တင်သေဆုံးခဲ့ဖူးပြီး ယခု လာရောက်သောင်တင်သည့် ဝေလငါးမှာ ကမ္ဘာ့အကြီးဆုံးငါးမျိုးစိတ်၌ ပါဝင်သည့် ဝေလငါးမန်းမျိုးစိတ်ဖြစ်ကာ အကောင်အကြီးဆုံးများသည် ပေ ၆၀ ခန့်အထိ ရှည်လျားတတ်ကြပြီး အန္တရာယ်မရှိသည့်ငါးမန်းမျိုး စိတ်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးနိုင်ငံတကာ အဖွဲ့အစည်း တစ်ခုဖြစ်သည့် International Union for Conservation of Nature က ဝေလငါးမန်း အရေအတွက်သည် လွန်ခဲ့သော ၇၅ နှစ်အတွင်း ရာခိုင်နှုန်း ၅၀ ကျော် လျော့ကျသွားခဲ့ပြီး ကမ္ဘာတစ်ဝန်း မျိုးသုဉ်းရန် အန္တရာယ်ရှိသည့်မျိုးစိတ်၌ စာရင်းသွင်းထား သည်။
ရွှေသောင်ယံကမ်းခြေသည် ပုသိမ်ခရိုင်အတွင်းရှိ ငွေဆောင်၊ ချောင်းသာကမ်းခြေများနှင့် တစ်ဆက်တည်းဖြစ်သည့် ဘင်္ဂလားပင်လယ်အော် ကမ်ခြေဖြစ်သည့်အတွက် မကြာခဏပင် ဝေလ ငါးများ၊ လင်းပိုင်များ ကမ်းခြေသို့ မျောပါသောင်တင်လေ့ရှိသည်။
၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၅ ရက် တွင် ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့ ဇီးချိုင် ကျေးရွာကမ်း ခြေတွင် ၁၇ ပေခန့်အရှည်ရှိ ဝေလငါး မန်းတစ်ကောင်၊ ၂၀၁၈ ခုနှစ် ဇန်နဝါရီတွင် ယခု ရွှေသောင်ယံ ကမ်းခြေတွင် ပေ ၂၀ အရှည်ရှိ ဝေလငါးတစ်ကောင်၊ ၂၀၁၃ ခုနှစ် ဇန်နဝါရီတွင် ၃၆ ပေရှိ ဝေလငါးတစ် ကောင် သောင်တင်ပြီး သေဆုံးခဲ့ဖူးသည်။
သက်ဆိုင်ရာ ငါးလုပ်ငန်းဦးစီးဌာန သည် လာရောက်သောင်တင်သေးဆုံးသော ငါးများအား များသောအားဖြင့် မြေမြှုပ်ရှင်းလင်းခြင်း ဆောင်ရွက်လေ့ရှိသော်လည်း အချို့အကောင်ကြီးများအား အရိုးခြစ်ယူခြင်းဖြင့် ထိန်းသိမ်းလျက်ရှိကာ ပြတိုက်များတွင် ပြသခြင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူများ သုတေသနပြု လေ့လာကြကြောင်း သိရသည်။