Breaking

ပြည်ပြေးတွေကို စိတ်ဆိုးသွားစေတဲ့ လူဆိုး

၂၀၂၄ ၊ မတ်  ၆
    တော်လှန်ရေးခေါင်းဆောင်ကြီးတွေ အမေရိကား မြိုင်အရပ်ကနေ ဒေါသပုန်တွေထကုန်တော့သည်။ အကြောင်းအရင်းမူကား မြန်မာနိုင်ငံက တေးရေးဆရာကြီးက ကွယ်လွန်ရှာပြီဖြစ်သော ဂန္ထဝင်အဆိုကျော်ကြီး ကိုငှက်နုစဉ်အခါက တော်တော်ဆိုးကြောင်း၊ အရက်တွေ၊ ဆေးတွေမကင်းဘဲ တောလည်းခိုဖူးတာကြောင့် လူဆိုးဟုပြောလိုက်ရာမှ အစပြုခြင်းဖြစ်သည်။ တောခိုတယ်ဆိုတဲ့စကားက ဟိုးယခင်ကာလက စကားဖြစ်သည်။ အတိတ်ကာလ နိုင်ငံရေးအခြေအနေအရ ယခုခေတ်လိုပင် ကျောင်းသားလူငယ်တွေ တောခိုသည်ဟုဆိုကာ တိုင်းရင်းသားနယ်မြေတွေ အရောက်သွားကြသည်။ နောက်တော့လည်း အမြင်မှန်ရသူတွေက ဥပဒေအရိပ်အောက် ပြန်ခိုလှုံကြ၊ ဒီ့ထက်အမြင်မှန်ရ သူတွေက နိုင်ငံရပ်ခြားသွားကာ တိုင်းတစ်ပါးသား ခံယူကြလေသည်။ ဒီခေတ်စကားနဲ့ပြောရရင် လွတ်မြောက်နယ်မြေကို သွားကြတာနဲ့ အတူတူပင်ဖြစ်သည်။ ကိုငှက်တို့ ခေတ်ကာလကတော့ တောခိုကြ၊ တောထဲမှာ သဘောထားတွေကွဲကြ၊ သတ် ကြဖြတ်ကြပြီး ပညာတတ်လူငယ်တွေဆိုတော့လည်း မပိန်းကြတော့ ကိုယ့်လမ်းကိုယ် ရွေးချယ်တတ်ကြလေသည်။
    စောစောကစကားဆက်ရလျှင် နာမည်ကျော် တေးရေးဆရာကြီးက တစ်မြို့တည်းသား ငယ်ပေါင်းကြီးဖော် အဆိုတော် အကြောင်းသိကို လူဆိုးလို့ ပြောလိုက်တာကို အမေရိကားက ခေါင်းဆောင်ကြီးတွေ နူနာအပေါ် ဆားပက်လိုက်သလို ဖြစ်ကုန်ကြသည်။
    တေးရေးဆရာကြီးကလည်း အပြောမတတ်တော့ ဆဲသလိုဖြစ်တော့ တောခိုတဲ့လူတွေက လူဆိုးတွေ ဖြစ်ကုန်ကြလေတော့သည်။ အမှန်တော့ တေးရေးဆရာကြီးက တောထဲက ကလေးတွေကို အားမနာတာဖြစ်သည်။ ယခုခေတ်မှာ တောခိုတယ်လို့ပဲခေါ်ခေါ်၊ လွတ်မြောက် နယ်မြေထဲကို သွား တယ်ပဲပြောပြော အသုံးအနှုန်းလေးကအစ တောထဲက ကလေးတွေ၊ ပဒက်လေးတွေဆိုပြီး နူးနူးညံ့ညံ့လေး သုံးကြတဲ့ခေတ်ဖြစ်သည်။ တော်လှန်ရေး ခေါင်းဆောင်ကြီးတွေကိုယ်တိုင် အမေရိကားကနေ လှမ်းပြီး ရင်ဝယ်သားကဲ့သို့ ပြုစုစောင့်ရှောက်နေရသော တောထဲက ကလေးလေးတွေဖြစ်သည်။ ဒါကို တေးရေး ဆရာကြီးက လူဆိုးလို့ သွားပြောလိုက်တော့ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ မနေသာ တော့ဘဲ အလှူခံဖလားတွေ အသာချကာ တေးရေးဆရာကြီးကို မအားတဲ့ကြားထဲက ဝိုင်းဆဲနေရရှာ လေသည်။
    တောထဲက ကလေးတွေဆိုတာက တော်လှန်ရေးခေါင်းဆောင်ကြီးတွေကိုယ်တိုင် အားထားရ သူများဖြစ်သည်။ တော်လှန်ရေးခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် ဂျန်ဇက်ဟု အမည်ပေးကာ ဦးစားပေးထားသူများ ဖြစ်သည်။ ဂျန်ဇက်လေးတွေ၊ တောထဲက ကလေးလေးတွေ စားဝတ်နေရေးအတွက် တော် လှန်ရေးခေါင်းဆောင် ကြီးတွေကိုယ်တိုင် အမေရိကားတို့၊ သြဇီတို့ကို ခက်ခက်ခဲခဲသွားအလှူခံပြီး ရှာဖွေကျွေးမွေးမှုကို ခံနေရသူများ ဖြစ်သည်။ ခေါင်းဆောင်ကြီးတွေမှာတော့ အမေရိကားမှာ ကြုံရာကျပန်း စတိုးဆိုင်ဖွင့်၊ လမ်းဘေးအိပ် လမ်းဘေးစား အရစ်ကျအိမ်ဝယ်ပြီး အတိဒုက္ခများစွာနဲ့ တောထဲက ကလေးလေးတွေစားဖို့ ဆန်အိတ်ကလေးတွေ အလှူခံလိုက်၊ ကလေးတွေ အပြင်းပြေဆော့ဖို့ လက်နက်ဖိုးလေး အလှူခံလိုက်၊ ကလေးတွေ ဘေးမသီရန်မခဖို့ ကျည်ကာအင်္ကျီလေးတွေ ဝယ်ပေး လိုက်နဲ့ ရင်ဝယ်သားသဖွယ် ဂရုစိုက်ကြလေသည်။ တောထဲမှာ ကလေးတွေမရှိရင် အမေရိကားက ခေါင်းဆောင်ကြီးတွေ အလှူခံစရာလည်း မလိုတော့သလို၊ အလှူခံဖလားတွေလည်း ပြတိုက်ပို့ရတော့ မှာဖြစ်သည်။ ဒါကြောင့် အမေရိကန်က အလှူခံဖလားနဲ့ တောထဲက ကလေးလေးတွေဆိုတာ လသား ကလေးငယ်နဲ့ နို့ဘူးလို ခွဲမရအောင် ဆက်စပ်နေတာဖြစ်သည်။
    ဒီတော့ တောထဲက ကလေးတွေ အကြောင်း ပြောရပေတော့မည်။ မြန်မာပြည်မှာနေရင် ဖေ့စ်ဘုတ်သုံးတာတောင် တောထဲက ကလေးတွေ မျက်နှာကြည့်နေရသည်။ ဖေ့စ်ဘုတ်မှာ အစားအသောက်ပုံတင်ရင်တောင် တောထဲက ကလေးတွေကို အားမနာဘူးလား၊ လိပ်ပြာလုံပါစေလို့ လာမန့်တတ်ကြသလို ခရီးတွေထွက် အပျော် အပါးပုံတွေတင်ရင်တောင် တောထဲက ကလေးတွေမျက်နှာ ကြည့်နေရတဲ့ ခေတ်ဖြစ်သည်။ တောထဲက ကလေးတွေဆိုတာကလည်း အမေရိကားက တော်လှန်ရေးခေါင်းဆောင်မကြီးကိုယ်တိုယ် နို့လှန်မတိုက်ရုံတမယ် မွေးထား၊ ကျွေးထားတာဆိုတော့ တစ်နိုင်ငံလုံးက အရိပ်တကြည့်ကြည့် စောင့်ရှောက်ပေးနေရတာ ဖြစ်သည်။တောထဲက ကလေးတွေ ဆိုတာကလည်း တေးရေးဆရာ ကြီးပြောသလို လူဆိုးတွေတော့ မဟုတ်ပေ။ တစ်ခါတလေ ကလေးသ ဘာဝအရ သေနတ်ကလေးတွေကိုင်ပြီး မပစ်တတ်ပစ်တတ်နဲ့ပစ်တော့ အပြစ်မဲ့ပြည်သူ ထောင်ဂဏန်း လောက် မတော်တဆ သေသွားကြတာပဲရှိပြီး ထင်သလောက် မဆိုးကြပေ။ တစ်ခါတလေကလေး သဘာ၀ ဒရော့ဗုံးလေးတွေ ဟိုချဒီချလုပ်လို့ မရှောင်တဲ့ ပြည်သူတွေ သေကုန်ကြလေတော့ အမေရိကားက ကလေးမိဘတွေက သူတို့သားသမီးတွေ ဆော့တာမဟုတ်ဘူး တပ်မတော်ကလုပ်တာဟု လွှဲချတတ်ကြလေသည်။
    ဒါတင်မကသေး ကလေးတွေဆိုတော့လည်း သူများတွေ ပိုက်ဆံသုံးသလို သုံးချင်တာကြောင့် ရွာစဉ် လှည့်ဓားပြတိုက်တာလေးတွေ လုပ်တတ်သလို တစ်ခါတလေ အဆော့လွန်ပြီး မြို့ပေါ်က ဘဏ်တွေ ဓားပြတိုက်တာလောက်ပဲရှိပြီး သိပ်အဆိုးကြီးတော့ မဟုတ်ကြချေ။ ကလေးတွေက အရမ်း စည်းကမ်းရှိကြသည်။ အမေရိကားက မိဘတွေကိုယ်တိုင်က ကလေးတွေ ဘဏ်ဓားပြတိုက်ရင် တိုက်ရာပါငွေကို စာရင်းဇယားနဲ့ ထုတ်ပြလေ့ရှိသည်။ ကလေးတွေက ရိုးသားကြလေသည်။ တစ်ခါတလေ ရွာစဉ်လှည့်ပြီး သေနတ်တပြပြနဲ့ မုန့်ဖိုးတောင်းတတ်ကြသည်။ ရွာတွေကလည်း သူ့တို့မိဘတွေ အမေရိ ကားသွားနေတုန်း ထိန်းပေးထားတဲ့ ကလေးတွေဆိုတော့ အပြစ်မပြောရက်ဘဲ ထမင်းထုပ် လေးတွေပို့၊ ငွေလိုရင် လယ်ပေါင်ယာပေါင်ပြီးပေးကြ၊ ကလေးပီပီ မုဒိမ်းကျင့် သွားတော့လည်း ခွင့်လွှတ်လိုက်ကြ၊ ဒီကြားထဲကလေးတွေ  စိတ်အခန့်မသင့်လို့ သေနတ်လေးတွေနဲ့ ပစ်သွားရင်လည်း ရွာထဲကတစ်ယောက်စ၊ နှစ်ယောက်စ သေသွားတော့လည်း အသုဘချလိုက်ကြတာပဲဖြစ်သည်။ ကလေးတွေက ထင်သလောက်လည်း မဆိုးကြချေ။
    ဟိုနေ့ကဆိုရင် ကလေးတစ်ယောက်က ကလေးပီပီ မိန်းကလေးငယ်တစ်ဦးကို ကာလသားစကား သွားပြောတာ မိန်းကလေးက မချစ်ဘူးဆိုတော့ စိတ်ဆိုးပြီး သေနတ်လေးနဲ့ ပစ်သွားလေသည်။ ကလေးတွေဆိုတော့လည်း သေနတ်ကို ကစားစရာမှတ်နေကြတာဖြစ်သည်။ တချို့ကလေးတွေက လည်း ဂိမ်းကစားပုံရသည်။ဖုန်းအင်တာနက်လိုင်း မကောင်းတာကြောင့်  စိတ်ဆိုးပြီး ဖုန်းတာဝါတိုင် လေးတွေ ရိုက်ချိုးတာလေးတွေ၊ တစ်ခါတလေ အစိုးရကိုစိတ်ဆိုးရင် လမ်း၊ တံတားလေးတွေ မိုင်းထောင် ဖောက်ခွဲဖျက်ဆီးပြီး ကလေးဆိုး ဆိုးကြတာ ကလွဲလို့ ထင်သလောက်လည်း မဆိုးကြပေ။ တစ်ခါတလေ ရွာတွေက မွေးစားမိဘတွေ မုန့်ဖိုးမပေးလို့ စိတ်ဆိုးပြီး ရွာတွေကို မီးရှို့တာလေးတွေ လုပ်တတ်ကြသည်။မွေးစားမိဘတွေကလည်း ကလေးတွေမီးရှို့တာ အချိန်တန်ရင် သူတို့ အမေရိကား ကမိဘတွေက စာနာဖေးကူ တဲအိမ်အလှူဆိုပြီး ခွက်ခေါက်လိုက်ရင် အိမ်တစ်လုံး တော့ပြန်ရတာ ပဲဆိုပြီး အလိုလိုက်ကြလေသည်။ ကလေးတွေက ထင်သလောက်တော့ မဆိုးကြပေ။
    တေးရေးဆရာကြီးအနေနဲ့လည်း တောခိုသွားတဲ့ သူတွေကို လူဆိုးတွေလို့ပြောတာ တောင်း ပန်ပါကြောင်း ပြောသင့်သည်။ ဒါမှလည်း အမေရိကားက မိဘတွေက စိတ်ဆိုးမာန်ဆိုးဖြစ်ပြီး တေးရေးဆရာကြီးကို ဝိုင်းဆဲကြတာ သက်သာသွားနိုင်သည်။ အခုတောင် တေးရေးဆရာကြီးကို တောထဲက ကလေးတွေက ကလေးပီပီ ဝိုင်းဆဲနေကြပြီဖြစ်သည်။ ကလေးတွေက မိမဆုံးမ ဖမဆုံးမဖြစ်ပြီး ဆဲကြ တာမဟုတ်ဘဲ ကလေးပီပီ ချစ်စဖွယ်ဆဲကြတာဖြစ်သည်။ ကလေးတွေက ထင်သလောက်လည်း ဆိုးကြတာမဟုတ်တာကြောင့်  အမေရိကားက မိအိုဖအိုတွေ အလှူခံစားနိုင်အောင် လိမ္မာကြသည့် ကလေးတွေကို အပြစ်တော်မမြင်ဘဲ အချစ်တော် ဝင်ကြဖို့လိုသည်။
( ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၃)၊ အမှတ်( ၇) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 370

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43966

© 2022 - 2025 News. All Rights Reserved.