ရန်ကုန်၊ ဇွန် ၂၅
မြန်မာပညာရှင်များ၏ အကူအညီဖြင့် တီထွင်ထားသော မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ဖြင့် စာရင်းများကို စနစ်တကျ ပြုစုဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားလိုက် သည်။
ဇွန် ၂၄ ရက်က တည်းခိုရေးစခန်း (ရွာတော်) ရှိ ဆင်ဖြူရှင်ခန်းမ၌ကျင်းပသည့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် မဲဆန္ဒရှင်စာရင်းများ စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်စဉ် UEC ဥက္ကဋ္ဌ ဦးကိုကိုက အထက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
ကျင်းပပြီးစီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲတွင် မဲစာရင်းများကို သမားရိုးကျနည်းလမ်းများဖြင့်သာ ရေးသွင်းပြုစုခဲ့ကြပြီး ၂၀၁၅ ခုနှစ် အထွေ ထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြုစုခြင်းကို ကွန်ပျူတာဆော့ဝဲလ်နှင့် စတင်အသုံးပြုရန် ကြိုးပမ်းဆောင်ရွက်ခဲ့ကြောင်း UEC ဥက္ကဋ္ဌကပြောသည်။
အလားတူ ပယ်ဖျက်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း ပြည်ပအကူအညီရယူ၍ မဲစာရင်းများကို ဆော့ဝဲလ်စနစ်ဖြင့် ရေးဆွဲရန် ကြိုးစားခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်း၊ လက်ရှိတွင် ကော်မရှင်အနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်ဆော့ဝဲလ်ကို ပြည်တွင်းရှိ မြန်မာပညာရှင်များ၏အကူအညီဖြင့် ခေတ်မီနည်းစနစ်များဖြင့် တီထွင်ပြီး မဲစာရင်းများကို စနစ်တကျပြု စုဆောင်ရွက်လျက်ရှိကြောင်း UEC ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားခဲ့သည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများစီမံ ခန့်ခွဲမှုစနစ်ဆိုင်ရာ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ၊ ပြည် ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေရှိ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများမှ ဝန်ထမ်းများတက် ရောက်ခဲ့ကြပြီး ဇွန် ၂၄ ရက်မှ ၂၈ ရက်အထိ ကျင်းပသွားမည်ဟု သိရသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပထမအကြိမ်ဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ကြသည့် ဝန်ထမ်းများအနေဖြင့် မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်နှင့် စပ်လျဉ်းပြီး အတွေ့အကြုံကောင်းများ၊ အထောက်အကူကောင်းများ ရရှိခဲ့ကြကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြ သည့် ဝန်ထမ်းများ၏ တွေ့ကြုံနေရသည့် အခက်အခဲများ၊ အကြံဉာဏ်များကိုရယူပြီး မဲဆန္ဒရှင်စာရင်း စီမံခန့်ခွဲမှုစနစ်၏ နည်းပညာပိုင်းဆိုင်ရာ လိုအပ်ချက်များလည်း ထပ်မံဖြည့်သွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။