မွန်ပြည်သစ်ပါတီက နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်လာရောက်တွေ့ဆုံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်နိုင်ရေး ဆွေးနွေး
နေပြည်တော် ၊ ဖေဖော်ဝါရီ ၁၄
မွန်ပြည်သစ်ပါတီ (NMSP)က နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် လာရောက်တွေ့ဆုံ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုတည် ဆောက်နိုင်ရေးကိစ္စများဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲ ပထမနေ့အဖြစ် ဖေဖော်ဝါရီ ၁၃ ရက်က နေပြည်တော်ရှိ အမျိုး သားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ကျင်းပခဲ့ရာ ယင်းအချက်ကို ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ် သည်။
အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်း လုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိ နှိုင်းရေးကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီးဝင်းဗိုလ်ရှိန်၊ ညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များဖြစ် ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်းနှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး နိုင်ဝင်းလှ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များဖြစ်ကြသည့် နိုင်ဗညားလယ်၊ နိုင်အောင်မငေးနှင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။
ထိုတွေ့ဆုံဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် မွန်ပြည်သစ်ပါတီ (NMSP) ဒုတိယဥက္ကဋ္ဌ နိုင်အောင်မင်းတို့က နှုတ်ခွန်းဆက်အမှာစကားများပြောကြားခဲ့ပြီးနောက် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည်ထောင်စုကိုတည်ဆောက်ရာတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်မှ အခြေခံကျသော ပုဒ်မများကို ပြင်ဆင်နိုင်ရေးကိစ္စရပ်များနှင့် နှစ်ဖက်ဆွေးနွေးလိုသည့် အဆိုပြုချက်များအား ဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသူများက မိမိတို့၏သဘောထားများ၊ လိုလားချက်များကို အပြန်အလှန်ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့်မွန်ပြည်သစ်ပါတီတို့ ဒုတိယနေ့ ဆွေးနွေးပွဲကို ဖေဖော် ဝါရီ ၁၄ ရက်တွင်လည်းကောင်း ၊တတိယဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၁၅ ရက်တွင်လည်းကောင်း ဆက် လက်ကျင်းပသွားမည်ဖြစ်ပြီး တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲတွင် ၃ ရက်တာ ဆွေးနွေးညှိနှိုင်းချက်များအရ နှစ်ဖက်သဘောထားတူညီပြီး အပြီးသတ်ရရှိလာသည့် သဘောတူညီချက်များကို အတည်ပြုလက်မှတ်ရေးထိုးကြမည် ဖြစ်ကြောင်း သိရသည်။
မွန်ပြည်သစ်ပါတီ (NMSP) အနေဖြင့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီ ၁၃ ရက်တွင် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) နှင့်အတူ NCA စာချုပ်၌ ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ယခုကဲ့သို့ NMSP အဖွဲ့က နိုင်ငံတော်၏ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသော ပြည် ထောင်စုတည်ဆောက်နိုင်ရေးကိစ္စများကို လာရောက်တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ထူးခြားလေး နက်သည့်နေ့ရက်၌ ရင်းနှီးပွင့်လင်းသည့် တွေ့ဆုံမှုတစ်ရပ်ဖြစ်ကြောင်း အမျိုးသားစည်းလုံးညီညွတ် ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီထံမှ သိရသည်။
စုစုပေါင်းကြည့်ရှုသူများ
43335