၂၀၂၄ ၊ ဇန်နဝါရီ ၂၃
ယခုနှစ်ပိုင်းအတွင်း အထွက်နှုန်း ကျဆင်းလျက်ရှိသည့် ရေနံနဲ့သဘာဝဓာတ်ငွေ့အား တိုးမြှင့်ထုတ်လုပ်နိုင်ရန် ဘူမိဗေဒနှင့် ဘူမိရူပဗေဒဆိုင်ရာ လုပ်ငန်းများတွင် Artificial Intelligence (AI) နည်းပညာအသုံးပြုနိုင်ရေး မြန်မာ-ရုရှား နှစ်နိုင်ငံကြား ဆွေးနွေးလျက်ရှိသည်။
ဇန်နဝါရီလ ၁၇ ရက်က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး Iskander Azizov တို့ မြန်မာ-ရုရှား နှစ်နိုင်ငံအကြား စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးမှုအတွင်း ထည့်သွင်းဆွေးနွေး ခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ယခင်ဆွေးနွေးမှုရှိထားခဲ့သည့် မြန်မာနိုင်ငံ၌ ရေနံချက်စက်ရုံ တည်ဆောက်ရေး ကိစ္စရပ်များကိုလည်း ယခုတွေ့ ဆုံဆွေးနွေးမှုအတွင်း ထပ်လောင်းဆွေးနွေးခဲ့ကြောင်းဆိုသည်။
မြန်မာ့ကမ်းလွန် သဘာဝဓာတ် ငွေ့ထုတ်လုပ်မှုကို သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် ရတနာစီမံကိန်းဖြင့် စတင်အကောင် အထည်ဖော်ခဲ့ပြီးနောက် ရဲတံခွန်၊ ဇောတိက၊ ရွှေစသည့် စီမံကိန်းများဖြင့် တိုးချဲ့ဆောင် ရွက်ခဲ့ပြီး ကုန်းတွင်းပိုင်းထုတ်လုပ်မှုတွင် ရေနံကို အများဆုံးထုတ်လုပ်ကာ ချောက်၊ ရေနံချောင်းနှင့် မန်းရေနံမြေတို့မှ အဓိက ထုတ်လုပ်လျက်ရှိသည်။
မဲခေါင်မြစ်နှင့် ထိစပ်လျက်ရှိသည့် အင်ဒိုချိုင်းနား ကျွန်းဆွယ်နိုင်ငံများတွင် မြန်မာနိုင်ငံသည် သဘာဝဓာတ်ငွေ့တင်ပို့မှု ဒုတိယအများဆုံးဖြစ်ပြီး ကမ်းလွန်သဘာ၀ ဓာတ်ငွေ့ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၈၀ အား တရုတ်နှင့် ထိုင်းနိုင်ငံများသို့ အဓိကတင်ပို့ လျက်ရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ လက်ရှိ ဘဏ္ဍာနှစ် ဧပြီလမှ ယခု ဇန်နဝါရီလ ပထမ ပတ်အထိ ပြည်ပသို့ သဘာဝဓာတ်ငွေ့ MMBTU (ကုဗပေ) ၂၆၂ သန်းကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံကျော် ရရှိထားကြောင်းဆိုသည်။