ရန်ကုန်၊ စက်တင်ဘာ ၁၇
ပြည်တွင်း၌ ဖြစ်ပေါ်ခဲ့သည့်ရေ ကြီးရေလျှံမှုများတွင် ပြည်ဖျက်မီဒီယာများမှ ပြည်သူများပိုမိုစိုးရိမ် ထိတ်လန့်စေရန် ရေးသားဖော်ပြနေကြောင်း ရေကြီးရေလျှံမှုများ ဖြစ်ပေါခဲ့မှုနှင့် ကူညီကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်နေ မှုတို့နှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြော ကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြောကြားရာတွင် ဆိုင်ကလုန်းမုန်တိုင်း ရာဂီ နှင့် ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပွားခဲ့သည့် မုန်တိုင်းငယ်အရှိန်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် ဖြစ်ပေါ်လာနိုင်သည့် ရေကြီးရေလျှံမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မြေပြိုနိုင်မှု အခြေအနေများကို မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာ နက စက်တင်ဘာလ ၉ ရက်မှ စပြီး အသိပေးခဲ့ရာ စက်တင်ဘာ ၉ ရက် ညပိုင်းက တပ်ကုန်း၊ နေပြည်တော်တစ်ဝိုက်တွင် မိုးရေချိန် ၁၁ လက်မခန့် ရွာသွန်းခဲ့ပြီး ချောင်းများ ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကျေးရွာများ၊ လူနေရပ်ကွက်များ ရေကြီးမှုတွေ၊ အိမ်ခြေ၊ လမ်းတံတားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည်။ ထို့အပြင် နေပြည်တော်အပါအဝင် ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ဧရာဝတီတိုင်း မြို့နယ် ၅၆ မြို့နယ်တွင် ရေကြီး၊ ရေလျှံမှုတွေဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဆက်လက်၍ စက်တင်ဘာ ၁၄ ရက် ညပိုင်းအထိ ရရှိစာရင်းများအရ ရေကြီး၊ ရေလျှံ၊ မြေပြိုမှုကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် ရွှေ့ပြောင်းခဲ့ရသည့် နေအိမ် ၇၂၉၀၀ ကျော်ရှိပြီး အိမ်ထောင်စုပေါင်း ၇၈၀၀၀ ကျော် လူဦးရေ ၃၂၀၀၀၀ ကျော်ကို ဘေးကင်းရာ ယာယီကယ်ဆယ်ရေးစခန်း တွေကို ရွှေ့ပြောင်းခဲ့ရကြောင်း သိရသည်။ရေဘေးကြောင့် နိုင်ငံတစ်ဝန်းလုံးတွင် သေဆုံးသူ ၁၁၃ ဦး၊ ပျောက်ဆုံးသူ ၆၄ ဦး၊ ဒဏ် ရာရရှိသူ ၁၄ ဦးရှိခဲ့ကြောင်း သိရသည်။
"ပြည်သူလူထုကို ကျွန်တော်အသိပေး ပြောကြားလိုတာကတော့ ပြည်ဖျက်မီဒီယာတွေ၊ အခြားသော မြန်မာနိုင်ငံအပေါ် ဖျက်လို့ဖျက်ဆီး လုပ်နေသူတွေဟာ ကျွန် တော်တို့ ပြည်သူတွေရဲ့ ပေါင်းစည်းအားကို လျစ်လျူရှုပြီး ကျွန်တော်တို့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို မှေးမှိန်အောင် ဆောင်ရွက်နေတာ နည်းမျိုးစုံနဲ့ တွေ့ရပါတယ်။ ကောလာဟလနဲ့ ပြည်သူကို ပိုမိုစိုး ရိမ်ထိတ်လန့်အောင် ဆောင်ရွက်နေကြပါတယ်။ ထင်ရှားတဲ့ ဥပမာတစ်ခုအနေနဲ့ ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာမှာ လူ ၇၀၀ ခန့် သေတယ်ဆိုပြီးတော့ ထုတ်လွှင့်နေတာလည်း တွေ့ရပါတယ်။ ဖြစ်စဉ် အမှန်ကတော့ အဲဒီကျေးရွာမှာ ကယ်ဆယ်ရေးအဖွဲ့များလည်းရောက်ရှိပြီးဖြစ်ပါတယ်။ လူရှစ်ဦးသာ သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူ အချို့ရှိပါတယ်"ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကူညီကယ်ဆယ်ရေး နောက်ဆက်တွဲလုပ် ငန်းတွေအဖြစ် ဆန်၊ ရိက္ခာဖိုးများအတွက် သတ်မှတ်ငွေနှုန်း ထားများနှင့်သေဆုံး၊ ဒဏ်ရာရသူများကို ငွေကြေးထောက်ပံ့ပေးမည်ဖြစ်ကာ အိမ်ဆုံးရှုံးသူများကို စာရင်းကောက်ယူပြီး အိမ်ပျက်စီးမှု ရာခိုင်နှုန်းအပေါ်မူတည်ပြီး သတ်မှတ်နှုန်းထားများအတိုင်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထူးမြတ်