နေပြည်တော်၊ ဇူလိုင် ၂၃
အစိုးရနှင့်ဆန့်ကျင်ဘက် အဖွဲ့အစည်းများက ရွေးကောက်ပွဲကို တားဆီးနှောင့်ယှက်မည်ဆိုလျှင်လည်း ယုံကြည်ရာကို ရဲရဲဝင့်ဝင့် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) အတွင်းရေးမှူး(၂) စောခွန်ကျော်ဝင်းကပြောသည်။
"ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ကျွန်တော်တို့က လုပ်စရာရှိတာ လုပ်ရမှာပေါ့။ တစ်ဖက်က မလုပ်နဲ့လုပ်ရင် ဘာဖြစ်မယ်၊ ညာဖြစ်မယ်ဆိုတာ သူတို့အလုပ်ပေါ့။ ကျွန်တော်တို့က ကိုယ့်ယုံကြည်ချက်နဲ့ကိုယ်၊ ကိုယ်ယုံကြည်ရာ တိုင်းပြည်အတွက်ကောင်းဖို့ကို လုပ်စရာ လုပ်ရမှာပေါ့။ သူတို့ဘာသာ တားချင်ရင်တားပေါ့။ အချိန်တန်ရင် ပြည်သူလူထုက ဆုံးဖြတ်ပြီး အဖြေထွက်လာမှာပါ။ ကိုယ်ယုံ ကြည်ရာကို ရဲရဲဝင့်ဝင့်လုပ်မှာပါ။ ကျွန်တော်တို့ ဒေသမှာတော့ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ပြဿနာမရှိဘူး။ လူထုနဲ့ ကျွန်တော်တို့က တစ်သားတည်းရှိပြီးသား ဖြစ်တယ်။ အစိုးရအနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ သွားရမှာပေါ့နော်။ အဲဒီလိုသွားရင်းနဲပဲ တစ်ဖက်က နိုင်ငံရေးဘောင်ကို ပြန်ပြီးချဲ့ထွင်ရမယ်။ ရွေးကောက်ပွဲအလွန်မှာတော့ တိုင်းရင်းသားပြဿနာတွေကို အကျေအလည် ညှိနှိုင်းရမှာပါ။ ညှိနှိုင်းဆွေးနွေးမှု မရှိရင်တော့ ဒီပြဿနာက မပြီးနိုင်ဘူး။ တိုင်းပြည်ကောင်းဖို့အတွက်တော့ အားလုံး ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရမှာပါ"ဟု ၎င်းကပြောသည်။
အကယ်၍ ရွေးကောက်ပွဲပြုလုပ် မည်ဆိုပါကလည်း ငြိမ်းချမ်းသည့် တိုင်းဒေသကြီးနေရာ ဒေသအများအပြားတွင် ပြုလုပ်၍ ရနိုင်ကြောင်း စောခွန်ကျော်ဝင်းက ပြောသည်။
"နိုင်ငံတော်ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း လုပ်မယ်လို့ပြောထားတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း သိရသလောက်တော့ လုပ်လို့ရတဲ့ နေရာမှန်သမျှ လုပ်ဖို့အတွက် သူတို့ဘက်က အဆင်သင့်ရှိ ပြီးသားပေါ့နော်။ ဘယ်လိုပုံစံသွားမယ်ဆိုတာ တရားဝင်သာ မပြောသေးတာပေါ့နော်။ ဖြစ်အောင်တော့ လုပ်မယ်ထင်တယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စိုးရိမ်မှုတွေတော့ ရှိတယ်။ အသက်အန္တရာယ်နဲ့ ပါတီအတွက် အာမခံချက်အစရှိသဖြင့် မေးစရာတွေ တော့ရှိတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲ လုပ်လို့ရတဲ့ နည်းလမ်းတွေ အများကြီးရှိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်းဆိုရင် တပ်မတော်က ၂၅ရာခိုင်နှုန်းက ရှိပြီးသားလေ။ ကျန်တဲ့ရာခိုင်နှုန်းနဲ့ ပေါင်းရင် လုပ်လို့ရပြီ။ လွှတ်တော်ခေါ်လို့ရပြီ။ လုပ်လို့ရတဲ့နည်းလမ်းတော့ အမျိုးမျိုးရှိတယ်။ ရန်ကုန်တိုင်းတစ်ခုတည်းတင် မြို့နယ်ပေါင်း အများကြီးရှိတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်းတို့မှာတင် ရွေးကောက်ပွဲ အထမြောက်အောင် လုပ်လို့ရတယ်။ ဆက်သွားဖို့ပဲရှိပါတယ်။ တစ်နိုင်ငံလုံး လွှမ်းခြုံပြီး လုပ်နိုင်ဖို့ အခက်အခဲတော့ ရှိကောင်းရှိမယ်။ သိုပေမယ့် လုပ်လို့ရတဲ့ နေရာတွေအများကြီးရှိပါ တယ်"ဟု ၎င်းကပြော သည်။
၂၀၂၅ခုနှစ်တွင် ရွေးကောက်ပွဲ ဖြစ်ပေါ်လာပါက မြန်မာ့နိုင်ငံရေး အခင်းအကျင်းသည်လည်း တစ်မျိုးတစ်မည် ပြောင်းလဲသွားနိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးလှဌေးက သုံးသပ်ပြော ဆိုသည်။
"အကယ်၍ ရွေးကောက်ပွဲ ဖြစ်သွားမယ်ဆိုရင်တော့ နိုင်ငံရေး အခင်းအကျင်းက ပြောင်းသွားလိမ့်မယ်။ ရွေးကောက်ပွဲ ဖြစ်သွားရင် လွှတ်တော်တွေ ပေါ်ပေါက်လာလိမ့်မယ်။ လွှတ်တော်ကတော့ ပြည်သူ လူထုကိုယ်စားပြု ပြည်သူလူထုဆန္ဒကို လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုရဲ့ အမြင့်ဆုံးနေရာ ပဲလေ။ လွှတ်တော်ကနေ ဆုံးဖြတ်ချက်ပေး နိုင်တယ်။ ပြင်ဆင်တာ ပြင်ဆင်လိုရတယ်။ လွှတ်တော်မှာ လုပ်နိုင်တဲ့အခြေအနေတစ်ခု ရပါလိမ့်မယ်။ လတ်ရှိက၂၀၀၈ ဖွဲစည်းပုံ အခြေခံဥပဒေနဲ့ပဲ သွားရမှာပဲ။ အဲဒီလို သွားနေရင်းနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ နိုင်ငံရေးအင်အားစုတွေ ပါ ဝင်သင့်၊ ပါဝင်ထိုက်တဲ့သူတွေနဲ့အတူတူ အမျိုးသား ညီလာခံကဲ့သိုသော ညီလာခံတစ်ရပ် ဖြစ်ပေါပြီး တော့ ဖက်ဒရယ်ပြည်ထောင်စု Construction တစ်ခုကို ရေးဆွဲလိုရတယ်။ လွှတ်တော်ရဲ့ တစ်ဖက်ကနေ လွှတ်တော်ရဲ့ ဦးဆောင်မှုနဲ့ ဖက်ဒရယ်ပြည်ထောင်စု Construction တစ်ခု ရေးဆွဲမယ်။ အဲဒီလွှတ်တော် ငါးနှစ်သက်တမ်း ပြည့်သွားတဲ့ကာလမှာ ဖက်ဒရယ်ပြည်ထောင်စု နိုင်ငံကို ထူထောင်နိုင်တဲ့ အခြေအနေတစ်ခုကို ရောက်အောင် ကြိုးစားလိုရလိမ့်မယ်လို ယူဆပါတယ်"ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်က နိုင် ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းရှိ ခရိုင်၊ မြိုနယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ မြို့မိမြို့ဖများအား မိတ္ထီလာမြို့ ကန်တော်မင်္ဂလာခန်းမ၌ တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားရာတွင် လာမည့်နှစ်အတွင်း လွတ်လပ်၍ တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း ထည့်သွင်းပြောကြားခဲ့သည်။