Breaking

အိန္ဒိယ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်၀ ကုန်သွယ်ရေးလမ်းကြောင်း ပြန်ဖွင့်ပြီဆိုသော်လည်း ဒေသတွင်း တည်ငြိမ်မှုမရှိလျှင် အကျိုးမရှိနိုင်

နေပြည်တော်၊ ဇွန် ၁၈
    အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှ ချင်းပြည်နယ် ပလက်ဝမြို့နယ်သို့ ကုန်စည်တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု ဆိုသော်လည်း ဒေသတွင်း တည်ငြိမ်မှု မရှိလျှင် အကျိုးမရှိနိုင်ကြောင်း စီးပွားရေးလေ့လာသုံး သပ်သူများက ပြောသည်။ 
    ပလက်ဝမြို့နယ်သည် လက်နက် ကိုင်များထိန်းချုပ်ရာ နေရာဒေသဖြစ်၍ ကုန်သွယ်မှု ပြုလုပ်ရန် အဆင်မပြေနိုင်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးသက်ဇော်ကပြောသည်။ 
    "အဲဒီနေရာတွေက ဒီလောက်ကြီးလည်း ကုန်သွယ်မှု တန်ဖိုးများများသွားနိုင်တာ မဟုတ်ပါဘူး။ အခုလောလောဆယ် ပလက်ဝဆိုတဲ့နေရာက EAO ခေါ်မလား။ သောင်းကျန်းသူ ခေါ်မလား။ ထိန်းချုပ်တဲ့နေရာတွေ ဖြစ်နေတော့ ဘယ်လိုလုပ် ကုန်သွယ်မှု သွားလုပ်မလဲ။ နဂိုကတည်းကလည်း အဲဒီနေရာတွေက ကုန်သွယ်မှု မြင့်မြင့်မား မားရှိတဲ့နေရာတွေ မဟုတ်ဘူး။ သိပ်ပြီးတော့ မက်လောက်စရာနေရာ မဟုတ်ပါဘူး။ ကုန်သွယ်မှု တည်ဆောက်ဖို့က ဒေသတည် ငြိမ်မှုမရမချင်း၊ လမ်းပန်းဆက်သွယ်ရေး မကောင်းရင်တော့ ကုန်သွယ်မှုက ကောင်းလာမှာမဟုတ်ဘူး။ လမ်းပန်းဆက်သွယ်ရေး မကောင်းဘဲနဲ့Trade Value ဖြစ်အောင် လုပ်ရတာ မလွယ်ဘူးလေ"ဟု ၎င်းကပြောသည်။
    မြန်မာ-အိန္ဒိယ ကုန်သွယ်လိုသည့် စိတ်ဆန္ဒရှိလျှင်ပင် အန္တရာယ်ကြားက ဖြတ်သန်းသွားလာရမည်ဖြစ်ကြောင်း စီးပွားရေး လေ့လာသုံးသပ်သူ ဦးရန်လင်းကျော်က ပြောသည်။ 
    "အဲဒီလမ်း ဖွင့်လိုက်တာက အိန္ဒိယက ဘာစိတ်ကူးနဲ့ ဖွင့်လိုက်တာလည်း မသိဘူး။ အဲဒီလမ်းကို ဖွင့်လိုက်တဲ့အတွက် မြန်မာပြည်က ဘာကုန်သွယ်မှုမှ လုပ်လို့မရဘူးလေ။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီလမ်းက လက်ရှိကိုင်ထားတာက CNF ကကိုင်ထားတယ်လေ။ ပလက်ဝကနေ ဒီဘက်ကို ရခိုင်ကို မဖြတ်ဘဲနဲ့ ဘယ်လိုလုပ်မလဲ ။ အဲဒီလိုမျိုး အနေအထားတွေ ရှိနေတဲ့အခါကျတော့ သူ့ဘာသာသူ အိန္ဒိယဘက်က လမ်းဖွင့်လည်း မြန်မာပြည်ကတော့ ဘာမှပို့လို့မရဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အတွက် ဘာမှအကျိုးမရှိဘူး။ သူတို့ ဘယ်လို အကျိုးရှိချင်လို့ဖွင့်လဲတော့ မသိဘူး။ ပလက်ဝကို ဘယ်လမ်းကြောင်းက တက်မလဲ။ ရခိုင်ကိုဖြတ်ဖို့က ဒီလောက် AA နဲ့ ဇာတ်လမ်းတွေ ဖြစ်နေတာ။ ချင်းပြည်နယ်က ဝင်ဖို့အတွက်လည်း ချင်းပြည်နယ်ဘက်မှာ CNF ရှိနေတော့ ကုန်သွယ်မှုလုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင်တောင် လုပ်ဖို့အတွက် ကိုယ့်အန္တရာယ်ကိုယ်လွယ်ပြီးသွားရမယ့်ဟာမျိုးတော့ ဘယ်သူမှ လုပ်ချင်မှာ မဟုတ်ဘူး။ အဲဒီတော့ အိန္ဒိယက ဒီဟာကို အဖွင့်ပြခြင်းသည် သူ့ဘက်က ဘာရှိမလဲ မခန့်မှန်းတတ်ဘူး။ လုံခြုံရေးရှုထောင့်က ကြည့်ကြည့်၊ ဘယ်လိုကြည့်ကြည့် ကျွန်တော်တို့အတွက်တော့ အကျိုးမရှိဘူး"ဟု ၎င်းကပြောသည်။ 
    နယ်စပ်ဒေသလုံခြုံရေးအကြောင်းပြချက်ဖြင့် ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေး လမ်းကြောင်းကို ၂၀၂၄ ခုနှစ် မေလ ၂၅ ရက်မှ စတင်၍ အိန္ဒိယနိုင်ငံက ပိတ်လိုက် ခြင်းဖြစ်ပြီး ဇွန်လ ၁၂ ရက်တွင် ပြန်လည်ဖွင့် လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်းသ တင်းဌာနများက ဖော်ပြထားသည်။ အဆိုပါ ကုန်သွယ်ရေးလမ်းကြောင်းကို အသုံးပြု၍ အိန္ဒိယနိုင်ငံမှ ကုန်စည်ကို ပလက်ဝမြို့နယ်မှ တစ်ဆင့် ရခိုင်ပြည်နယ် ကျောက်တော်မြို့ နယ်သို့ ပြန်လည်တင်သွင်းကြကြောင်း သိရသည်။ 
    လက်ရှိ ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ် ပေးလိုက်ခြင်းကြောင့် အိန္ဒိယကုန်စည်များသည် ပလက်ဝနှင့် ကျောက်တော်မြို့နယ်များ အတွက်သာ အဆင်ပြေနိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ တခြားသော မြို့နယ်များအတွက် အဆင်ပြေနိုင်မည် မဟုတ် ကြောင်း ရခိုင်ပြည်နယ် ဒေသခံတချို့ထံမှသိရသည်။ 
    ပလက်ဝ-မီဇိုရမ် ကုန်သွယ်ရေးလမ်းကြောင်း မပိတ်ခင်ကာလတွင် ရခိုင်ကုန်သည်များသည် အိန္ဒိယကုန်စည်များကို ပလက်ဝမြို့နယ်မှတစ်ဆင့် ရေလမ်းကြောင်း အသုံးပြု၍ တစ်ရက်လျှင် စက်လှေအစင်းရေ ၂၀ ခန့်ဖြင့် ကုန်စည်တင်သွင်းကြကြောင်း အဓိကအားဖြင့် နေ့စဉ်သုံး ကုန်စည်နှင့် စက်သုံးဆီများကို တင်သွင်းကြပြီး ရခိုင်ပြည်နယ်အတွင်း ပြန်လည် ရောင်းချကြကြောင်း သိရသည်။ 

Total Views ~ 208

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43874

© 2022 - 2025 News. All Rights Reserved.