၂၀၂၄ ၊ ဇန်နဝါရီ ၂၃
ရန်ကုန်အိမ်ခြံမြေဈေးကွက်အတွင်း တိုင်းရင်းသားများအများဆုံး လာရောက်ရင်းနှီးမြှုပ်နှံမှု ရှိနေကြောင်း အိမ်ခြံမြေအကျိုးတော်ဆောင်များ၏ ပြောပြချက်အရ သိရသည်။
အိမ်ခြံမြေအကျိုးတော်ဆောင် လုပ်ကိုင်နေသူတစ်ဦးက "ဒီမှာက တိုင်းရင်းသားတွေအများစု လာပြီးဝယ်ကြတာများတယ်။ ခရစ္စမတ်နဲ့ နှစ်သစ်ကူးကာလရယ်၊ လမ်းပိုင်း အခက်အခဲတွေကြောင့် သူတို့လည်း မလာနိုင်ဘူး။ ဒါကြောင့်ဈေးကွက်က အရောင်းအဝယ် အေးနေတာ။ ရှမ်းပြည် ဘက်က ပိုများတယ်"ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် ဒီဇင်ဘာနှင့် နှစ်သစ်ကူးကာလတွင် အိမ်ခြံမြေဈေးကွက်အတွင်း အရောင်းအဝယ် အေးနေပြီး အငှားဈေးကွက် ပိုဖြစ်နေကြောင်း၊ ရန်ကုန်မြို့တွင်းရှိ မြို့နယ်အများစု၌ အိမ်ခြံမြေ အရောင်းအဝယ် အေးနေသော်လည်း ဒဂုံ(မြောက်ပိုင်း)နှင့် ဒဂုံ(အရှေ့ပိုင်း) မြို့နယ်တို့၌ အရောင်းအဝယ်ဖြစ်နေ ပြီး ယင်းမြို့နယ်တို့ရှိ အိမ်ခြံမြေဈေးကွက်သည် ငွေကျပ်သိန်းနှစ်ထောင်ကျော်မှ သိန်းတစ်သောင်း ကျော် တန်ဖိုးရှိ အိမ်နှင့်ခြံများ အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
"ပြောရရင် ဒဂုံ(မြောက်ပိုင်း)နဲ့ ဒဂုံ(အရှေ့ပိုင်း) မြို့နယ်ဘက်က ဒီနောက်ပိုင်းစည်လာတယ်။ ဝယ်သူတွေကလည်း အဲဒီဘက်ကို ဆင်းကြတာများတယ်။ ဟိုးအရင်တုန်းက ဈေးအဲဒီလောက်မရှိဘူး။ ဒီနောက် ပိုင်းဈေးက ကောင်းလာတာ"ဟု ၎င်းက ဆက်လက်ရှင်းပြထားသည်။
ပြီးခဲ့သည့်နှစ်အတွင်း ရင်းနှီးမြှုပ်နှံသူများ၊ ဈေးကစားလိုသူများ၏ အာရုံစိုက် ခြင်းခံခဲ့ရသည့် ရန်ကုန် အိမ်ခြံမြေဈေးကွက် သည် ၂၀၂၄ ခုနှစ် နှစ်သစ်တွင်မှု အေးစက်လျက်ရှိသည်။ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ် နှစ်နှစ်တာ ကာလအတွင်း ဘဏ်စနစ်အကျပ် အတည်းကြောင့် အိမ်ခြံမြေ ဈေးကွက်တွင်းသို့ ငွေပိုငွေလျှံရှိသူများ၊ ရင်းနှီးမြှုပ်နှံသူများ စုပြုံဝင်ရာက်ခဲ့ရာမှ အိမ်ခြံမြေဈေး အဆမတန် ခုန်တက်ခဲ့ ပြီး ယခုနှစ် နှစ်ဆန်းပိုင်းတွင်မှု အရောင်းအဝယ်အေးစက်နေခဲ့ခြင်းဖြစ်သည်။
ရန်ကုန်မြို့ရှိ အိမ်ခြံမြေအကျိုး ဆောင်တစ်ဦးက "ပြီးခဲ့တဲ့နှစ်ကတော့ အိမ်ခြံမြေဈေးတွေက အဆမတန် ခုန်တက်သွားတယ်။ အခုတော့ အရောင်းအဝယ်က ပြန် ငြိမ်သွားတယ်။ အရောင်းတွေပဲ များနေတယ်။ ဈေးခေါ်ထားတဲ့ အိမ်တွေတော့ရှိ တယ်။ ဒါပေမဲ့ ခေါ်ဈေးကအရမ်းများတော့ အဝယ်က မရှိဘူးဖြစ်နေတယ်။ အခုကတော့ အရောင်းအဝယ်က ကြိုက်ရောင်းကြိုက်ဝယ် အနေအထားပေါ့"ဟု ပြောကြားခဲ့သည်။
ရန်ကုန်အိမ်ခြံမြေဈေးကွက်သည် တိုင်းနှင့်ပြည်နယ်ရှိ နယ်ဒေသအသီးသီးမှ လုပ်ငန်းရှင်များ အိမ်ခြံမြေဈေးကွက်အတွင်းသို့ ဝင်ရောက် ဈေးကစားလာခြင်းနှင့် အိမ်ခြံမြေ အခွန်တင်းကျပ်လာခြင်းတို့ ဖြစ်ပေါ်ပြီးနောက်ပိုင်း အရောင်းအဝယ်အေးစက် သွားခဲ့ခြင်းဖြစ်ကြောင်း၊ အိမ်၊ ခြံနှင့်မြေကွက် များမှာမူ အမြင့်ဈေးတွင် ရှိနေသေးသော်လည်း အရောင်းအဝယ် ရပ်တန့်နေခြင်း ဖြစ်သည်။ ရန်ကုန်အိမ်ခြံမြေ ဈေးကွက်တွင် ရှမ်းပြည်နယ်မှ ရင်းနှီးမြှုပ်နှံလိုသူများသည် အများဆုံး ရင်းနှီးမြှုပ်နှံ မှုများပြုလုပ်လာကြကြောင်း၊ ဝယ်ယူသူအများစုသည် အဓိကအားဖြင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ပြီး စီးပွားရေးလုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် လွယ်ကူသည့်နေရာများ၌ အများဆုံး ဝယ်ယူလေ့ရှိကြောင်း သိရသည်။