ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ နယ်ရှိ မြန်မာ့သစ်လုပ်ငန်းဆင်ဝိုင်းမှ ဆင်မ ဇာနန်းလှ၊အသက် ၃၃နှစ်က ဆင်ဖြူတော် (အထီး)ကလေး (၁)စီးအား ၂၃.၇.၂၀၂၂ ရက်နေ့နံနက် မင်္ဂလာအချိန် နံနက် ၆နာရီခွဲက မွေးဖွားခဲ့ပြီး အဆိုပါ ဆင်ဖြူတော်လေးမှာ မွေးဖွားစတွင် အရပ်အမြင့်၂ပေ၅လက်မ၊ ကိုယ်လုံး လုံးပတ် ၃ပေ၁လက်မ၊ ကိုယ်အလေးချိန် ပေါင် ၁၈၀ခန့် ရှိကြောင်း သိရသည်။
ဆင်ဖြူတော်ကလေး၏ ဘွဲ့နာမံတော်မှာ “ရဋ္ဌနန္ဒက” ဖြစ်ပြီး အဆိုပါ ဆင်ဖြူတော်လေးသည် ရတနာဆင်ဖြူတော်များ၏ ကြန်အင်လက္ခဏာ ၈ချက် အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍာန်ဖြစ်ခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာဩဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင်ရှေ့ခြေသည်း၅ခုစီနှင့် နောက်ခြေသည်း၄ခုစီပါရှိခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြန်အင်
လက္ခဏာ ၇ ချက်ကိုက်ညီသော ဆင်ဖြူ တော်လေး ဖြစ်ပသည်။အထက်ပါ ဆင်ဖြူတော်လေး “ရဋ္ဌနန္ဒက” မှာ ယခုအသက် ၅ လခွဲသား အရွယ်တွင် အရပ်အမြင့် ၃ ပေ ၁ လက်မ ၊ ကိုယ်လုံးလုံးပတ် ၄ ပေ ၉ လက်မ ၊ ကိုယ်အလေးချိန် ၃၄၅ ပေါင် ရှိလာပြီးရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်၊ နေပြည်တော်ရှိ ရတနာဆင်ဖြူတော် ဆောင်တွင်မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကြောင်းနှင့် ဆင်ဖြူတော်လေး“ရဋ္ဌနန္ဒက”မှာ ငယ်စဥ့်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်လေးဖြစ်ပြီးပိုမိုယဉ်ပါးလာ စေရန်ဆင်နှင့်လူသားတို့အကြား ကောင်းမွန်စွာ ဆက်ဆံတတ်စေရန်လေ့ ကျင့်သင်ကြားခြင်းစနစ် “Peace Human and Elephant Interaction Training” ဖြင့်လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။