ကမ္ဘာ့ Geopolitical အရွေ့၊ ခေတ်ပြိုင်နိုင်ငံရေးနှင့် တရုတ်-မြန်မာ ဆက်ဆံရေး အမြင့်ဆုံးရေချိန်

၂၀၂၅ ၊ စက်တင်ဘာ ၂၆

    တရုတ်နိုင်ငံ တီယန်ကျင်းမြို့မှာ ကျင်းပခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) အစည်းအဝေးကနေ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းပြောင်းလဲမှုကို ခြေဦးတည်ဖို့ ကနဦးခြေလှမ်းအစ ဖြစ်နေပြီလို့ ဆိုရတော့မယ် ထင်ပါတယ်။ သာမန်အားဖြင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းလို့ ဆိုနိုင်ပေ မယ့် အမေရိကန်ရဲ့ သြဇာကြီးမားမှုကို နိုင်ငံရေးနည်းလမ်းနဲ့ ထိန်းညှိဖို့ ကြိုးစားလာတယ် ဆိုတာကတော့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေ ပေါင်းစည်းမှုကို ကြည့်လိုက်တာနဲ့ အထင်အရှား တွေ့မြင်နိုင်ပါတယ်။
    နိုင်ငံရေးနဲ့ပတ်သက်ရင် ပထဝီနိုင်ငံရေး မှန်ဘီလူးလို့ တင်စားကြတဲ့ သီအိုရီ အခင်းအကျင်းတွေကလည်း ဒီဖြစ်စဉ်တွေ မတိုင်မီ ရှေ့မှာရှိထားလို့ နေပြန်တယ်။ ၁၉၀၄ ခုနှစ်မှာ ဗြိတိသျှ ပထဝီပညာရှင် ဆာဟက်ဖို့ မက်ကင်းဒါးက နှလုံးသားနယ်မြေ (Heartland Theory)ကို ဖော်ထုတ်ခဲ့ တယ်။ သူ့သီအိုရီ အယူအဆအရ ဥရောပ-အာရှကုန်းမြေကို ထိန်းချုပ်နိုင်တဲ့သူက ကမ္ဘာကြီးကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဆိုခဲ့တယ်။ ဒါပေမဲ့ ၁၉၄၀ ပြည့်နှစ်မှာ အမေရိကန်ပညာရှင် စပိုက်မန်းက အနားသတ်နယ်မြေ (Ringland Theory) ကို ထပ်ပြီး ဖော်ထုတ်ခဲ့တယ်။ စပိုက်မန်း Spykman အယူအဆအရဆိုရင် ကမ္ဘာ့ကုန်းမြေတွေကို ပင်လယ်ကမ်းရိုးတန်း နယ်မြေတွေက ထိန်းချုပ်နိုင်တယ်။ တစ်နည်းအားဖြင့် မြေထဲပင်လယ်၊ အာရှ-ပစိဖိတ်ဒေတွေကို ထိန်းချုပ်နိုင်ရင် ကမ္ဘာ့ကုန်းမြေကိုလည်း အလိုလို ထိန်းချုပ်ပြီးသား ဖြစ်သွားလိမ့်မယ် ဆိုပြီး စောဒကတက်ခဲ့ဖူးတယ်။ Ringland Theory အရဆိုရင်တော့ ဥရောပရဲ့ အနောက်ပိုင်းနဲ့ တောင်ပိုင်း၊ အာရှနဲ့ အနောက်တောင်ဘက်၊ တောင်အာရှနဲ့ အရှေ့ တောင်အာရှဒေသတွေက ဒီသီအိုရီမှာ အဓိက ကျနေတာ မြင်ရလိမ့်မယ်။ ဒီသီအိုရီတွေက ၁၉ ရာစုမှာ ပေါ်ပေါက်ခဲ့တာဆိုပေမယ့် လက်ရှိခေတ် ကာလ အခြေအနေမှာလည်း ဒီသီအိုရီတွေကို ဆန့်ကျင်နေတာ မတွေ့ရဘူး။    
    ဒီကနေ့ခေတ်မှာ တရုတ်နိုင်ငံ ကြိုးပမ်းနေတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းက Heartland Theory  ကို အခြေပြုပြီး ကုန်းမြေအင်အားကြီးအောင် တည်ဆောက်နေတာဖြစ်သလို တရုတ်နိုင်ငံရဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမစီမံကိန်းကို ထိန်းချုပ်ဖို့အတွက် အင်ဒို-ပစိဖိတ်ဒေသမှာ တောင်ကိုရီးယား၊ ဂျပန်နဲ့ သြစတေးလျတို့ပါတဲ့ အဖွဲ့အစည်းကို ဖွဲ့စည်းတည်ထောင်ထားတဲ့ ဗျူဟာကလည်း Ringland Theory ကို ဆက်လက် အသုံးပြုနေ ဆဲ ဖြစ်တယ်ဆိုတာ ထင်ရှားတယ်။ ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် ဒီသီအိုရီနှစ်ခုလုံးက ၂၀ ရာစုနဲ့ ၂၁ ရာစု ကမ္ဘာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်မှာ ကမ္ဘာ့နိုင်ငံရေး မြင်ကွင်းတွေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်စေသလို ဒီကနေ့ခေတ် ကမ္ဘာလုံးဆိုင်ရာ စွမ်းအားမျှခြေ ပြောင်းလဲမှုတွေကိုလည်း အသေးစိတ် ခွဲခြမ်းစိတ်ဖြာဖို့ အသုံးဝင်နေဆဲဖြစ်နေတာ တွေ့မြင်ရလိမ့်မယ်။
    စစ်အေးခေတ်အလွန် ကမ္ဘာကြီးက ဧကဝင် ရိုး။ ဒွိဝင်ရိုးကမ္ဘာကနေ လက်ရှိပြောင်းလဲ လာတဲ့အ ခြေအနေမှာ ဗဟုဝင်ရိုး။ ဝင်ရိုးစုံ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းကို ပြောင်းလဲနေတာ မြင်နေရတယ်။ ကမ္ဘာကြီးက တစ်ဦး၊ တစ်ယောက်၊ တစ်နိုင်ငံတည်းက ထိန်းချုပ်တဲ့ နိုင်ငံရေးစနစ်ကနေ တဖြည်းဖြည်း ဆုတ်ခွာပြီး ပိုပြီး ဟန်ချက်ညီတဲ့ Multipolar World ကို ကူးပြောင်းဖို့တာ စူနေတာ တွေ့နေရတယ်။ အင်အားကြီးနိုင်ငံတွေရဲ့ ပြိုင်ဆိုင်မှုကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေ အားနည်းလာတယ်ဆိုပေမယ့် ဒေသတွင်းနိုင်ငံတွေနဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက တော့ ပိုမိုအားကောင်းလာတာ မြင်တွေ့လာရတယ်။ 
    ဒီကနေ့ခေတ်နိုင်ငံရေး အခြေအနေမှာ နိုင်ငံတိုင်းမှာ ဒီမိုကရေစီရေးအပြင် ရှေ့တန်းတင် ဖြေရှင်း ရမယ့်ကဏ္ဍတွေ အသီးသီးရှိလာကြတယ်။ ဒီမိုကရေစီ အခန်းကဏ္ဍအနေနဲ့ တဖြည်းဖြည်း လျော့ကျလာသလို ဘာသာရေးနိုင်ငံ ပုံဖော်လာတဲ့ အခင်းအကျင်းတွေ (ဆော်ဒီနဲ့ ပါကစ္စတန်အကြား စစ်ရေးမဟာမိတ်စာချုပ် ချုပ်ဆိုတာမျိုး)၊ နည်းပညာနိုင်ငံရေးတွေ တွင်ကျယ်လာမှုနဲ့ နောက်ဆုံး Climate နိုင်ငံရေးတွေ ကအစ အသက်ဝင်လာတာကို တွေ့မြင်ရမှာ ဖြစ်တယ်။ အထူးသဖြင့် ဒီမိုကရေစီ ကျင့်သုံးတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာတင် ရွှေ့ပြောင်းနေထိုင်မှုကို အခြေခံတဲ့ ဆန္ဒပြမှုတွေ အကြီးအကျယ်ဖြစ်နေတာကိုကြည့်ရင် လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာထောက်ထားမှုဆိုတဲ့ ဒီမိုကရေစီစံနှုန်းတွေလည်း ဒီနိုင်ငံတွေမှာ ယုတ်လျော့ကျဆင်းနေပြီလို့သာ ဆိုရတော့မှာပါ။ 
    တကယ်တော့ ကမ္ဘာကြီးမှာ နိုင်ငံရေးစနစ်တစ်ခုတည်း ပြောင်းလဲနေတာ မဟုတ်ဘဲ နည်းပညာ နိုင်ငံရေးပါ ပြောင်းလဲနေတယ်ဆိုတာကိုလည်း သတိပြုအလေးထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။ တရုတ်နိုင်ငံ ပေကျင်းမှာ ပြသခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စစ်ရေးပြအခမ်းအနားမှာ စစ်ရေးနည်းပညာမြင့် လက်နက်တွေကို ထုတ်ဖော်ပြသခဲ့တာကို ကြည့်လိုက်ရင် နောင်ဖြစ်လာနိုင်ဖွယ်ရှိတဲ့ စစ်ပွဲတွေမှာ နည်း ပညာအားနည်းတဲ့ နိုင်ငံတွေအနေနဲ့ ကျန်ရစ်ဖြစ်နိုင်တဲ့ အခင်းအကျင်းမျိုးကိုလည်း မြင်နေရပါတယ်။  
    ကိုယ်တွေနိုင်ငံအတွက် ကောင်းတာတစ်ခုကတော့ တရုတ်နိုင်ငံမှာ ကျင်းပခဲ့တဲ့ SCO အစည်း အဝေးကနေ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းနဲ့ စိန်ခေါ်မှုတွေလည်း ချိတ်ဆက်လာနိုင်တယ်လို့ ယူဆရ တယ်။ နိုင် ငံရေးနဲ့ ပတ်သက်ရင် အင်အားကြီးနိုင်ငံနှစ်ခု (အိန္ဒိယ၊ တရုတ်) ကြားမှာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာကျကျ တည်ရှိတဲ့ မြန်မာနိုင်ငံအတွက် ဘက်မလိုက်မူဝါဒအရ နိုင်ငံရေးဟန်ချက်ညီမှုကို အကျိုးရှိရှိ အသုံးချခွင့် ရှိနေတယ်။ ပထဝီနိုင်ငံရေးမှာဆိုရင်လည်း အိန္ဒိယအနေနဲ့ သူ့ရဲ့အရှေ့ဘက်မှာရှိပြီး ညီအစ်မ ခုနစ်ဖော်လို့ တင်စားတဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်မြန်မာကို ကြားခံထားပြီး အရှေ့တောင်အာရှနဲ့ ချိတ်ဆက်လိုတဲ့ အခင်းအကျင်းမျိုး မြင်နေရတယ်။ အဓိကçကတော့ ကုလားတန် မြစ်ကို အသုံးချပြီး ရေလမ်း၊ ကုန်းလမ်းနဲ့ ချိတ်ဆက်နိုင်ရင် အရှေ့ဘက်ပြည်နယ်တွေဟာ ပြည်မ ဖွံ့ဖြိုးမှုနဲ့ မဝေးဘူးဆိုတဲ့ ပုံစံမျိုးအကောင်အထည်ဖော်ချင်နေတာ တွေ့ရတယ်။ ပိုကောင်းတာက စွမ်းအင်ပို့ ဆောင်ရေးကဏ္ဍအတွက် မလက္ကာရေလက်ကြားကို ရှောင်ချင်တဲ့ တရုတ်ကလည်း ကျောက်ဖြူရေနက်ဆိပ် ကမ်းကို  စဉ်းစားလာတာက တရုတ်နဲ့ မြန်မာ နှစ်နိုင်ငံလုံးအတွက် အကျိုးရှိစေခဲ့တယ်။ တကယ်လို့သာ ယာယီသမ္မတကြီး ပူပူနွေးနွေးသွားထားတဲ့ ထားဝယ်ရေနက်ဆိပ်ကိမ်းစီမံကိန်းသာ အောင်မြင်လာခဲ့ရင် အရှေ့တောင်အာရှရဲ့ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးမှာ အင်အား ကြီးနိုင်ငံတွေနဲ့အတူ လုံခြုံရေးကဏ္ဍ ပေါင်းစည်းရေးနဲ့ နိုင်ငံရေးအရ အားပေးထောက်ခံ ကူညီမှုကဏ္ဍတွေပါ မြန်မာနိုင်ငံအတွက် အကျိုးဖြစ်ထွန်း စေနိုင်တယ်လို့ ယေဘုယျ သုံးသပ်ရနိုင်တယ်။ 
    ဒါပေမဲ့ မြန်မာနိုင်ငံအတွက် ဒီလို နိုင်ငံရေးနဲ့ စီးပွားရေးအရ အခွင့်အလမ်းတွေ ရှိတယ်ဆိုပေမယ့် စိန်ခေါ်မှုတွေလည်း ရှိနေပြန်တယ်။ အဓိကçကတော့ ကုန်သွယ်ရေး အခွန်ကိစ္စနဲ့ပတ်သက်ပြီး မကျေမလည်ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံကို ထိန်းချုပ်ဖို့နဲ့ တရုတ်ပင်လယ်ထွက်ပေါက်ကို တားဆီးဖို့အတွက် အမေရိကန်အနေနဲ့ ဘင်္ဂလား၊ စစ်တကောင်းနယ်မှာ နှစ်နိုင်ငံပူးတွဲစစ်ရေး လေ့ကျင့်တာမျိုးတွေ လုပ်နေတာမျိုး တွေ့နိုင်တယ်။ အင်အားကြီးနိုင်ငံတွေကို ထိန်းချုပ်ဖို့ အနီးကပ်ဆုံးရှိတဲ့ နိုင်ငံတွေမှာ နိုင်ငံရေးစနစ် ပြောင်းလဲအောင် လုပ်ဆောင်တာမျိုးနဲ့ စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ လုပ်တတ်တာမျိုးက အမေရိကန်ရဲ့ စံပြုစနစ်လို့တောင်ဆို လို့ရနိုင်လိမ့်မယ်။ ဒါပေမဲ့ မြန်မာကလည်း ဒီအခြေအနေကို အကောင်းဆုံး တုံ့ပြန်နေတာ တွေ့ရတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ) အဖွဲ့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာ အိန္ဒိယနိုင်ငံ နဲ့အပြန်အလှန် ချစ်ကြည်ရေးခရီးစဉ်တွေ စေလွှတ်နေတာမျိုး တွေ့ရသလို စက်တင်ဘာ ၁၉ ရက်တုန်းက ကျင်းပခဲ့တဲ့ အိန္ဒိယနည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ်ရဲ့ (၆၂)နှစ်မြောက် အထိမ်းအမှတ်မှာလည်း အိန္ဒိယနိုင်ငံနဲ့ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြှင့်သွားမယ်ဆိုတဲ့အကြောင်း ဝန်ကြီးချုပ်ပြောကြားသွားတာလေး သတိပြုမိတယ်။ နောက်တစ်ခါ ယူကေခရီးစဉ်အတွင်း နှစ်နိုင်ငံ ကျင်းပခဲ့တဲ့ သတင်းစာရှင်း လင်းပွဲမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အနေနဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ အခြေစိုက်စခန်းတွေ ပြန်ထားဖို့ စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေလည်း တွေ့မြင်ရတယ်။ တကယ်တော့ အာဖဂန်နစ္စတန်ဆိုတာကလည်း ပထဝီအနေအထားအရ တရုတ်၊ ရုရှားတို့နဲ့ နီးစပ်တာဖြစ်လို့ အမေရိကန်အနေနဲ့ ဗဟိုအာရှနိုင်ငံရေးမှာ စစ်ရေးနဲ့ ထိန်းချုပ်ချင်တဲ့ လုပ်ဆောင်ချက်လို့တောင် ဆိုလို့ရ ပါလိမ့်မယ်။ အမေရိကန် ပြန်လိုချင်တဲ့ ဘာဂရမ်လေတပ်စခန်းက ရှင်ကျန်းပြည် နယ် ဟာမီမြို့က တရုတ်နျူကလီးယား မစ်ဇိုင်းတွေနဲ့ မိုင် ၅၀၀ လောက်သာ ဝေးတာဖြစ်လို့ တရုတ်ကို ထိန်းချုပ် ဖို့အတွက် တာလီဘန်အစိုးရနဲ့ ညှိနှိုင်းမှုတွေမဖြစ်မနေ ဆက်လုပ်လာနိုင်တယ်လို့ပဲ သုံးသပ်မိတယ်။
    ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံကနေ အစပြုခဲ့လိုက်တဲ့ မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းနဲ့ အခွင့်အလမ်းတွေကို အမိအရ ဖမ်းဆုပ်နိုင်ဖို့ပဲ လိုပါတော့တယ်။ တရုတ်နိုင်ငံ  ပေကျင်းမြို့မှာ ကျင်းပခဲ့တဲ့ (၈)ကြိမ်မြောက် တရုတ်-မြန်မာ ဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးတွေမှာလည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေမှာ နှစ်နိုင်ငံကြား နက်ရှိုင်းစွာ ပူးပေါင်းဆောင် ရွက်ခွင့်ရမယ့် အခွင့်အရေးကိုလည်း ရခဲ့ သလို တရုတ်နိုင်ငံမှာ ကျင်းပတဲ့ (၁၂) ကြိမ်မြောက် ပေကျင်း-ရှန်စန့် ဖိုရမ်ကို ကာကွယ်ရေးဝန်ကြီး တက်ရောက်ပြီး နယ်စပ်တည်ငြိမ်မှုကို ကာကွယ်ရန်နဲ့ နှစ်နိုင်ငံစစ်ဘက်ဆိုင်ရာ ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာလည်း တွေ့မြင်ခဲ့ ရပါသေးတယ်။ ဆိုလိုတာကတော့ ပြည်ထဲရေးနဲ့ ကာကွယ်ရေးဆိုတဲ့ နိုင်ငံအတွက် အရေးပါတဲ့ ဝန်ကြီး ဌာနနှစ်ခုလုံးဟာ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံနဲ့ပူးပေါင်းပြီး အခွင့်အလမ်းတွေ ဆုပ်ကိုင်နိုင်ခဲ့ရင် တိုင်းပြည်အတွက် အတော်လေး အကျိုးများမယ့်ကိစ္စတွေ ဖြစ်ပါတယ်။ ဒါ့အပြင် တခြားသော ပြည်ထောင်စုအဆင့်ရှိ ဝန်ကြီးတွေကိုလည်း သက်ဆိုင်ရာ နယ်ပယ်ကဏ္ဍအလိုက် ဖိတ်ခေါ်ပြီး ထိတွေ့မှုယူလာတာ ကတော့ တရုတ်-မြန်မာရဲ့ နှစ်နိုင်ငံ ဆက်ဆံရေးဟာ နှစ် (၈၀)ပြည့် အခမ်းအနားအပြီး အမြင့်ဆုံးရေ ချိန်ကို ရောက်နေပြီလို့တောင် ဆိုကြရမှာပါ။ 
    အချုပ်ဆိုရရင်တော့ ကမ္ဘာ့နိုင်ငံရေးစနစ် (Multipolarization) အကူးအပြောင်းကာလမှာ ပထဝီနိုင်ငံရေးအရ အရေးပါတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတွေ က ပိုပြီး ဂရုစိုက်လာတာ မြင်တွေ့လာရပါပြီ။ ဒီလိုအင်အားကြီးနိုင်ငံတွေရဲ့ အရေးစိုက်မှု အခြေအနေက အရှေ့တောင်အာရှမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ အရှေ့တီမောလို နိုင်ငံတွေတောင် ဒီအနေအထားကို ကောင်းကောင်းကြီး သဘောပေါက်နားလည်နေတာ တွေ့ရမှာပါ။ ဒါကြောင့်လည်း မြန်မာ အစိုးရက အကြမ်းဖက်အဖွဲ့အစည်းအဖြစ်နဲ့ ကြေညာထားတဲ့ NUG ကို လက်တွဲဖြုတ်ပြီး နှစ်နိုင်ငံအနေနဲ့ အပြန်အလှန် သံရုံးတွေကိုယ်စီဖွင့်ဖို့ ပြောဆိုလာကြတာကို တွေ့မြင်ကြရတာ ဖြစ်ပါတယ်။ ဒီအချက်က အာဆီယံမှာ တင်းပြည့်အဖွဲ့ဝင်ဖြစ်ဖို့ ကြိုးစားနေတဲ့ အရှေ့တီမောအတွက် မြန်မာနိုင်ငံရဲ့ ထောက်ခံချက် ရဖို့လိုအပ်သလို အကြမ်းဖက် အဖွဲ့အစည်းတွေကို အရှေ့တီမောနိုင်ငံမှာ အခြေစိုက် လှုပ်ရှားခွင့် မပြုဖို့ဆိုတဲ့ ကတိကဝတ်ကိုပါ ထပ်ဆောင်းပေးလိုက်ရတာ ဖြစ်ပါတယ်။ ဒါကလက်ရှိ အစိုးရခေါင်းဆောင်နဲ့ အစိုးရအဖွဲ့ရဲ့ တရားဝင်မှု (Legitimacy) ကို ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းမှာ ကော် ဇောနီ ခင်းပြီး ကြိုခဲ့ပေးတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အပြီးမှာ ထင်ထင်ရှားရှား တွေ့မြင်လာရတဲ့ သံခင်းတမန်ခင်း ကိစ္စတွေပဲ ဖြစ်ပါတယ်။ သေချာတာကတော့ ကမ္ဘာ့နိုင်ငံရေးစနစ် အကူးအပြောင်းကာလကနေ ပေါ်ထွက်လာတဲ့ နိုင်ငံရေးနဲ့ စီးပွားရေးဆိုင်ရာ အခွင့်အလမ်းတွေကို အမိအရဖမ်းဆုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အင်အားကြီး နိုင်ငံတွေကြားမှာ ကောင်းမွန်တဲ့ ဆက်ဆံရေးကို တည်ဆောက်ပြီး နိုင်ငံရေးအရ ဟန်ချက်ညီမျှမှုဗျူဟာကို ကျင့်သုံးဆောင်ရွက်ရမှာဖြစ်သလို ဒေသတွင်း စီးပွားရေး ချိတ်ဆက်မှုကို အားကောင်း စေနိုင်မယ့် အာဆီယံ၊ BIMSTEC နဲ့ မဲခေါင်-လန်ချန်း အဖွဲ့အစည်းတွေမှာလည်း အခွင့်အလမ်းတွေရအောင် ကြိုးစားရမှာ ဖြစ်ပါတယ်။ ပထဝီနိုင်ငံရေးအရ အရေးပါမှုကို အသုံးချပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ် တစ်ခု တည်ဆောက်ဖို့ အခွင့်အခါကောင်းတစ်ရပ်ကို ရရှိပြီလို့ ဆိုရမှာဖြစ်သလို ကမ္ဘာ့ Geopolitical အရွေ့၊ ခေတ်ပြိုင် နိုင်ငံရေးနဲ့  တရုတ်-မြန်မာ ဆက်ဆံရေး အမြင့်ဆုံး ရေချိန်ရောက် နေချိန်မှာ နိုင်ငံတော်အတွက် နိုင်ငံရေး၊ စီးပွားရေးနဲ့ ကဏ္ဍစုံအတွက် ဘယ်လိုအခွင့်အလမ်းတွေ ရောက်ရှိလာနိုင်မလဲဆိုတာ စောင့် ကြည့်ရုံမှတစ်ပါး အခြားမရှိတော့ဘူးလို့သာ ဆိုချင်မိပါတော့တယ်။ 
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

 

Total Views ~ 65

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.