၂၀၂၅ ၊ အောက်တိုဘာ ၂
နိုင်ငံရဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ပဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းတွေနဲ့ စကားပြောနိုင်အောင်၊ မျက်နှာချင်းဆုံနိုင်အောင် အားလုံးဝိုင်းဝန်းကြိုးပမ်းကြရမှာပါ . . . .
၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကို နေပြည်တော်၌ နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပရန် စီမံ ဆောင်ရွက်လျက်ရှိသည်။ တစ်ဆက်တည်းတွင် NCA အထိမ်းအမှတ် အလုပ်ရုံ ဆွေးနွေးပွဲကိုလည်း ပြုလုပ်ရန် အစီအစဉ် ပါဝင်နေသည်။ NCA ရေးထိုး ထားသည့် EAO ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ခုနစ်ဖွဲ့၏ မဟာမိတ်အဖွဲ့ (7 EAO Alliance) ကလည်း စက်တင်ဘာ ၂၃ ရက်က ဦးဆောင်၍ အစည်းအဝေးကျင်းပခဲ့ပြီး NCA (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနား၊ အစီအစဉ်များ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်သုံး သပ်ခြင်း အစီအစဉ်များဆိုင်ရာ ဘုံသဘောထားများကို ချမှတ်နိုင်ခဲ့ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ယင်းအခြေအနေများနှင့်ပတ်သက်၍ 7 EAO Alliance ပြောရေးဆိုခွင့်ရှိသူ KNU/KNLA-PC မှ ဗိုလ်မှူးကြီး စောကျော်ညွန့်ကို ဆက်သွယ် မေးမြန်းထားပါသည်။
TREND ။ ။ 7 EAO Alliance အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ အဓိက ဘာတွေဆွေးနွေး ဖြစ်ခဲ့ကြလဲ။
SKN ။ ။ 7 EAO Alliance အဖွဲ့ရဲ့ ဦးဆောင်အဖွဲ့ အစည်းအဝေးမှာ အဓိကဆွေးနွေးဖြစ်တာက လာမယ့် အောက်တိုဘာ ၁၅ ရက်မှာ ကျရောက်မယ့် NCA လက်မှတ်ရေးထိုးခြင်း (၁၀) နှစ်ပြည့် နှစ်ပတ်လည်နေ့ကိစ္စကို အဓိကထား ဆွေးနွေးဖြစ်ပါတယ်။ အဲဒီ (၁၀) နှစ်ပြည့် အခမ်း အနားနဲ့ တစ်ဆက်တည်းပဲပြုလုပ်မယ့် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်လည်းပါတယ်။ နောင်လာမယ့် နှစ်တွေမှာ အခုလုပ်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ် ဆွေးနွေးတာတွေပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ခြင်း အစီအစဉ်ကလည်း အခုမှ အစပျိုးတဲ့ ခြေလှမ်းလည်း ဖြစ်တယ်။ ပထမအဆင့်အနေနဲ့ကတော့ နိုင်ငံတကာပညာရှင်တွေနဲ့ Workshop တွေ လုပ်ပြီးတော့ ကျွန်တော်တို့ ဖြတ်ကျော်လာခဲ့တဲ့ ၁၀ နှစ်တာခရီး အပေါ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး အားသာချက်၊ အားနည်းချက်တွေကို သုံးသပ်ဆွေးနွေးမှုတွေရှိခဲ့တယ်။ နိုင်ငံတကာရဲ့ အမြင်တွေကိုလည်း နားထောင်တယ်၊ အဲဒါကတော့ တစ်ပိုင်းပေါ့။ လက်ရှိအခြေအနေအရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဆိုတာ မှေးမှိန်နေတယ်၊ အဲဒီလို အခြေအနေကနေပြီး ကျွန်တော်တို့ မလွဲမသွေသွားရမယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်ကို ဆက် လက်ဖော်ဆောင်ဖို့ ဟိုးအရင်တုန်းက ကြုံခဲ့ရတာတွေကနေ ဘယ်လိုသင်ခန်းစာ ရယူနိုင်မလဲ၊ ပကတိ အခြေအနေနဲ့ ဘယ်လိုအခင်းအကျင်းမျိုးကို ရှာဖွေသင့်လဲဆိုတဲ့ အမြင်တွေ၊ သုံးသပ်ချက်တွေ အဓိက လုပ်ဖြစ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ၊ အားနည်း ချက် အားသာချက်တွေ၊ နောက်ပြီးတော့ သင်ခန်းစာတွေ အများကြီး ရှိခဲ့ပါတယ်။ ပြည်ထောင်စုငြိမ်း ချမ်းရေးလို့ ပြောတဲ့နေရာမှာ ပြည်ထောင်စုအကျိုးကို အလေးထားဖို့ လိုအပ်သလို ကိုယ့်အဖွဲ့အစည်း အကျိုးနဲ့ပြည်ထောင်စုအကျိုး ယှဉ်တွဲလာတဲ့အခါ ပြည်ထောင် စုအကျိုးကို ရှေးရှုပြီးတော့ ဟန်ချက်ညီ လုပ်ဆောင်သင့်တဲ့ ဦးဆောင်မှုတွေကိုလည်း အစည်းအဝေးမှာ အမြင်တွေကို သုံးသပ်ခဲ့ကြပါတယ်။
TREND ။ ။ အဖွဲ့အစည်းအကျိုးနဲ့ ပြည်ထောင်စုအကျိုး ယှဉ်တွဲလာရင် ပြည်ထောင်စုအကျိုးကို ရှေးရှုပြီးတော့ ဟန်ချက်ညီ ညီ ဘယ်လို လုပ်ဆောင်သင့်လဲ။
SKN ။ ။ ကျွန်တော်တို့က NCA ကို အတူတကွ လက်မှတ်ရေးထိုးခဲ့ကြတယ်၊ အပစ်ရပ်တယ်။ နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွေ ရေးဆွဲတယ်။ အဲဒီမူဘောင်ကို အခြေခံပြီးတော့ ကျွန်တော်တို့ နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးညီလာခံတွေ လုပ်တယ်။ ဒီလုပ်ရပ်တွေ အားလုံးသည် ကျွန်တော်တို့နိုင်ငံမှာ ရာစုနှစ်ဝက်ကျော် ဖြစ်ပေါ်ခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးသတ်ချုပ်ငြိမ်းပြီးတော့ နောင်လာနောက်သား မျိုးဆက်သစ်တွေအတွက် ပြည်ထောင်စုငြိမ်းချမ်းရေးဆိုတာကို တည်ဆောက်ရယူဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ သင်ခန်းစာအရ၊ အတွေ့အကြုံအရက ကျွန်တော်တို့ နေရာဒေသတစ်ခု၊ လူမျိုးစုတစ်စု ငြိမ်းချမ်းရုံနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဖြစ်ဖို့ဆိုတာက စိန်ခေါ်မှုတွေအများကြီး ရှိတယ်ဆိုတာ အဓိပ္ပာယ်အရရော၊ ဖြတ်သန်းမှုအရရော အားလုံးသိရှိခဲ့ကြတာပဲလေ။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ တစိုက်မတ်မတ် ဆောင် ရွက်လာခဲ့တာကလည်း ပြည်ထောင်စုငြိမ်းချမ်းရေး၊ တစ်နိုင်ငံလုံးကို လွှမ်းခြုံတဲ့ တိုင်းရင်းသား ပြည်သူလူထုအားလုံး တန်းတူညီမျှ ရရှိခံစားနိုင်မယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးကို ဟန်ချက်ညီညီ ကြိုးပမ်းဖော်ဆောင်သင့်ပါတယ်။

TREND ။ ။ 7 EAO Alliance အဖွဲ့ဝင်တွေက လက်ရှိနိုင်ငံရေး အခြေအနေတွေအပေါ် ဘယ်လိုရှုမြင်ကြလဲ၊ လက်ရှိအခြေ အနေနဲ့ပတ်သက်ပြီး သူတို့ ဘယ်လို ပုံစံဖြစ်စေချင်ကြလဲ၊ တူညီတဲ့ သဘောထားတွေ ရှိကြလား။
SKN ။ ။ နိုင်ငံရဲ့ လက်ရှိအခြေအနေက သာမန်အခြေအနေ မဟုတ်ပါဘူး။ ပဋိပက္ခတွေ ရှိနေတဲ့ ဒီကာလတစ်ခုအောက်မှာ ဘယ်နိုင်ငံရေး အင်အားစုထဲမှာပဲ ဖြစ်ဖြစ်၊ ဘယ်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှာပဲဖြစ်ဖြစ် သဘောထား မတူတာ၊ ရှုမြင်မှုတွေ ကွဲပြားတာတွေ ရှိနေမယ်ဆိုတာက ဘယ်လိုမှ ငြင်းဆန်လို့မရတဲ့ ပကတိအရှိတရားပဲ ဖြစ်ပါတယ်။ သို့သော် ကျွန်တော့်အနေနဲ့ စဉ်းစားကြည့်မိတဲ့ အချက်တစ် ချက်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ ဟိုးလွန်ခဲ့တဲ့ ၂၀၁၃-၂၀၁၄ NCA စာချုပ်ဖြစ် ပေါ်လာဖို့ ကြိုးပမ်း ဆောင်ရွက်ခဲ့စဉ်ကာလက အစိုးရနဲ့ NCA ပေါ်ပေါက်လာဖို့ ဆွေးနွေးတဲ့နေရာမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအားလုံး မဟုတ်သည့်တိုင်အောင်တောင်မှ အားလုံးနီးပါး အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အခင်းအကျင်းတွေ အမှန်တကယ် ရှိခဲ့ဖူးပါတယ်။
အဲဒီကတည်းကိုက ကျွန်တော်တို့ နားလည်တာက ဖြစ်ပေါ်နေတဲ့ လက်နက်ကိုင်ပဋိပက္ခကို အပြီးသတ် ချုပ်ငြိမ်းဖို့အတွက် လက်နက်ကိုင်ပဋိပက္ခရဲ့ အရင်းခံ အကြောင်းတရား နိုင်ငံရေးပြဿနာတွေကို စစ်ရေးနည်းနဲ့ မဟုတ်ဘဲနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေး ခြင်းနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေးယဉ်ကျေးမှု အသစ်ကို တည်ဆောက်ပြီးတော့ ကြိုးပမ်း လုပ်ဆောင်ကြဖို့ဆိုတာ အပြန်အလှန် နားလည်မှုတွေ ရှိခဲ့ကြ တယ်။ အပြန်အလှန် သန္နိဋ္ဌာန်ပြုခဲ့ကြတာတွေလည်း အမှန်တကယ် ရှိခဲ့ဖူးပါတယ်။ ဒါက ဟိုးလွန်ခဲ့တဲ့ တစ်ချိန်တုန်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအတူတကွ ပူးပေါင်းဆောင်ရွက်မှု ပြည် ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက် အတူတကွ ကတိကဝတ်ပြုမှုတွေ အမှန်တကယ် ရှိခဲ့ဖူးပါတယ်။ သို့သော် ဒီအချိန်မှာကတော့ နိုင်ငံရဲ့ ပကတိအခြေအနေအရ လုပ်နည်းကိုင်နည်းတွေ၊ သွားပုံသွား နည်းတွေက ကွဲပြားမှုရှိနေတယ်ဆိုတာကလည်း ဘယ်လိုမှ လွန်ဆန်လို့မရတဲ့ အရှိတရား ဖြစ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့တစ်တွေအနေနဲ့ နိုင်ငံရဲ့မျိုးဆက်သစ်တွေ၊ နောင်လာနောက်သားတွေ စစ်ဘေးစစ်ဒဏ်ကနေ ကင်းဝေးစေတဲ့ အမွေကောင်းတစ်ခုအဖြစ် ပြည်ထောင်စု ငြိမ်းချမ်းရေးတည် ဆောက်ဖို့ လိုအပ်တယ်ဆိုတာကတော့ ကျွန်တော်တို့ အားလုံးနားလည်မှု အတူတူရှိကြလိမ့်မယ်လို့ ယုံကြည် ါတယ်။
ဒါက NCA မရေးထိုးခဲ့ပေမယ့်လည်း NCA ပြုစုတဲ့အချိန်တုန်းက အတူတကွ ပူးပေါင်း ဆောင်ရွက်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ၊ ခေါင်းဆောင်တွေ အားလုံး ဒီလိုစိတ်ဆန္ဒရှိကြမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်နားလည်ရသလောက်ဆိုရင် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုကို ဘယ်အဖွဲ့အစည်းမှ ပစ်ပစ်ခါခါ လျစ်လျူရှုတာ မရှိဘူးလို့ နားလည်တယ်။ အခြေအနေအရ တချို့က စစ်မတိုက်ဘူး၊ ဆွေးနွေးမယ် စသည်ဖြင့် အမျိုးမျိုး ရှိနေကြမှာပါ။ ပြည်ထောင်စုငြိမ်းချမ်းရေး တည်ဆောက်ဖို့အတွက်ကတော့ နောက်ဆုံးအဆင့်မှာ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ စားပွဲဝိုင်းမှာ အတူတကွညှိနှိုင်း စကားပြောရမယ်ဆိုတာ ဘယ်သူမှ၊ ဘယ်အဖွဲ့အစည်းမှ မစွန့်လွှတ်သေးဘူးလို့ နားလည်ပါတယ်။ လောလောဆယ် သာမန်မဟုတ်တဲ့ အခြေအနေအရ လုပ်နည်းကိုင်နည်း၊ သွားပုံသွားနည်း ကွဲပြားနေတာပဲ ဖြစ်တယ်။ ဒီလို လုပ်နည်းကိုင် နည်းကွဲပြားတယ်ဆိုပေမယ့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနည်းနဲ့ အဖြေရှာတဲ့ နိုင်ငံရေး ယဉ်ကျေးမှုအသစ်ကို ဘယ်သူမှပစ်ပယ်လိုက်တယ်ဆိုတာမျိုး မကြားမိဘူး။
TREND ။ ။ ရွေးကောက်ပွဲကို ကြိုဆိုထောက်ခံတယ်၊ အားပေးကူညီမယ်၊ နိုင်ငံတော်အစိုးရနှင့် တပ်မတော်တို့ရဲ့ လမ်းညွှန်ဦးဆောင်မှုနဲ့ ရပ်တည်လက်တွဲ ဆောင်ရွက်သွားမယ်လို့ မူလ DKBA ၊ DKBA (ဆုံဆည်းမြိုင်)၊ BGF ၊ ကချင်အထူးဒေသ(၁) ထာဝရငြိမ်းချမ်းရေးအဖွဲ့တွေက သဘောထားတွေ ထုတ်ပြန်ထားတာ တွေ့ရပါတယ်။ ဒီအပေါ် မှတ်ချက်ပြုပေးပါဦး။
SKN ။ ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၀ ၊ ၂၀၁၅ ၊ ၂၀၂၀ နှစ်တွေတုန်းက ရွေးကောက်ပွဲကို သုံးကြိမ်ဖြတ်သန်းခဲ့တယ်။ အဲဒီအချိန်တုန်းက နိုင်ငံက တည်ငြိမ်မှုရှိတယ်၊ သာမန်အခြေအနေလို့ ပြောလို့ရတယ်။ အဲဒီအခြေအနေတစ်ခု အောက်မှာကတော့ ဒီမိုကရေစီရဲ့ အစိတ် အပိုင်းတစ်ခုဖြစ်တဲ့ ရွေးကောက်ပွဲက ပြည်သူလူထုတွေရဲ့ လွတ်လပ်စွာ ပါဝင်ဆောင်ရွက်မှုတွေနဲ့ သွားခဲ့တာ ရှိတယ်။ ကျွန်တော်တို့ တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့အစည်းတွေ အနေနဲ့ကတော့ ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်တာတို့၊ ဘာတို့ မရှိခဲ့ဘူး။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအနေနဲ့ NCA ကို လက်မှတ်ရေးထိုးခဲ့တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်တယ်၊ ကျွန်တော်တို့ အခေါ်ကတော့ လွှတ်တော်ပြင်ပ နိုင်ငံရေးပေါ့။ ရွေးကောက်ပွဲဆိုတာကတော့ လွှတ်တော်တွင်း နိုင်ငံရေးလို့ ကျွန်တော်တို့ နားလည်တယ်။ အဲဒီလိုမျိုး အခြေအနေတစ်ခုနဲ့ ကျွန်တော်တို့ သွားလာခဲ့တာလည်း ရွေးကောက် ပွဲသုံး ကြိမ် ဖြတ်ကျော်လာခဲ့ပြီးပြီ။ သို့သော် ဒီအချိန်မှာ တွေ့ကြုံနေရတဲ့ အခြေအနေက သာမန်အခြေအနေ မဟုတ်တော့ ဒီအခြေအနေတစ်ခုအောက်မှာ ကျွန်တော်တို့ တိုင်းရင်းသားအဖွဲ့အစည်းကြားထဲမှာပဲ ဖြစ်ဖြစ်၊ နိုင်ငံရေးအင်အားစုတွေ ကြားထဲမှာပဲဖြစ်ဖြစ် သူ့ရဲ့ ပထဝီဝင် အနေအထား၊ သူ့ရဲ့ သမိုင်း နောက်ခံ၊ သူ့ရဲ့ နိုင်ငံရေးဖြတ်သန်းမှု မတူညီတဲ့ အပေါ်မှာ အခြေအနေတွေကလည်း မတူညီမှုတွေ ရှိနေပါ တယ်။ ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ကတော့ ရွေးကောက်ပွဲနဲ့ပတ် သက်ပြီးတော့ ထုတ်ပြန်တာ မျိုးတော့ မရှိပါဘူး။ ဒါကလည်း ကျွန်တော်တို့အဖွဲ့တွေကြားမှာ မတူညီတဲ့ ပထဝီဝင်အနေအထား သမိုင်းနောက်ခံ အခြေအနေတွေအပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးနိုင်တာလည်း မရှိသေးပါဘူး။ တစ်ဖွဲ့ချင်းစီကတော့ ထုတ်ပြန်တာမျိုးတွေ ရှိမှာပါ။ သို့သော် ကျွန်တော်တို့ ဘုံနာလည်ချက်အနေနဲ့က တော့ ဒီမိုကရေစီလို့ ပြောလိုက်တာနဲ့ ဒါဟာ ပြည်သူလူထုတွေရဲ့ အခွင့်အရေး၊ ပြည်သူလူထုတွေရဲ့ မူလရပိုင်ခွင့်ဖြစ်တဲ့အတွက် ပြည်သူလူထုတွေရဲ့ လွတ်လွတ်လပ်လပ် ပူးပေါင်းဆောင်ရွက်မှုအပေါ်မှာ လေးလေးစားစားနဲ့ အသိအမှတ် ပြုဖို့ ရှိနေပါတယ်။ ရွေးကောက်ပွဲဆိုတာက ဒီမိုကရေစီစနစ်ကို ကျင့်သုံးမယ့် ကျွန်တော်တို့နိုင်ငံအတွက် မရှိမဖြစ် လိုအပ်ပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲကို အသိအမှတ် ပြုထောက်ခံတဲ့ အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေဟာ ဒီမိုကရေစီစနစ်နဲ့ အသင့်တော်ဆုံး ကြိုးပမ်း ဆောင်ရွက်မှုလို့ပဲ ရှုမြင်ပါတယ်။
TREND ။ ။ NCA (၁၀) နှစ်ပြည့် နှစ်ပတ် လည်အခမ်းအနားကို အသွင်သဏ္ဌာန်နဲ့ အနှစ်သာရရှိရှိ ကျင်းပသွားမယ်လို့ သိရပါတယ်။ နိုင်ငံရေးအနှစ် သာရရှိရှိ ကျင်းပနိုင်ဖို့ ဘယ်လိုအခင်းအကျင်းမျိုးတွေ ဖြစ်သင့်လဲ။
SKN ။ ။ NCA ဆိုတာက စာအုပ်ရဲ့မျက်နှာဖုံးမှာကတည်းကိုက ပြည်ထောင်စုသမ္မတမြန်မာနိုင် ငံတော်အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကြား ရေးထိုးထားတဲ့ သဘောတူစာချုပ်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ ဒီစာချုပ်ကို ပူးတွဲပိုင်ဆိုင်ကြတယ်။ ပူးတွဲအကောင်အထည်ဖော်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ အခုလာမယ့် ၁၀ နှစ်ပြည့် အခမ်းအနားကိုလည်းပဲ နိုင်ငံရေးအဓိပ္ပာယ်ရှိရှိ နိုင်ငံရေး အနှစ်သာရရှိရှိ ခါတိုင်းနှစ်တွေနဲ့မတူအောင် စည်စည်ကားကား ကျင်းပနိုင်ဖို့ ကျွန်တော်တို့ ဘက်နှစ်ဖက် ကနေပြီးတော့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်လာခဲ့တာ အခုဆိုရင် NSPNC နဲ့ EAO ခုနစ်ဖွဲ့တို့ ငါးကြိမ် လောက်ရှိခဲ့ပါပြီ။ နိုင်ငံရေးအနှစ်သာရရှိဖို့ဆိုတာ ဘယ်လိုဟာတွေ ပြောတာလဲဆိုရင် ကျွန်တော်တို့ ဘက် နှစ်ဖက်ကနေပြီး ပူးတွဲဘယ်လိုကျင်းပမလဲ၊ ဘယ်လို ဖိတ်ခေါ်မလဲ၊ ဘယ်လိုနေရာချမလဲ စသည်ဖြင့် အဲဒီလုပ်ငန်းစဉ်တွေလည်း အတူတကွ လုပ်ဆောင်လာနိုင်ခဲ့တဲ့ အနှစ်သာရတွေ ရှိတယ်။ ဖိတ်ကြား မှုဆိုရင်လည်းပဲ NCA ရေးထိုးထားတဲ့ အဖွဲ့အစည်းသာမက NCA ရေးဆွဲစဉ်တုန်းက အတူတကွပါဝင်ကြိုး ပမ်းလုပ်ဆောင်ခဲ့တဲ့ ခေါင်းဆောင်တွေကိုလည်းပဲ နှစ်ဖက်လုံးပေါ့။ အစိုးရဘက်ကရော၊ တိုင်းရင်းသား တွေဘက်ရော ဖိတ်နိုင်အောင် ကျွန်တော်တို့ ညှိနှိုင်းဆောင် ရွက်မှုတွေရှိတယ်။ နောက်ပြီးတော့ NCA ရေးထိုးခဲ့စဉ်တုန်းက အသိသက်သေအနေနဲ့ ပါဝင်ခဲ့တဲ့ ပြည်တွင်းက ပုဂ္ဂိုလ်တွေ၊ ပြည်ပက ပုဂ္ဂိုလ်တွေကို ဖိတ်ကြားနိုင်အောင် ညှိနိုင်းဆောင်ရွက်မှုတွေ လုပ်နိုင်တယ်။ နောက်တစ်ချက် ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ ပုံမှန်အခြေအနေမဟုတ်တဲ့ ဒီအခင်းအကျင်း တစ်ခုအောက်မှာ ပျောက်ကွယ်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ပြန်လည်အစပြုနိုင်ဖို့ ပညာရှင်တွေ၊ နိုင်ငံရေးပါတီတွေ တိုင်းရင်းသားအဖွဲ့ အစည်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ပြီးတော့ သူတို့ရဲ့ အသံပေါင်းစုံ၊ သူတို့ရဲ့ ရှုမြင်မှုပေါင်းစုံတွေကို ကျွန်တော်တို့ ရယူနိုင်မယ့် အခင်းအကျင်းဖြစ်ဖို့ကိုလည်း ညှိနှိုင်းစီစဉ်ထားတာတွေ ရှိပါတယ်။ ခြုံပြောရမယ်ဆို ရင် NCA နှစ်ပတ်လည်အခမ်းအနားအပြင် အခမ်းအနားနဲ့ တစ်ဆက်တည်းလုပ်မယ့် ငြိမ်းချမ်းရေးဖိုရမ်ပဲ ပြောပြော၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲပဲပြောပြော စသည်ဖြင့်ပေါ့ တစ်ဆက်တည်း ကျင်းပမယ့်တဲ့ သုံးရက်တာ အစီအစဉ်မှာကတော့ နိုင်ငံရေးအနှစ်သာရရှိရှိနဲ့ ဒီနိုင်ငံရဲ့ ပကတိအခြေအနေနဲ့ တကယ်လိုအပ်တဲ့၊ တကယ်လိုက်ဖက်တဲ့၊ တကယ်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခင်းအကျင်းဖြစ်အောင် ညှိနှိုင်းကြိုးပမ်း ဆောင်ရွက်မှုတွေ ရှိနေပါတယ်။
TREND ။ ။ NCA (၁၀) နှစ်ပြည့် နှစ်ပတ် လည်အခမ်းအနားကနေ ငြိမ်းချမ်းရေးအတွက် ဘယ်လို အထောက်အပံ့တွေ၊ ဘယ် လိုရလဒ်တွေ မျှော်လင့်လဲ။
SKN ။ ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ မျှော်လင့်ရမှာပါ။ ကျွန်တော်တို့အတွက်က အမှန်တကယ် ငြိမ်းချမ်းရေး လိုအပ်ပါတယ်။ ကျွန်တော်တို့အားလုံးအတွက် လိုအပ်တဲ့ ငြိမ်းချမ်းရေးရရှိဖို့အတွက်က ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အမှန်တကယ် ဖော်ဆောင်နိုင်အောင်၊ လမ်းစရှာနိုင်အောင်၊ အစပျိုးနိုင်အောင် ကြိုးပမ်းဆောင် ရွက်ရမှာ ဖြစ်ပါတယ်။ အခြေအနေအရ၊ အခင်းအကျင်း အရ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးတွေ့ဆုံ တိုင်ပင်မှုတွေ တော်တော်လေးကို အားနည်းခဲ့တယ်၊ တော်တော်လေးကို ကွယ်ပျောက်ခဲ့တယ်ဆိုပေမယ့် လာမယ့်အနာဂတ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ပြန်လည်ပေါ်ထွန်းလာအောင် ရှိနေတဲ့အခြေအနေ အခင်းအကျင်းကနေ ဆက်လက်ကြိုးပမ်းလုပ်ဆောင်ဖို့ လိုပါတယ်။ လုပ်လည်း လုပ်ဆောင်နေတဲ့အတွက် ကျွန်တော်တို့ မျှော်လင့်ချက်ရှိတယ်။ အခက်အခဲတွေ ဘယ် လောက် ပဲရှိရှိ၊ အကျပ်အတည်းတွေ ဘယ်လောက်ပဲရှိရှိ မျှော်လင့်ချက်နဲ့ပဲ ဆက်လက် ရုန်းကန်ရမှာပါ။ အခုဆိုရင် ဒီလေးနှစ်ကျော်ကာလအတွင်းမှာ ပေးဆပ်လိုက်ရတဲ့ အသက်အိုးအိမ် စည်းစိမ်တွေက ကြီးမားပါတယ်။ လက်နက်ကိုင်ပဋိပက္ခသံသရာနဲ့ပဲ သွားနေကြဦးမယ်ဆိုရင် ငြိမ်းချမ်းရေးခရီးက ဝေးနေဦးမှာပါ။ 7 EAO Alliance အနေအနေနဲ့ကတော့ ဟိုးအရင်တုန်းကတည်းကပြော ခဲ့ပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ စတင်ချိန်ကစပြီး 7 EAO Alliance နံပါတ်တစ်အစီအစဉ်အရ ဒီပဋိပက္ခအတွင်းမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ အားလုံးကနေပြီးတော့ သက်ဆိုင်သူများပါဝင်သော နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်မြောက်ဖို့ဆိုတာ ကျွန်တော်တို့ရဲ့ အန္တိမရည်မှန်းချက် ဖြစ်ပါတယ်။ နိုင်ငံရဲ့ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ ပဋိပက္ခအတွင်းမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနဲ့ စကားပြောနိုင်အောင် မျက်နှာချင်းဆုံနိုင်အောင် အားလုံး ဝိုင်းဝန်းကြိုးပမ်းကြရမှာပါ။ ဒီနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအ တာကနေပြီးတော့ အားလုံး ကြိုးစားဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ ဒါကလည်း တစ်ယောက်နဲ့တစ်ယောက် အပြစ်ပြောတာထက် ပြည်ထောင်စု အကျိုးကို ရှေးရှုပြီးတော့ အဖြေရှာသင့်တယ်လို့ မြင်ပါတယ်။ သူ့ကြောင့်၊ ကိုယ့်ကြောင့် လက်ညှိုးထိုးတာထက် ဘက်စုံထောင့်စုံကနေပြီး ရှေးရှုရှုမြင်ပြီးတော့ ပြည်ထောင် စုအကျိုးအတွက် လုပ်ဆောင်နိုင်အောင် ကြိုးပမ်းကြမယ် ဆိုရင်လည်း ကျွန်တော်တို့ အားလုံး လက်တွေ့ အကျပ်အတည်းကနေ ရုန်းထွက်နိုင်မယ် လို့ မြင်ပါတယ်။ ကျွန်တော်တို့ 7 EAO Alliance အနေနဲ့ ဒီနိုင်ငံရဲ့အခက်အခဲအကျပ်အတည်းကို ဖြေရှင်းဖို့စကား မပြောမဖြစ် ပြောဆိုဆက်ဆံ ထိတွေ့ညှိနှိုင်းရမယ်။ ဘယ်အဖွဲ့အစည်းနဲ့မဆို၊ ဘယ်ပုဂ္ဂိုလ်မဆို လက်လှမ်းမီသလောက် စကားပြောမယ်၊ ကြိုးပမ်းအားထုတ်မှုတွေ လုပ်မယ်။ ညှိနှိုင်းမယ်။ ဒါတွေကလည်း တစိုက်မတ်မတ် လုပ်လာခဲ့တဲ့ လုပ်ငန်းစဉ်လည်း ဖြစ်ပါတယ်။ ချုံ့ပြောရမယ်ဆိုရင် ဒီလိုမျိုး အခြေအနေတစ်ခု အောက်ကနေ စိတ်ပျက်လက်ပျက် ဥပေက္ခာပြုလုပ်တာထက် လက်ရှိ သာမန်အခြေ အနေမဟုတ်တဲ့ နိုင်ငံရေးအခင်းအကျင်း တစ်ခုအောက်မှာ ကျွန်တော်တို့ မဖိတ်ခေါ်ဘဲနဲ့ ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင်ပဋိပက္ခ သံသရာထဲကနေ ရုန်းထွက်နိုင်ဖို့ဆိုရင် သူ့ကြောင့်၊ ကိုယ့်ကြောင့် လက်ညှိုးမထိုးဘဲ လုပ်နိုင်တဲ့အတိုင်းတာအပေါ်ကနေပြီး ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ကြိုးပမ်းလုပ်ဆောင်ကြဖို့ လိုပါတယ်။ သူ့ကြောင့်၊ ကိုယ့်ကြောင့် အပြစ်တင်နေတာထက်၊ လက်ညှိုးထိုးနေ တာထက် ဒီလို လုပ်နိုင် တဲ့အတိုင်းအတာကနေ ပြည်ထောင်စုအကျိုးကို ရှေးရှုပြီး ကြိုးပမ်းလုပ်ဆောင်တာဟာ လက်ရှိကြုံတွေ့ နေရတဲ့ အခက်အခဲသံသရာ အောက်ကနေ ရုန်းထွက်နိုင်မယ့် အကောင်းဆုံးနည်းလမ်းလို့ မြင်ပါတယ်။
TREND ။ ။ မကြာခင်မှာ ကျရောက်တော့မယ့် NCA လက်မှတ်ရေးထိုးခဲ့မှု ၁၀ နှစ်ပြည့်နှစ်ပတ်လည် အထိမ်းအမှတ်နဲ့ပတ် သက်ပြီး ဖြည့်စွက်ပြောကြားပေးပါ။
SKN ။ ။ ဒီလို သာမန်အခြေအနေမဟုတ်တဲ့ နိုင်ငံရေး အခြေအနေတစ်ခုအောက်မှာ NCA လို့ ပြောလိုက်ရင် တစ်ခါတစ်ခါ ကိုယ့်ကိုယ်ကိုယ် မလုံဘူး ဖြစ်နေတယ်။ လက်ရှိ အခြေအနေအရကလည်း NCA အပေါ်မှာ အမြင်အမျိုးမျိုးတွေ ရှိနေတယ်။ NCA ရှိခြင်း၊ မရှိခြင်း၊ NCA ပျက်ခြင်း၊ မပျက်ခြင်းဆိုတာထက် လာမယ့်အောက်တိုဘာ ၁၅ ရက်ကျရင် NCA လက်မှတ်ရေး ထိုးခြင်း ၁၀ နှစ်ပြည့် အခမ်းအနားကို နိုင်ငံရေးအနှစ်သာရရှိရှိ ကျင်းပနိုင်ဖို့၊ ကြိုးပမ်းဆောင်ရွက်ဖို့ ညှိနှိုင်းဆောင် ရွက်နေပါတယ်။ ဒီလိုကြိုးဆောင်ရွက်တဲ့ နေရာမှာလည်း NCA ပေါ်ပေါက်လာအောင် လက်မှတ်ရေးထိုးခဲ့တဲ့ ဘက် အသီးသီးက ခေါင်းဆောင်ကြီးတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုဂုဏ်ပြုတဲ့အနေနဲ့ နှစ်ပတ်လည်အခမ်းအနားကို ကျင်းပနိုင်အောင် ညှိနှိုင်းဆောင် ရွက်မှုတွေရှိပါတယ်။ ပြီးတော့ လက်ရှိဖြစ် ပေါ်နေတဲ့ အခက်အခဲအကျပ်အတည်းတွေကို ကျော်လွှားနိုင်အောင် ကျွန်တော်တို့ မလွဲမသွေ ဖြတ်သန်းရမယ့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှု၊ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှု၊ သက်ဆိုင်သူများအားလုံး ပါဝင်ဆွေးနွေးနိုင်မယ့် အခင်းအကျင်းတွေ ပြန်လည် ဦးမော့လာဖို့ NCA နှစ်ပတ်လည် အခမ်းအနားကနေ မျှော်လင့်မိပါတယ်။ အားလုံးအလုံးစုံ ပြီးမြောက်စေတဲ့ အခင်းအကျင်း မဟုတ်သည့်တိုင်အောင်တောင်မှ NCA နှစ်ပတ်လည်နေ့ဟာ နိုင်ငံရဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့နေရာမှာ အားလုံးပါဝင်တဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု အခင်းအကျင်း ပြန်လည်ပေါ်ပေါက်လာဖို့ အစပြုတဲ့ ခြေလှမ်းကောင်းတစ်ခု အနေနဲ့ မျှော်လင့်မိပါတယ်။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၇ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )