ကုန်သွယ်ခွန် ဆူနာမီ

၂၀၂၅ ၊ မတ် ၂

    ခုတလော လူတိုင်းပါးစပ်ဖျားမှာ ရေပန်းစားနေတဲ့ သတင်းနှစ်ပုဒ်ပဲ ရှိပါတယ်။ ပြည်တွင်းမှာတော့ ငလျင်အကြောင်း၊ ပြည်ပမှာတော့ ထရမ့်ရဲ့ Tariff အကြောင်းပဲ ဖြစ်ပါတယ်။ ငလျင်အကြောင်းကလည်း သောကပွားစရာတွေချည်းပါပဲ။ မူမမှန်တဲ့ (Aftershocks) ဆိုတဲ့ ငလျင်ငယ်လေးတွေက တဖြည်းဖြည်း ပြင်းအားတွေ လျော့သွားရမည့်အစား ပြင်းအား အတက်အကျမမှန်လို့ စိတ်ညစ်နေရတဲ့ကြားမှာ မုတ္တမပင်လယ်ကွေ့နဲ့ ဆက်စပ်ပြီး lndo Australian plate တို့၊ Eurasian Plate တို့၊ Phillipine Plate တွေအကြောင်းပါ ပြောလာကြတော့ အာရုံပိုနောက်ရပါတယ်။ ဒီကြားမှာ ထရမ့်နဲ့ မက်ခ်တို့ 'နှစ်ယောက် ပေါင်းလောင်းကျော်'ကြတဲ့ Tariff ကိစ္စကလည်း သူ့နိုင်ငံသား စီးပွားရေးပါရဂူတွေတောင် သြချရလောက်တဲ့အထိ ဆင်ကန်းတောတိုး မဆင်မခြင် ထင်ရာလုပ်လိုက်ကြတာ၊ တစ်ကမ္ဘာလုံး ဘယ်သူမှအကောင်း မနေရလောက်အောင် 'လက်သံ ပြောင်လှပါတယ်။ ဒီနှစ်ယောက်ကို Columbia University က Prof Jeffery Sachs က သူတို့ရဲ့ လုပ်ရပ်တွေအပေါ်မှာ ဘယ်လောက်လွဲနေတယ်ဆိုတာ ဝေဖန်ထားတာတွေဟာ အလွန်စိတ်ဝင်စားစရာကောင်းလို့ စီးပွားရေးပါမောက္ခတစ်ဦးချင်းရဲ့ သုံးသပ်ချက်တွေကို စုစည်း ဖော်ပြလိုက်ပါတယ်။

Prof Jeffery Sachs ? Economist and Public Policy Analyst, Columbia University. USA
    သမ္မတထရမ့် တက်လာချိန်မှာ Tariff ကုန်သွယ်ခွန် မြှင့်ရခြင်း အဓိကအကြောင်းက Trade Deficit ကုန်သွယ်မှု လိုငွေပြတာရယ်၊ အမေရိကန်လုပ်သားတွေရဲ့ အလုပ်အကိုင်တွေကို ကာကွယ်ဖို့နဲ့ တရုတ်ရဲ့ကုန်သွယ်ပုံဟာ အမေရိကန်အပေါ်မှာ မမျှတဘူးထင်လို့လုပ်တာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲလုပ်ရပ်တွေဟာ ပညာရှင်တစ်ယောက်ရဲ့အမြင်မှာ မှားယွင်းနေတာတွေကို ထောက်ပြသွားပါတယ်။ သူ့ရဲ့ ကုန်သွယ်ခွန်တိုးမြှင့်လိုက်တာဟာ ဗျူဟာမမြောက်ဘဲ ပရမ်းပတာ ဖြစ်ကုန်တယ်။ (not strategic but messy)သူက ကာတွန်း Mickey Mouse ကတောင် သူ့ထက်သာတယ်လို့ သုံးသပ်သွားပါတယ်။ ဒါတင်မက ထရမ့်သာ သူ့ကျောင်းသားဆိုရင် ထရမ့်ကို ညံ့လွန်းလို့ စာမေးပွဲ ချပစ်မယ်လို့တောင် ပြောပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ နှစ်နဲ့ချီပြီး တည်ဆောက်ထားတဲ့ မဟာမိတ်တွေနဲ့ အကုန်သွေးကွဲစေပြီးတော့ ပြည်တွင်းရော ပြည်ပကပါ ဘယ်သူမှ လက်မခံကြောင်း၊ သူ့ကြောင့် စတော့ဈေးကွက်တွေကျ၊ ကားကုမ္ပဏီ စတော့ဈေးတွေပါ ကျကုန်ပါတယ်။ သူက လွတ်လပ်တဲ့ဈေးကွက် (Free Market)မှာ Protectionism နဲ့ အကာအကွယ်ပေးတဲ့ မူဝါဒကို ကျင့်သုံးသလိုဖြစ်ကြောင်း ထောက်ပြပါတယ်။
    Sachs က တစ်ကမ္ဘာလုံးကြွက်ကြွက်ညံပြီး စီးပွားရေး မငြိမ်သက်မှုတွေ ဖြစ်လာကာ တရုတ်နဲ့ ရုရှားကြား ဘယ်လိုမှ တွေ့ဆုံ ညှိနှိုင်းဖြေရှင်းလို့ရမှာ မဟုတ်ကြောင်း၊ ဖြေရှင်းတယ် ဆိုတာဟာလည်း စနစ်တကျ စီမံတွက်ဆထားပြီး ဖြစ်ရမှာပေမယ့် ဝါရှင်တန်မှာ ဘာမူမှရှိပုံမရကြောင်း၊ လွှတ်တော်ရဲ့အခန်းကဏ္ဍကိုလည်း မတွေ့ရဘဲ ထရမ့်ဟာ တစ်ကိုယ်တော် ထင်ရာစိုင်းနေကြောင်း၊ ထရမ့်ရဲ့ လုပ်ရပ်တွေဟာ အခြေခံဥပဒေကိုကျော်ပြီး တစ်နေ့ထက်တစ်နေ့ အမှားတွေလုပ်နေတာ ဖြစ်ကြောင်း၊ နိုင်ငံခြားရေးမူဝါဒရပြောရရင် အမှန်ထက် အမှားက ပိုများနေကြောင်း၊ ဒါကြောင့် US ဟာ ဘယ်ကိုဦးတည်နေသလဲလို့မေးရင် စီးပွားရေးပညာရှင်တစ်ယောက်အနေနဲ့ပြောရရင် US မှာ စီးပွားရေး၊ ပညာရေး စတဲ့ဘက်မှာ ပညာရှင်တွေ အများကြီးရှိသလို ဆန်းသစ်တဲ့ တီထွင်မှုတွေလည်း အောင်မြင်အောင် အများအပြား လုပ်နိုင်ခဲ့ပေမယ့် နိုင်ငံရေးဘက်မှာတော့ အတော့်ကို ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာ နှစ်ပေါင်း ၃၀ လောက်ရှိ နေခဲ့ပြီဖြစ်လို့ ဒါဟာ US စီးပွားရေးကို အများကြီးဒုက္ခ လာဖြစ်စေခဲ့ကြောင်း Prof Sachs ကပြောပါတယ်။
    သူက အမေရိကန်နိုင်ငံရေးမှာ (pay for play) ငွေပေးပြီး ဝင်ကစားလို့ရတယ်လို့ ပြောပါတယ်။ အီလွန်မက်ခ်က ထရမ့်ရဲ့ သမ္မတရွေးပွဲ မဲဆွယ်ကာလမှာ ငွေဘီလီယံနဲ့ချီ ပုံအောပြီး ထောက်ခံခဲ့ကြောင်း၊ ထရမ့်သမ္မတဖြစ်တော့ သူ့ကို DOGE ( Department of Govt Efficiency)ဌာနအသစ်ဖွဲ့ပြီး ဝန်ကြီးဌာနတွေကို အကုန်ဝင်မွှေလို့ရတဲ့ ဌာနအကြီးအကဲ ခန့်လိုက်တာ) အမေရိကန်နိုင်ငံရေးဟာ (Dege nerated) အရည်အသွေး ကျသွားပါပြီလို့ ထောက်ပြခဲ့ပါတယ်။ အခုဆိုရင် ပြဿနာ နှစ်ချက်ရှိကြောင်း၊ လူမှုဝန်ထမ်းနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အသုံးစရိတ်တွေ ဖြတ်တောက်လိုက်တဲ့အတွက် ငွေကြေးမတတ်နိုင်သူတွေအတွက် အခက်အခဲဖြစ်ရကြောင်း၊ ဖြတ်တောက် တဲ့သူဌေး မက်ခ်အတွက်ကတော့ ပူစရာမလိုကြောင်း၊ ဒုတိယတစ်ချက်ကတော့ US ဟာ အမျိုးသားလုံခြုံရေးနိုင်ငံ (National Security State) ဖြစ် သွားပြီဖြစ်ကြောင်း၊ 1947 National Security Act အရ CIA နဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဖွဲ့စည်းပြီးတဲ့နောက် ပြည်ပစစ်စခန်းပေါင်း ၈၀ ကျော်နဲ့ သူနဲ့အဆင်မပြေတဲ့ အစိုးရတွေကို၊ သူ့မျက်စိရှေ့မှာတင် ဖြုတ်ချခဲ့တာ အကြိမ် ၁၀၀ ကျော်ခဲ့ပြီဖြစ်ကြောင်း၊ ဗြိတိသျှအင်ပါယာတုန်းကတောင် ဒီလောက် မဆိုးရွားခဲ့ကြောင်း ပြောကြားသွားပါတယ်။
    ဒီလို CIA က Regime Change လုပ်တာကို ဘယ်ပြည်တွင်းသတင်းဌာနကမှ မဖော်ပြခဲ့ကြကြောင်း၊ သူက သတင်းဌာနတစ်ခုကို ဘာကြောင့် ဒီလိုသတင်းမျိုး မထည့်တာလဲဆိုတာ မေးလိုက်တော့၊ အယ်ဒီတာက ဒီလိုသတင်းမျိုးကို သူစိတ်မဝင်စားလို့ မထည့်တာလို့ ဖြေကြောင်း Prof Sachs က ပြောပါတယ်။ ဒီလိုမျိုး အစိုးရတစ်ရပ်ဟာ ဒီမိုကရေစီနဲ့ လုံခြုံရေးဦးစားပေးအစိုးရဟာ တွဲသွားလို့ မရကြောင်း၊ ကိုယ်တိုင်က စစ်ဗိုလ်ချုပ်ကြီး ဖြစ်တဲ့ Gen  Eisenhower က ၁၉၆၁ နှစ်မှာ ပြောကြားခဲ့ပေမယ့် ဒီ Military Industrial Complex ဆိုတာဟာ အခုတော့ အဆမတန် ကြီးထွားလာခဲ့ပြီဖြစ်ကြောင်း၊ US မှာ ပြဿနာတွေ ဖြေရှင်းဖို့ အမှန်တကယ် အလုပ်ဖြစ်တဲ့ နိုင်ငံရေးစနစ်ဆိုတာ မရှိကြောင်း၊ လူတစ်ယောက်က အမိန့်ပေးတာကို လိုက်လုပ်နေကြရတာဖြစ်ကြောင်း၊ အခုလည်း နိုင်ငံတကာ ကုန်သွယ်မှု စနစ်တစ်ခုလုံးကို လူတစ်ယောက်က ဖျက်ပစ်လိုက်တာဖြစ်ကြောင်း၊ ကုန်သွယ်ခွန်နဲ့ ပတ်သက်လာရင် လွှတ်တော်က ကိုင်တွယ် ဆုံးဖြတ်ရမှာ ဖြစ်ပေမယ့် ထရမ့်က သူတစ်ယောက်တည်း ဆုံးဖြတ်လိုက်တာ ဖြစ်ကြောင်း၊ ဘယ်လွှတ်တော်အမတ် တစ်ဦးတလေကမှ ဝင်မပြောကြကြောင်း၊ ဒါဟာ လုံး၀ (Unconstitutional) အခြေခံဥပဒေနဲ့ ညီညွတ်မှု မရှိကြောင်း၊ စိတ်နောက်နေတဲ့ဘုရင်ကြီး (Mad King) ဟာ နေ့စဉ် အခွန်တိုးကောက်နေသလိုဖြစ်ပြီး အစိုးရမဝင်တဲ့နေရာတွေက အေးချမ်းနေပြီး အစိုးရဝင်တာနဲ့ ပြဿနာ တက်တော့တာပဲလို့ ပြတ်ပြတ်သားသား ဝေဖန်သွားပါတယ်။

Richard Wolf, Prof of Economics, University of  Massachusetts. USA
    Democracy Now ရုပ်သံက Prof Wolf က ကနေ့နိုင်ငံပေါင်း ၁၈၅ နိုင်ငံက ထရမ့်ရဲ့ ကုန်သွယ်ခွန် တိုးမြှင့်တာနဲ့ ငြိနေချိန်မှာ ထရမ့်ရဲ့ကိုင်တွယ်မှုဟာ စိတ်ကူးယဉ်ဆန်သလို ဖြစ်နေပြီး သူ့ကို လူတွေ စိတ်ဝင်စားအောင် အမြဲလုပ်နေတာမို့ Prof Wolf ကို ဘယ်လိုမြင်သလဲလို့ မေးလိုက်ပါတယ်။ Wolf က ထရမ့်ဟာ၊ US ဟာ အမြဲတမ်းခံရပြီး နိုင်ငံခြားသားတွေကိုပဲ အပြစ်တင်လေ့ရှိကြောင်း။ တကယ်တော့ အမေရိကန်ဟာ လွန်ခဲ့တဲ့ နှစ် ၅၀ လောက်ကစပြီး 'စံစား' နေရတာပါ။ အထူးသဖြင့်တော့ သူလို အထက်တန်းစားတွေအတွက်က ပိုပြီးအဆင်ပြေကြောင်း၊ သူက နိုင်ငံခြားသားတွေကိုပဲ အပြစ်တင်၊ သူ့ကိုယ်ကိုသူတော့ အမြဲတောင့်တင်းအောင် လုပ်တဲ့စိတ်ထားဟာ (Cheap Shots) အင်မတန်အပေါ စားဆန်တဲ့ လုပ်ရပ်တွေဖြစ်ပြီး ဘယ်နိုင်ငံက သမ္မတမှ သူ့လိုမလုပ်ကြောင်း၊ အမေရိကန်စီးပွားရေးဟာ အကျပ်အတည်းထဲ ရောက်နေပြီး ကျဆင်းလျက်ရှိကြောင်း၊ US ဟာ ဒီအကြောင်းကို ပြင်ပမှာ ဘယ်တော့မှ ထုတ်မဆွေးနွေးဘဲသူများအပေါ်ကိုသာ ပုံချလေ့ရှိကြောင်း၊ ဗြိတိသျှ အင်ပါယာဟာ US အရင် ကျဆင်းခဲ့ကြောင်း၊ သို့သော်လည်း ၂၀ ရာစုဟာ US အတွက် ကောင်းခဲ့ကြောင်း၊ ၂၁ ရာစုမှာ တော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း၊ ဒီပြဿနာ ဖြေရှင်းဖို့ ဒါကို သူများကို အပြစ်ပေးပြီး ဖြေရှင်းနည်းက သဘာဝမကျကြောင်း ပြောကြားသွား ပါတယ်။
    Prof Wolf ပြောချင်တာက ဒီနည်းကိုရွေးလို့ တစ်ကမ္ဘာလုံးက ကိုယ့်နောက်က လိုက်မှာမဟုတ်ကြောင်း၊ ကိုယ့်အခြေအနေကိုက ၂၀ ရာစုနှစ်တုန်းက အခြေအနေမျိုး မဟုတ်တော့ကြောင်း၊ ထရမ့်က သူ ကုန်သွယ်ခွန်တက်တာကို လိုက်မတက်ဖို့နဲ့ တက်ရင်သူက အရှိန်အဟုန်မြှင့် သွားမယ်လို့ ကြိမ်းတော့ ကျန်တဲ့သူတွေ မတက်ကြဖို့နဲ့  'ပိုနေမြဲ၊ ကျားနေမြဲ' ဖြစ်ဖို့ ဘယ်သူက အာမခံမှာလဲဆိုတာ မေးစရာရှိကြောင်း သူက ပြောပါတယ်။ စီးပွားရေး ပါမောက္ခတစ်ဦးအနေနဲ့ သူပြောရရင် Tariff ဟာ (Tax) အခွန်ပဲ ဖြစ်ပါတယ်။ မူလအခေါ်အဝေါ်က (Import Duty)ပဲ ဖြစ်ကြောင်း၊ နိုင်ငံခြားမှာထုတ်တဲ့ ပစ္စည်းတစ်ခုကို အမေရိကန်ကုမ္ပဏီတစ်ခုက သွင်းလာရင် ပေးရမည့် သွင်းကုန်အခွန် ဖြစ်ကြောင်း၊ ဒီငွေဟာ နောက်ဆုံး စားသုံးဖြစ်တဲ့ သူ့ပြည်တွင်းက US နိုင်ငံသားကပဲ ခံရမှာဖြစ်ကြောင်း၊ အမြဲတမ်း Anti Tax လို့ ရာစုနှစ်နဲ့ချီ ကြွေးကြော်ခဲ့တဲ့ Republican တွေ သူများတွေကို ဗိုလ်ကျခဲ့တဲ့ US ဘာလို့ပြောင်းလဲ သွားရ တာလဲ၊ ဘာကြောင့်လဲဆိုတော့ US ကို ဘယ်သူကမှ လူမထင်တော့တဲ့ အတွက်ကြောင့်ပဲ ဖြစ်ကြောင်း၊ ဒီလိုကုန်သွယ်ခွန် မြှင့်လိုက်တော့ ကျန်တဲ့နိုင်ငံ အစိုးရတွေကလည်း ဘယ်လည်စင်းခံမလဲ၊ ရတဲ့နည်းနဲ့ တုံ့ပြန်မှာဖြစ်ကြောင်း Prof Wolf က ပြောပါတယ်။ လိုရင်းကို ပြောရရင် ပြည်ပသွင်းကုန်တွေ ဈေးကြီးပေးဝယ်ရမယ်၊ ပြည်ပသွင်းကုန် ဈေးမြင့်သွားတော့ ပြည်တွင်းထုတ်လုပ်သူကလည်း ပြည်ပသွင်း ကုန်ဈေးကို မီအောင် လိုက်ဈေးတင်မယ်၊ ပစ္စည်းတွေအကုန် ဈေးတက်ကုန်တော့ Inflation ဖြစ်မည့် အကြောင်း၊ ပြည်ပပို့ ကုန်ကြတော့လည်း ကုန်သွယ်ခွန်တွေ မြှင့်ထားတော့ ဈေးတက်လို့ ရောင်းမသွက်၊ ပို့ကုန်ပမာဏတွေကျ၊ GDP ကျ၊ စက်ရုံတွေ အလုပ်မကောင်းတော့ လုပ်သားလျှော့၊ ကုန်သွယ်ခွန် အနိဋ္ဌာရုံတွေ တသီတတန်း ဇယ်စက်သလို စက်မှာဖြစ်ကြောင်း ပြောပါတယ်။
    အကျဉ်းချုပ်လိုက်ရင်တော့ စီးပွားရေးက တုံ့နှေးသွားပြီ Recession ဝင်နိုင်ကြောင်း၊ အမေရိကန် ဒေါ်လာ ၃ ထရီလီယံလောက် နစ်နာနိုင်ကြောင်း ပြောပါတယ်။ Prof Wolf  ကပြောတာက Tariffs ဟာ ဘာ မှထူးဆန်းတာလည်း မဟုတ်ကြောင်း၊ နှစ်ပေါင်း ၅၀ လောက်ကစပြီး ကျင့်သုံးနေတာ ဖြစ်ကြောင်း၊ သူ့မှာ ကြောက်စရာ အကောင်းဆုံးအချက်က "ဘာမှကြိုတင် မှန်းဆလို့မရနိုင်ကြောင်း" ဒါကြောင့်မို့ Free Trade  or Neoliberal or Globalization ဆိုတာတွေ တစ်ဆင့်ခြင်း ပြောင်းလုပ်ခဲ့ရ တာဖြစ်ကြောင်း၊ ဒီနည်းလမ်းကို လိုက်ခဲ့ တာမှားကြောင်းသိလို့ ဘယ်သူမှ Tariff ကို မထိတော့တာကို ခုတော့ ထရမ့်လုပ်လိုက်တာ လက်ပါလွန်သွားပြီး ဒီစစ်ပွဲမှာ သူဘယ်လိုမှ US က နိုင်နိုင်စရာအကြောင်း မရှိဘူးလို့ သုံးသပ်ထားပါ တယ်။

Victor Gao: Vice President, Centre for China and Globalization ; Professor, Sucha University .China.
    Professor Gao ကို ဗြိတိသျှအစိုးရရုပ်သံက လတ်တလော တရုတ်နဲ့ အမေရိကန်ကြား တင်းမာနေတဲ့ ကုန်သွယ်ခွန်ကိစ္စနဲ့ ပတ်သက်ပြီး မေးမြန်းခန်းမှာ နှစ်ဖက်ပညာရှင်များရဲ့ အမြင်ကို ဖတ်ရှုနိုင်ရန် ပူးတွဲတင်ပြ လိုက်ပါတယ်။ Prof Gao ဟာ စာပေသင်ကြားပို့ချမှုသာမက နိုင်ငံတကာကို လှည့်လည် ဟောကြားနေတဲ့ သံတမန်ဟောင်းတစ်ဦး ဖြစ်ပါတယ်။ English နှင့် ဥပဒဘာသာရပ်တွေကို ကျွမ်းကျင်တဲ့ သူတစ်ဦးဖြစ်တဲ့အပြင် တရုတ်ခေါင်းဆောင်ကြီး တိန့်ရှောင်ဖိန်ရဲ့ ဘာသာပြန်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်လို့ ဝါရင့်ပညာရှင်တစ်ဦးအဖြစ်သာမက သံတမန်လောကမှာပါ လူသိများသူ တစ်ဦး ဖြစ်ပါတယ်။ သမ္မတထရမ့်က ကုန်သွယ်ခွန်တိုးမြှင့်တာကို ခွန်းတုံ့ပြန်ရင်း ဘယ်လိုစိန်ခေါ် မှုတွေနဲ့ ရင်ဆိုင်ရင် ရင်ဆိုင်ရပါစေ နောက်တွန့်မှာမဟုတ်ကြောင်း၊ ဘယ်အခြေအနေမျိုးမဆို နောက်ဆုံးစစ်ရေးနဲ့ဖြေရှင်းဖို့ ဝန်လေးမှာမဟုတ်ကြောင်း ပွင့်ပွင့်လင်းလင်းဖြေခဲ့တဲ့အတွက် Talkshow Host တွေက အလွန်သဘောကျကြပါတယ်။ Fourcast ရုပ်သံ Host Krish-nan Guru Murthy က ဒီတင်းမာမှုကနေ စစ်ဖြစ်လာနိုင် သလားဆိုတာနဲ့ပတ်သက်ပြီး Gao က လွန်ခဲ့တဲ့ ၁၉၂၀ / ၁၉၃၀ လောက်မှာ အခုလိုပဲ ကုန်သွယ်မှုနဲ့ ကုန်သွယ်ခွန်ပြဿနာ နှစ်ခုပေါင်းကနေ စစ်ဖြစ်မည့်အလားအလာမျိုး ကြုံခဲ့ရဖူးကြောင်း၊ ဒါကြောင့် အခုလမ်းမှန်ကိုလိုက် သင့်ကြပြီး လွတ်လပ်စွာ ကုန်သွယ်ခြင်း (Free Trade) ကသာ လမ်းမှန်ဖြစ်ကြောင်း၊ (Free Trade) ကို ကာကွယ်ဖို့လိုကြောင်း၊ အင်အားကြီးသူတစ်ယောက်က တခြားလူတစ်ယောက်ကို လွတ်လပ်စွာ ကုန်သွယ်မှုစည်း ကိုကျော်၊ ခေါင်းကိုသေနတ်နဲ့ချိန်ပြီး ကုန်သွယ်ခိုင်းတာ မျိုးနဲ့ မအောင်မြင်နိုင်ကြောင်း၊ ဒီလုပ်ရပ်မျိုးဟာ ကမ္ဘာစစ်ကို ဦးတည်သွားနိုင်ကြောင်း Krishnan က ပြောပါတယ်။ Prof Gao က ဒီ Tariff ကိစ္စဟာ စစ်ဖြစ်နိုင်တာနဲ့ ပတ်သက်လို့ Perspective Without Borders ဆိုတဲ့ ရုပ်သံမှာ အခုလိုပြောထားတာ တွေ့ရပါတယ်။
    "ကျွန်တော်တို့ကတော့ ကုန်သွယ်မှုနဲ့ပတ်သက်လို့ အမေရိကန်နဲ့ လမ်းခွဲတော့မှာ ဖြစ်ပါတယ်။ တခြားနိုင်ငံတွေအတွက်တော့ ခင်ဗျားတို့ အမြော်အမြင် မရှိတာလား၊ အသိတရားမရှိတာလား၊ သတ္တိမရှိတာလား မပြောတတ်ပါဘူး။ အခု ကျွန်တော်တို့လုပ်တာနဲ့ပတ်သက် ပြီးမှန်သလား၊ မှားသလားဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ကြရမှာပါ။ ကျွန်တော်တို့ အနေအထားကတော့ အမေရိကန်က ကုန်သွယ်ခွန် တိုးကောက်တာကို မကျေနပ်လို့၊ ကုန်သွယ်ခွန်စစ်၊ သိပ္ပံနည်းပညာစစ်၊ မိုက်ခရိုချစ်ပ်စစ်၊ Proxy War ကြိုက်တဲ့ စစ်အမျိုးအစားနဲ့ တိုက်ခိုက်လာပါစေ နောက်ဆုံးအသက်နဲ့လဲပြီး တရုတ်ပြည်ကိုကာ ကွယ်သွားမှာ ဖြစ်ပါတယ်လို့ ပြောကြားသွားပါတယ်။ ဒီကုန်သွယ်ခွန်ကိစ္စဟာ နိုင်ငံရေးလောက၊ ပညာရေးလောက၊ စီးပွားရေးလောကတွေမှာ အခုတလော တစ်ယောက်တစ်ပေါက်ပြောနေရတဲ့ ရေပန်းအစားဆုံး အကြောင်းအရာတစ်ခု ဖြစ်နေကြောင်းပါခင်ဗျာ။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 10

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43191

© 2022 - 2025 News. All Rights Reserved.