အနောက်မူဝါဒ၊ ဂျော့ဆိုးရော့စ် အကူအညီနဲ့ NLD ပုံဖော်ခဲ့ရတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းများ

၂၀၂၅ ၊ မတ် ၂

    ခုတလော လားရှိုးမြို့ကိစ္စနဲ့ ပတ်သက်ပြီး အစိုးရနဲ့တပ်မတော်ကို တရုတ်ကြိုးဆွဲရာ ကတဲ့သူတွေလို့ တစ်ဖက်မီဒီယာတွေက ပြည်သူကြား သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ ရေးနေကြတာ မြင်နေရတယ်။ အထူးသဖြင့်တော့ တရုတ်ရေးတဲ့ ဇာတ်ညွှန်းအတိုင်း လိုက်ပါလုပ်ဆောင်နေကြရတယ်ဆိုပြီး မီဒီယာတွေမှာ ဝေေ၀ဆာဆာ ဖော်ပြနေကြတယ်။ တကယ်တော့ တပ်မတော်ရဲ့ ရပ်တည်ချက်ဟာ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အပေါ်မှာပဲ မြဲမြဲရပ်တည်နေတာဖြစ်သလို သွေးမထွက်တဲ့ နိုင်ငံရေး တွေ့ဆုံမှုကတစ်ဆင့် ဖြေရှင်းနေခြင်းသာ ဖြစ်တယ်။ ဒီနေရာမှာ လားရှိုးအရေးကိစ္စနဲ့ ပတ်သက်ပြီး တရုတ်နောက်ဆွဲ အစိုးရလို့ ရေးသားနေကြတာမြင်မိလို့ NLD အစိုးရလက်ထက်က နိုင်ငံတော်နဲ့ တပ်မတော်အတွက် ဘယ်လောက်တောင် အန္တရာယ်ကြီးမားခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ ခြေရှုပ်မှုတွေအကြောင်း ပြောပြချင်လာမိတယ်။
    ပထမဆုံးအနေနဲ့ NLD လက်ထက်က အနောက်နိုင်ငံတွေရဲ့ အရှုပ်တော်ပုံတွေအကြောင်း မပြောခင် ဂျော့ဆိုးရော့စ်နဲ့ ဘာတေးလင့်တနာ အကြောင်းကို အရင်ဆုံး ဖောက်သည် ချရမယ်ထင်တယ်။ တကယ်တော့ ဂျော့ဆိုးရော့စ် ဆိုတဲ့နာမည်ကို ကမ္ဘာ့နိုင်ငံတစ်လွှား နိုင်ငံငယ် အစိုးရတွေအနေနဲ့ ရင်းနှီးကျွမ်းဝင်နေပြီးသား ဖြစ်ကြမှာပါ။ မြန်မာနိုင်ငံနဲ့ပတ်သက်ရင်တော့ သူထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့တာက ၁၉၈၈ အရေးအခင်းပြီးတဲ့ နောက်ပိုင်းလို့ ဆိုရမယ်။ ၈၈ ခုနှစ်နောက်ပိုင်း ၁၉၉၄ ခုနှစ်ခုမှ  Burma Project  ကို စတင်တည်ထောင်ပြီးတော့ ဒီမိုကရေစီအရေးဗန်းပြတဲ့ အဖွဲ့အစည်းတွေတိုင်းကို နောက်ကွယ်ကနေ စဉ်ဆက်မပြတ်ထောက်ပံ့နေတဲ့ အလှူရှင်ပုဂ္ဂိုလ်ဟာ ဂျော့ဆိုးရော့စ် ကိုယ်တိုင်ပဲဖြစ်တယ်။ Burma Project အတွက် အဓိက ထောက်ပံ့နေတဲ့ Open Society Institute (OSI) ရဲ့ ရုံးခန်းကိုတော့ နယူးရောက်မြို့လယ် 5th Avenue မှာ ဖွင့်လှစ်ထားရှိခဲ့ကြသလို ကနဦးအစမှာ ပညာတော်သင်ဆုတွေနဲ့ အစပျိုးခဲ့ကြတာဖြစ်တယ်။ ဒီလို ပညာတော်သင်ဆုနဲ့ ပတ်သက်ရင်တောင် စေတနာသန့်သန့်နဲ့ ကူညီခဲ့တာမျိုးမဟုတ်ဘဲ မြန်မာ့ဒီမိုကရေစီအရေးမှာ ပြန်လည်အသုံးချမယ့် ကျောင်းသားလူငယ်တွေ ကိုပဲ အဓိကထောက်ပံ့ပေးခဲ့တာ ဖြစ်တယ်။ 
    အဲဒီခေတ်ကာလတွေမှာ ဂျော့ဆိုးရော့စ်ဆီက အလှူငွေကို တနင့်တပိုးရနေတဲ့ အဖွဲ့အစည်းပေါင်း ၁၀၀ ကျော် ရှိတယ်ဆိုပေမယ့် အဓိကနာမည်ထွက်ခဲ့တဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာပြည်အကြောင်းကို နှစ်စဉ် အစီရင်ခံစာတွေရေးနေတဲ့ Alternate Asian Network Burma  အဖွဲ့တို့၊  NCGUB လို့ခေါ်တဲ့  ပြည်ပရောက် ညွန့်ပေါင်းအစိုးရအဖွဲ့တို့က နာမည်ကြီးတွေပဲပေါ့။ စာရင်းအချက်အလက် တွေအရဆိုရင် ဝါရှင်တန် ဒီစီမှာအခြေစိုက်တဲ့ ပြည်ပရောက် ညွန့်ပေါင်းအစိုးရ အဖွဲ့ရဲ့ မြန်မာ့ဒီမိုက‌ရေ စီအရေး ဆောင်ရွက်လှုပ်ရှားဖို့အတွက် ဂျော့ဆိုးရော့စ်က နှစ်စဉ် အမေရိကန်ဒေါ်လာ ရှစ်သောင်းခွဲအထိတောင် ထောက်ပံ့ပေးအပ်ခဲ့တာမျိုး ရှိခဲ့တယ်လို့ သိရတယ်။ မှတ်မိသလောက် ၁၉၉၄ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးနယ်ပယ်၊ မီဒီယာစာနယ် ဇင်းနယ်ပယ်တွေထဲက ပုဂ္ဂိုလ်အယောက် ၄၀ နဲ့ အဖွဲ့ အစည်းတွေကို ဆိုးရော့စ်က ငွေကြေးထောက်ပံ့မှုတွေ အစဉ်တစိုက် လုပ်ပေးခဲ့တာ သတိပြုမိတယ်။ 
    လက်ရှိ DVB ဒီမိုကရက်တစ် ဗမာ့အသံခေါ် နော်ဝေနိုင်ငံ အော့စလိုမြို့ အခြေစိုက်တဲ့ အသံလွှင့်လုပ်ငန်းရဲ့ ရုပ်သံတင်ဆက်မှု လုပ်ငန်းတွေကိုလည်း ဆိုးရောစ့်ကပဲ ထောက်ပံ့ပေးခဲ့သလို လန်ဒန်အခြေစိုက်အဖွဲ့၊ နယူးယောက်အခြေစိုက် အာရှဒေသ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch/ Asia တို့ဆိုတာကလည်း ဆိုးရော့စ်ရဲ့ Burma Project စီမံချက်ထဲမှာ ပါဝင်ခဲ့တဲ့ အစီအမံတွေ ဖြစ်ခဲ့တယ်။  နောက်တစ်ခါ - စာရေးဆရာတစ်ဦးဖြစ်တဲ့ ဘာတေးလင့်တနာ (Bertil Lintner) ဆိုတာကလည်း မြန်မာပြည်သူတွေနဲ့ သိပ်စိမ်းလှတဲ့ သူတစ်ယောက်တော့ မဟုတ်ဘူး။ စာရေးဆရာ ကျော်ဝင်း ဘာသာပြန်ခဲ့တဲ့ 'ဗမာပြည်ကွန်မြူနစ် ပါတီ၏ နေထွက်ချိန်နှင့်နေဝင်ချိန်' ဆိုတဲ့စာအုပ်ကို ရေးခဲ့သူဆို ရင်လည်း မမှားဘူးပေါ့။ ဘာတေးလင့်တနာဆိုတာ အရှေ့ဖျား စီးပွားရေးစာစောင်တွေမှာ ပင်တိုင် သတင်းနဲ့ဆောင်းပါးတွေ ရေးပေးနေတဲ့သူ ဖြစ်သလို မြန်မာ့အရေးနဲ့ပတ်သက်ရင်လည်း မဟုတ်တမ်းအကြောင်းအရာတွေကို မကြာခဏ သတင်းဆောင်းပါးတွေ ရေးနေတတ်တဲ့သူတစ်ဦးလည်း ဖြစ်တယ်။ တကယ်တော့ ဒီလိုရေးနိုင်ဖို့အတွက် ဆိုးရောစ့်ရဲ့ ငွေကြေးထောက်ပံ့မှုနဲ့ မြန်မာပြည်ရဲ့ နယ်စပ်ဒေသ တွေမှာ ကိုယ့်အိမ်ကိုယ့်ယာလို ဝင်ထွက်သွားလာနိုင်တဲ့သူတစ်ယောက်လည်း ဖြစ်နေပြန်တယ်။ 
    ဂျော့ဆိုးရော့စ်ဟာ မြန်မာ့နိုင်ငံရေး ကစားကွက်ထဲကိုပဲ ဝင်ကစားခဲ့တဲ့သူတော့ မဟုတ်ခဲ့ဘူး။ ၁၉၉၇ နှစ်လယ်ပိုင်းမှာ ထိုင်းနိုင်ငံရဲ့ ငွေကြေး (ဘတ်ငွေ) ကမောက်ကမဖြစ်ပြီး နိုင်ငံ့စီးပွားရေး ကသောင်းကနင်း ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှာလည်း ထိုင်းဘတ်ငွေတွေကို ဈေးကစားရင်း အမြတ်ငွေတွေကို သဲ့ယူနေခဲ့ကြတဲ့ဖြစ်ရပ်ရဲ့ နောက်ကွယ်မှာ ဆိုးရောစ့်ကိုယ်တိုင် ရှိနေခဲ့တယ်။ အဲဒီ ဖြစ်ရပ်မှာ ဘဏ်လုပ်ငန်း ၅၀ ကျော်ကို ထိုင်းအစိုးရက ငွေကြေးတွေ စိုက်ထုတ်ပြီး ကယ်ခဲ့ရသလို အပြည်ပြည်ဆိုင်ရာ ဈေးကွက်မှာလည်း ငွေကြေးတန်ဖိုးတွေ ထိုးကျသွားခဲ့ရတဲ့ ဖြစ်စဉ်တွေကြောင့် ထိုင်းအစိုးရနဲ့ မလေးရှား အစိုးရတွေကတော့ ဒီဖြစ်ရပ်တွေမှာ ဆိုးရောစ့်ရဲ့ စနက်မကင်းဘူးလို့ သုံးသပ်ခဲ့ကြတယ်။ ဒီလိုစွပ်စွဲနိုင်ဖို့အတွက်လည်း တချို့သော နိုင်ငံတကာ ဖြစ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဆိုးရောစ့် ကိုယ်တိုင် ပါဝင်ပတ်သက်နေတဲ့ ဖြစ်စဉ်တွေလည်း သာဓကအနေနဲ့ ရှိနေခဲ့တယ်။ ဥပမာ- အမေရိ ကန်နိုင်ငံသမ္မတ ရွေးကောက်ပွဲရဲ့ နောက်ကွယ်တွေတိုင်းမှာ ဝင်ရောက်စွက်ဖက် ခြေရှုပ်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့သလို ဆားဘီးယားနိုင်ငံကနေ ကိုဆိုဗိုပြည်နယ် ခွဲထွက်နိုင်ရေးကိစ္စတွေနဲ့ ကမ္ဘာတစ်လွှားက နိုင်ငံရေးဖြစ် စဉ်တွေရဲ့ နောက်ကွယ်မှာ ဆိုးရောစ့်အနေနဲ့ ထဲထဲဝင်ဝင် ပတ်သက်ခဲ့တာ တွေ့မြင်နိုင်တယ်။ မြန်မာနိုင်ငံနဲ့ပတ် သက်ရင်တော့ ရခိုင်ပြည်နယ်က ဘင်္ဂါလီ-ရခိုင် အရေးအခင်းတွေမှာ သိသိသာသာ နောက်ကွယ်ကနေ ဘင်္ဂါလီတွေဘက်က ငွေကြေးထောက်ပံ့မှုတွေ လုပ်ခဲ့တာတွေလည်း ထင်ထင်ရှားရှား တွေ့နိုင်လိမ့်မယ်။
    ဂျော့ဆိုးရော့စ် (George Soros) အနေနဲ့ ၁၉၉၀ ပြည့်လွန်ကာလကတည်းက မြန်မာနိုင်ငံနဲ့ပတ်သက်ရင် ဒီမိုကရေစီအရေးအကြောင်းပြပြီး သွယ်ဝိုက်ထောက်ပံ့ပေးခဲ့ပေမယ့် ၂၀၁၀ နောက်ပိုင်းကာလ အထူးသဖြင့် NLD အစိုးရတက်လာချိန်မှာတော့ Open Society Foundations (OSF) ကနေတစ်ဆင့် မြန်မာ့အရေးမှာ တိုက်ရိုက်လှုပ်ရှားခွင့် ရလာခဲ့တယ်။ အချက်အလက်နဲ့ တိတိကျကျ ပြောမယ်ဆိုရင်တော့ Open Society Foundations ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ဂျော့ဆိုးရော့စ်ဟာ ၂၀၁၆ ခုနှစ် စက်တင်ဘာ ၂၄ ရက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပြည်ထောင်စု နယူးယောက်မှာ ပထမဆုံးအကြိမ် တွေ့ခဲ့သလို  ၂၀၁၇ ခုနှစ် ဇန်နဝါ ရီ ၁၁ ရက်မှာ ဂျော့ဆိုးရော့စ်နဲ့အတူသားဖြစ်သူ Open Society Foundations ရဲ့ ဒုတိယဥက္ကဋ္ဌ အလက်ဇန္ဒားဆိုးရော့စ်နဲ့ နေပြည်တော်မှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံပြီး မြန်မာနိုင်ငံမှာ Open Society Foundations ရဲ့ လက်ခွဲတစ်ခုဖြစ်တဲ့ Open Society Myanmar ကို ဖွင့်လှစ်နိုင်ဖို့ ခြေလှမ်းစခဲ့ကြတာ တွေ့ကြရမှာဖြစ်တယ်။ မြန်မာ့နိုင်ငံရေးကို ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နိုင်ဖို့ ဂျော့ဆိုးရောစ့်အနေနဲ့ ၂၀၁၄ ကနေ ၂၀၁၇ ဆိုတဲ့ သုံးနှစ်အတွင်း မြန်မာနိုင်ငံကို လေးကြိမ်အထိ လာရောက်ခဲ့သလို သူ့ရဲ့ သားဖြစ်သူကလည်း ၂၀၁၇ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်း ခုနစ်ကြိမ်အထိ လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်း စုကြည်နဲ့ ခြောက်ကြိမ်အထိ တွေ့ဆုံဆက်ဆံခဲ့တာကို ကြည့်ရင် NLD အစိုးရရဲ့နောက်ကွယ်မှာ အမေရိကန်ရဲ့လက်မည်းကြီး ဂျော့ဆိုးရောစ့်အနေနဲ့ ဘယ်လောက်တောင် ပါဝင်ပတ်သက်မှု ရှိခဲ့လိမ့်မလဲဆိုတာ မြင်သာစေလိမ့်မယ်။ (မြန်မာပြည်ကို လာတဲ့အခါတိုင်းလည်း ရန်ကုန်၊ ကန်တော်ကြီး စောင်းက Chatrium Hotel တစ်လွှာလုံးကိုယူပြီး တစ်ဖွဲ့လုံးနေကြတယ်။ ကိုယ်ပိုင် ဂျက်လေယာဉ်နဲ့ လာတယ်။)
    ဒါပေမဲ့ မြန်မာ့နိုင်ငံရေးကို ခြယ်လှယ်တဲ့အခါမှာတော့ ဆိုးရောစ့်ကိုယ်တိုင် လူလုံးထွက်ပြပြီး လှုပ်ရှား ခဲ့တာမျိုးတော့ မဟုတ်ဘူး။ ဒီနေရာမှာ အဓိကဇာတ် ကောင်အဖြစ်နဲ့ လှုပ်ရှားခဲ့တာကတော့ ဒေါ်အောင်ဆန်း စုကြည်ရဲ့ အကြံပေးအဖြစ်နဲ့ တာဝန်ယူခဲ့တဲ့ သြစတေးလျားနိုင်ငံသား ရှောင်တာနယ် ဆိုတဲ့ပုဂ္ဂိုလ်က အဓိက ပါဝင်ပတ်သက်ခဲ့တာ တွေ့ရမှာဖြစ်တယ်။ တကယ်တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးအဖြစ်နဲ့ ရှောင်တာနယ်ကို ခန့်အပ်ခဲ့တယ် ဆိုတာကလည်း အနောက်နိုင်ငံတွေရဲ့ စနက်တွေကြောင့်ပါပဲ။ စီးပွားရေးအကြံပေးလို့ နာမည်ခံထားပေမယ့် အမေရိကန်ရဲ့ ပြည်နယ်ဦးစီးဌာနတွေ၊ အမေရိကန်ထောက်ပံ့တဲ့ လက်ခွဲပေါင်းများစွာရှိတဲ့ အေဂျင်စီတွေမှာလည်း လုပ်ကိုင်ခဲ့ဖူးတဲ့ ရှောင်တာနယ်ဟာ NLD အစိုးရနဲ့ အနောက်နိုင်ငံ အစိုးရကြားမှာ ပေါင်းကူးတံတားအဖြစ်နဲ့ ရှိနေခဲ့တာ ထင်ရှားတယ်။ ဒီနေရာမှာ သာမန်မြန်မာပြည်သူတွေ သတိမပြုမိတဲ့အချက်က ရှောင်တာနယ်ဟာ အမေရိကန်ရဲ့ မူဝါဒတွေကို ဂျော့ဆိုးရောစ့်ရဲ့ ငွေကြေးထောက်ပံ့မှု အကူအညီနဲ့ မြန်မာ့နိုင်ငံရေးမှာ လိုအပ်သလို ပုံဖော်နေတယ်ဆိုတဲ့ အချက်ကို ထောက်ပြရမယ် ထင်တယ်။
    အနောက်နိုင်ငံရဲ့ မူဝါဒအတိုင်း ရှောင်တာနာ တစ်ယောက် အကောင်အထည်ဖော်ပေးနေရတယ်ဆိုတဲ့ စွပ်စွဲချက်ကို အသိသာဆုံးဖြစ်စေတဲ့ လုပ်ရပ်တွေထဲမှာ မြစ်ဆုံဆည်စီမံကိန်းကို NLD လက်ထက် အကောင်အထည်ဖော်ဖို့ မကြိုးစားခဲ့တာလည်း တစ်ချက်အပါအဝင် ဖြစ်တယ်။ အထူးသဖြင့် တရုတ်နဲ့ ဆက်စပ်နေတဲ့ စီမံကိန်းတွေ၊ တရုတ်ရင်းနှီးမြှုပ်နှံမှုလုပ်မယ့် သတ္တုတွင်းလုပ်ငန်းတွေကို ကန့်သတ်မှုများစွာ လုပ်ခဲ့ကြတယ်။ နောက်ထပ် ဥပမာတစ်ခုကတော့ NLD အစိုးရလက်ထက်မှာ စီးပွားရေးအကြံပေးဖြစ်တဲ့ ရှောင်တာနယ်ရဲ့ အကြံပေးချက်အရ ပင်းပက် (Pinpet) သံမဏိစက်ရုံနဲ့ မြင်းခြံသံမဏိစက်ရုံစီမံကိန်းတွေကို အပြီးပိတ်သိမ်းဖို့ ဆုံးဖြတ်ခဲ့ကြတာတွေ့နိုင်တယ်။ ဒီစက်ရုံတွေဟာ မြန်မာနိုင်ငံရဲ့ သံမဏိလိုအပ်ချက်ကို ဖြည့်ဆည်းနိုင်တဲ့ လုပ်ငန်းတွေဖြစ်သလို ဒေသခံတွေရဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း အများကြီး အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းတွေဖြစ်ပေမယ့် တပ်မတော်နဲ့ ဆက်နွှယ်တဲ့လုပ်ငန်းတွေ ဖြစ်တယ်ဆိုတဲ့ အကြောင်း ပြချက်နဲ့ အပြီးတိုင် ပိတ်သိမ်းခဲ့ကြတာ ဖြစ်တယ်။ ဒီလိုဖြစ်လာစေဖို့အတွက် အဓိကလုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က တပ်မတော်ကို နည်းလမ်းပေါင်းစုံနဲ့ ထိန်းချုပ်နိုင်ဖို့အတွက်ဖြစ်သလို တစ်ဖက်မှာလည်း တရုတ်တည်ဆောက်ချင်တဲ့ BRI (Belt and Road Initiative) စီမံကိန်းတွေကို ထိန်းချုပ် ဟန့်တားနိုင်ဖို့ ရည်ရွယ်ခဲ့တာ ဖြစ်တယ်။
    ဒီလိုနောက်ကွယ်ကနေ လုပ်နေတဲ့ ဂျော့ဆိုးရောစ့်ရဲ့ Open Society Foundations ကနေ မြန်မာနိုင်ငံအခြေစိုက် Open Society Myanmar အဖွဲ့ကို အမေရိကန်ဒေါ်လာ ငါးသန်းလွှဲပို့ထားတဲ့ ဖြစ်စဉ်တွေကိုလည်း ၂၀၂၁ ခုနှစ် မတ်လ ၁၅ ရက်စွဲနဲ့ အစိုးရက ဖော်ထုတ်နိုင်ခဲ့တယ်။ ၂၀၂၁ ခုနှစ်နောက်ပိုင်း မြန်မာ နိုင်ငံမှာ နိုင်ငံရေးအရေးအခင်းတွေ စဖြစ်တော့ OSF အနေနဲ့  NUG နဲ့ CDM လှုပ်ရှားမှုတွေကို ဒီငွေကြေး တွေကတစ်ဆင့် သွယ်ဝိုက်ထောက်ပံ့ပေးခဲ့တာတွေလည်း လုပ်ခဲ့ကြတယ်။ (ပြည်တွင်းက ဘဏ်တစ်ခုရဲ့ CEO တစ်ယောက်ဆိုရင် ဂျော့ဆိုးရော့စ်ပံ့ပိုးတဲ့ CDM ထောက်ပံ့ ငွေဒေါ်လာသုံးသန်းကို သူ့ဘဏ်ကနေ အဲဒီတုန်းက ထုတ်ပေးခဲ့လို့ နိုင်ငံပိုင်မီဒီယာတွေမှာ ဖော်ပြခဲ့တယ်။)
    တကယ်တော့ ဂျော့ဆိုးရောစ့်ကသာ နောက်ကွယ်ကနေ မသိမသာ မြန်မာ့နိုင်ငံရေးမှာ ပါဝင်နေပေမယ့် အမေရိကန်၊ ဥရောပသမဂ္ဂ၊ ဗြိတိန်နဲ့ ကနေဒါစတဲ့ နိုင်ငံတွေအနေနဲ့ ဒီမိုကရေစီအရေး အကြောင်းပြပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်မှာ NLD အစိုးရကို သိသိသာသာ ထောက်ပံ့မှုတွေ ပေးခဲ့တယ်။ ဥပမာ- အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေး အေဂျင်စီဖြစ်တဲ့ USAID အနေနဲ့ ၂၀၁၈ ကနေ ၂၀၂၀ အတွင်း အမေရိကန်ဒေါ်လာ သန်း ၄၀ ကျော်ကို မြန်မာ့ရွေးကောက်ပွဲနဲ့ ဒီမိုကရေစီ ဖွံ့ဖြိုးရေး ခေါင်းစဉ်နဲ့ ထောက်ပံ့ပေးခဲ့သလို ၂၀၂၀ ရွေးကောက်ပွဲ မတိုင်ခင်မှာလည်း အမေရိကန် သံရုံးအနေနဲ့ ရွေးကောက်ပွဲစာရင်း စစ်ဆေးရေးဆော့ဖ်ဝဲနဲ့ နည်းပညာပစ္စည်းတွေ ထောက်ပံ့ပေးခဲ့တာ တွေလုပ် ခဲ့တယ်။ NDI (National Democratic Institute) & IRI (International Republican Institute) လို့ခေါ်တဲ့ အဖွဲ့အစည်းတွေကလည်း USAID အဖွဲ့အစည်းကတစ်ဆင့် အမေရိကန်ဒေါ်လာ ၁၀ သန်းကျော် ထောက်ပံ့ခဲ့သလို ဥရောပသမဂ္ဂနဲ့ ဗြိတိန်က ရွေးကောက်ပွဲအတွက် အကြောင်းပြပြီး အမေရိကန်ဒေါ်လာ ၃၅ သန်းကျော် ထောက်ပံ့ပေးခဲ့ကြတယ်။ 
    ဒီဖြစ်စဉ်တွေ အားလုံးကိုခြုံပြီးကြည့်လိုက်ရင် မြန်မာ့နိုင်ငံရေးဖြစ်စဉ်ရဲ့နောက်ကွယ်မှာ အနောက်နိုင်ငံတွေအနေနဲ့ NLD လက်ထက် ဘယ်လောက်တောင် ခြေရှုပ်ခဲ့ကြသလဲဆိုတာ ရှင်းရှင်းကြီး တွေ့မြင်နိုင်ခဲ့ကြမှာပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကြံပေးအဖြစ်လုပ်ကိုင်ခဲ့တဲ့ ရှောင်တာနယ်ရဲ့ အကြံပြုချက်တွေဆိုတာကလည်း မြန်မာနိုင်ငံမှာ တရုတ်နိုင်ငံက လုပ်မယ့်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းတွေကို ကန့်သတ်ထိန်းချုပ်ဖို့ အဓိကရည်ရွယ်ခဲ့တာဖြစ်သလို တစ်ဖက်မှာလည်း တပ်မတော်ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့နိုင်ဖို့အတွက် သီးသန့်ရည်ရွယ်ခဲ့ခြင်းသာ ဖြစ်တယ်။ အနောက်နိုင်ငံတွေရဲ့ မူဝါဒအတိုင်း အကောင်အထည်ဖော်ခဲ့ရတဲ့ NLD အစိုးရအနေနဲ့ ရှောင်တာနယ်ရဲ့ အကြံပေးချက်အတိုင်း စနစ်တကျ အကောင်အထည် ဖော်နိုင်ခဲ့တယ်ဆိုပေမယ့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဆုတ်ခွာခဲ့တာကြောင့် စီးပွားရေး ကျဆင်းမှုတွေလည်း ဖြစ်ပေါ်ခဲ့ရတယ်။ သမ္မတကြီး ဦးသိန်းစိန် တာဝန်ယူခဲ့ရတဲ့ ပထမဒီမိုကရေစီ အစိုးရလက်ထက်မှာ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေ၊ စီးပွားရေးနဲ့ လူမှုစီးပွားဘ၀ ပြုပြင်ပြောင်းလဲမှုတွေ၊ အုပ်ချုပ်ရေးယန္တရား တိုးတက် ကောင်းမွန်မှုတွေ၊ အတိုက်အခံတွေကို ပင်မနိုင်ငံရေးဖြစ်စဉ်ထဲ ခေါ်ဆောင်နိုင်မှုတွေ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့နဲ့ လက်မှတ်ရေးထိုးနိုင်မှုတွေ၊ မီဒီယာဖြေလျှော့ မှုနဲ့ နိုင်ငံတကာဆက်ဆံရေး ပြန်လည်ထူထောင်နိုင်မှုတွေကို အဆင့်ဆင့်လုပ်နိုင်ခဲ့ပေမယ့် NLD လက်ထက်မှာတော့ အနောက် နိုင်ငံနဲ့ ဂျော့ဆိုးရောစ့်တို့ရဲ့ မူဝါဒအတိုင်း စစ်ဘက်-အရပ်ဘက်ဆက်ဆံရေးကို ထိခိုက်စေနိုင်တဲ့ အရေးကြီးတဲ့ ဥပဒေတွေ ပယ်ဖျက်ခဲ့ကြတာ နောက်ဆုံး ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင် ဆင်/ဖျက်သိမ်းဖို့အထိ ကြိုးပမ်းခဲ့တာတွေ ထင်ထင်ရှားရှား တွေ့မြင်နိုင်တယ်။ တကယ်တော့ ရခိုင် ပြည်နယ်မှာ ဖြစ်ခဲ့တဲ့လူမျိုးရေး ပဋိပက္ခအရေးကိုလည်း နိုင်ငံတကာဇာတ်ခုံ အထိရောက်အောင် ကိုဖီအာနန်ကို ခန့်အပ်ဖြေရှင်းခဲ့တာကလည်း အနောက်နိုင်ငံရဲ့ စနက်ကင်းဖွယ်မရှိဘူး။ တကယ်တော့ ဒီလို နိုင်ငံရေးအခြေအနေ ကြုံနေရတဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဉ်ကြီးမှာ NLD အစိုးရသာ နောက်ထပ်တစ်ကြိမ် အာဏာထပ်ရခဲ့ရင် မြန်မာ့နိုင်ငံရေးဟာ တွေးရဲစရာတောင်ရှိမယ်မထင်ဘူး။ တပ်မတော်ဟာ အနောက်မူဝါဒ၊ ဂျော့ဆိုးရော့စ် အကူအညီနဲ့ NLD အစိုးရ ဖျက်ချင်တိုင်း ဖျက်နေတဲ့နိုင်ငံကို အချိန်မီ ကယ်တင်ခဲ့တယ်လို့တောင် ညွှန်းဆိုလို့ရမယ် ထင်ပါတယ်။ 
(နရီမိုး)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 6

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43191

© 2022 - 2025 News. All Rights Reserved.