ကွန်ဖြူးရှပ်ရဲ့ ကရုဏာဒဿန

၂၀၂၅ ၊ ဩဂုတ် ၃
    တရုတ်ပြည်ဟာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း နိုင်ငံတော်ကြီး၊ ကျွန်တော်တို့နဲ့ ကူးလူးဆက်ဆံ ထိတွေ့မှုအများဆုံးရှိတဲ့ နိုင်ငံတော်ကြီး၊ ဒီနိုင်ငံတော်ကြီးဟာ နှစ်ပေါင်းထောင်ချီပြီး သမိုင်းခေတ်တွေကို ဖြတ်သန်းတည်တံ့နေနိုင်တယ်ဆိုတာ သူ့မှာခိုင်မာအားကောင်းတဲ့ နိုင်ငံတည် ဆောက်ရေး သဘောတရား ရှိနေလို့ပဲ ဖြစ်ပါတယ်။ တရုတ်ပြည်ရဲ့ နိုင်ငံတည်ဆောက်ရေးသဘော တရားတွေထဲမှာ တရုတ်ပညာ ရှိကြီး 'ကွန်ဖြူးရှပ်'ရဲ့ သြဝါဒများ၊ ဒဿနများ၊ လမ်းညွှန်နီတိများဟာ အထူးပဲ အရေးပါခဲ့တယ်လို့ သိရပါတယ်။ ကွန်ဖြူးရှပ်ဝါဒဟာ တရုတ်ပြည်ကြီးနဲ့အတူ ရှင်သန်ခဲ့ရာက မော်စီတုန်းခေတ် ယဉ်ကျေး မှုတော်လှန်ရေးကာလမှာတော့ ကွန်ဖြူးရှပ်ကျမ်းတွေ မီးရှို့ ဖျက်ဆီးပစ်တဲ့အထိ ရှုတ်ချခြင်း ခံခဲ့ရပါ တယ်။
    ဒါပေမဲ့ အမှန်တရားဆိုတာ သေနိုင်ပါရိုးလား။ ဒီမှာဘက်ခေတ်မှာ တရုတ်ကွန်မြူနစ်ပါတီက ကွန်ဖြူးရှပ်ဝါဒကို ပြန်ဖွင့်ပေးခဲ့ပါတယ်။ ကွန်ဖြူးရှပ်ဝါဒကို ဘာသာစကားအမျိုးမျိုးနဲ့ ဘာသာပြန်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာဘာသာပြန်အနေနဲ့ ဆရာတော်ကောင်း မင်းကတရုတ်ဘာသာမှ တိုက်ရိုက်ဘာသာ ပြန်ခဲ့ပြီး ပုဂံ စာအုပ်တိုက်က ၂၀၁၁ မတ်လမှာ ပုံနှိပ်ထုတ်ဝေခဲ့ပါတယ်။ (ဆရာတော်ကောင်းမင်းဟာ တရုတ်ခေါင်းဆောင်ကြီး ကျန်စီမင်းအကြောင်း ရေးသားပြုစုခဲ့ပြီး ဒီစာအုပ်နဲ့ ဘာသာပြန် အမျိုးသားစာ ပေဆုရခဲ့သူ ဖြစ်ပါတယ်။) ယခု တရုတ်ဘာသာမှ တိုက်ရိုက် ဘာသာပြန်ထားတဲ့ 'ကွန်ဖြူးရှပ်ကထာ' ကျမ်းမှာ ကွန်ဖြူးရှပ်အကြောင်း နိဒါန်းမိတ်ဆက်၊ အောက်ခြေမှတ်စုများ၊ နောက်ဆက်တွဲအမည်နဲ့ နေရာဒေသ အညွှန်းတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားပါတယ်။
    ကွန်ဖြူးရှပ်အကြောင်းကတော့ ၂၈ စက်တင်ဘာ ၅၅၁ ဘီစီမှာ ဖွားမြင်၊ အသက်သုံးနှစ်မှာ ဖခင်ကွယ်လွန်ခဲ့ရာ ငယ်ဘဝမှာ ဆင်းရဲကျပ်တည်းခဲ့၊ ဒါပေမဲ့ ပညာသင်လိုစိတ် ပြင်းပြခဲ့၊ မိခင်ကွယ်လွန်ပြီးနောက် အိမ်ထောင်ပြုခဲ့၊ သားတစ်ဦးရ၊ ၅၅၂ ဘီစီမှာ 'ထန်ဇု'ထံမှ ရှေးဟောင်းပညာရပ်များ ဆည်းပူးခဲ့၊ စပါးကျီစောင့်၊ သိုးထိန်း၊ နွားကျောင်းသားအဖြစ်လုပ်ကိုင်ခဲ့ရပြီး အသက်သုံးဆယ်အရွယ်ရောက်မှ မိမိ ကိုယ်မိမိ ရပ်တည်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဘဝက မတည်ငြိမ်သေးပါဘူး။ ဠုပြည်မှာ အရေးအခင်း ဖြစ်ပွားတော့ ကျောင်း မင်းရှုံးနိမ့်တယ်။ ကွန်ဖြူးရှပ်လည်း ချီပြည်ကို ထွက်ပြေးရတယ်။ ချီပြည် အမတ်ကြီးက အကောက်ကြံတော့ ဠုပြည်သို့ ပြန်ပြေးလာရတယ်။ ကွန်ဖြူးရှပ်ရဲ့ အရေးကြီးတဲ့ ဘဝမှတ် တိုင်းများကတော့ ...
    ၅၁၂ ဘီစီ အသက် (၄၀) တွင် ယုံမှားခြင်း ကင်းလာ၏။ ၅၀၂ ဘီစီအသက် (၅၀)တွင် ကြမ္မာကို သိလာ၏။ ၄၉၂ ဘီစီ အသက် (၆၀) တွင် နားဝင်သဘောပေါက်ခြင်း ရှိလာ၏။ ၄၈၂ ဘီစီ အသက် (၇၀) တွင် စိတ်၏အလိုကျ လုပ်နိုင်လာလျက် ထုံးစံကိုမူ မကျော်လွန်ပေ။ (စာ-၂၃)
    အဲဒီမှာ 'ယုံမှားခြင်းကင်း'၊ 'ကြမ္မာကိုသိ'၊ 'နား ဝင်သဘောပေါက်'ဆိုတာတွေဟာ တရားဓမ္မနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုနိုင်ပါတယ်။ (ဘာကို ယုံမှားခြင်းကင်းတယ်၊ ဘာကိုနားဝင်သဘော ပေါက်တယ်ဆိုတာ တိတိကျကျ ဖော်ပြမထားပေမယ့် လောက၊ ဓမ္မနှစ်ဌာနလုံး အပေါ် သဘော ပေါက်သွားတဲ့အတွက် ကွန်ဖြူးရှပ်ဟာ ပညာရှိ သုခမိန်ကြီးတစ်ဆူ ဖြစ်လာခဲ့တယ်လို့ ယူဆပါတယ်။) ၄၉၇ ဘီစီမှာ ဠုပြည်မှ ခွာ၍ ပြည်တကာလှည့် လည်ခဲ့တယ်။ ဝေ့ပြည်၊ ချန်ပြည်၊ စုန့်ပြည်၊ ချိတ်ပြည်တို့မှာ ၁၃ နှစ်ကြာ လှည့်လည်ခဲ့ခြင်းများက အတွေ့အကြုံများ၊ သင်ကြားခြင်းများ၊ ဆင်ခြင်တွေးခေါ်ခြင်းများက ဆရာကြီး ကွန်ဖြူးရှပ်ကို ပိုပြီး ပညာပြည့်ဝစေခဲ့ပါတယ်။ ကွန်ဖြူးရှပ်ဒဿန အနှစ်ချုပ်ကတော့ 'ကရုဏာ'ဖြစ်ပါ တယ်။ လောကကြီးကို ကရုဏာဖြင့် ထိန်းကျောင်းတည် ဆောက်ခြင်းဖြစ်ပါတယ်။ ကွန်ဖြူးရှပ်ကထာကျမ်းမှာ ကရုဏာအကြောင်း အကြိမ်ကြိမ် သွန်သင်ညွှန်ပြထားပါတယ်။
    - ကရုဏာရှိသော သူသည် ခက်ခဲသောအမှုကို ရှေးဦးစွာပြုစု၍ အသီးအပွင့်ဆွတ်ခူးသောအမှုကို နောက်ကျစွာပြု၏။ ဤသည်ကို ကရုဏာဟုဆိုနိုင်ပေ၏။' (စာ- ၆၅)
    - ကရုဏာရှိသော သူသည် မိမိကိုယ်ကိုယ် ရပ်တည်လိုသော ဆန္ဒရှိ၏၊ တစ်ပါးသူကိုလည်း ရပ်တည်စေ၏။ မိမိကိုယ်ကိုယ် ပေါက်မြောက်စေလိုသော ဆန္ဒရှိ၍ တစ်ပါးသူကိုလည်း ပေါက်မြောက်စေ၏။ မိမိ ကိုယ်ကိုယ် နှိုင်းယှဉ်၏။ ဤသည်က ကရုဏာကို ဖော်ဆောင်သောနည်းလမ်းဟု ဆိုနိုင်ပေတကား။ (စာ-၆၇)
    - ပြည်သူသည် ကရုဏာကို ရေမီးတို့ထက်သာ ၍ လိုအပ်၏။ ရေမီးသည်ကား ငါသည် ခုန်ချ၍ သေသောသူကို တွေ့မြင်ဖူး၏။ ကရုဏာထဲသို့ ခုန်ချ၍ သေသောသူကို မတွေ့မြင်ဖူးပေ။ (စာ-၁၄၁)
    - လောက၌ ဤငါးပါးကို လုပ်ဆောင်နိုင်သော် ကရုဏာရှိသောသူ ဖြစ်ပေသတည်း။ ရိုသေခြင်း၊ သဘော ထားကြီးခြင်း၊ ယုံကြည်မှု၊ ဖျတ်လတ်ခြင်း၊ ကျေးဇူးပြုခြင်း တည်း။ (စာ-၁၅၁)
    ကရုဏာဆိုတာ ကြင်နာခြင်းလို့ ကွန်ဖြူးရှပ်က ပြောပါတယ်။ တကယ်တော့ ပညာရှိမျက်လုံးနဲ့ ကြည့်လိုက်ရင် လောကကြီးဟာ သနားစရာပါပဲ။ ဒါကြောင့်လည်း ကွန်ဖြူးရှပ်ဟာ လောကကြီးကို ကရုဏာအမြင်နဲ့ ရှုမြင်ပြီး ကရုဏာတရားကို တွင်တွင်ကြီး သင်ကြားပေးခဲ့ခြင်း ဖြစ်ပါတယ်။ အဲဒီခေတ် တရုတ်ပြည်ဟာ စုစည်းနိုင်ခြင်းမရှိသေးဘဲ တစ်ပြည်နှင့်တစ်ပြည် စစ်မက်မကြာ ခဏဖြစ်၊ စစ်ဘေး စစ်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နဲ့ဆိုတော့ အလိုအပ်ဆုံးအရာဟာ ကရုဏာပဲ မဟုတ်ပါလား။
    ဟိန္ဒူ(ဗြဟ္မဏ)ဝါဒနဲ့ ဗုဒ္ဓဘာသာမှာ ဗြဟ္မစိုရ် တရားလေးပါး (မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာ) ဆိုတာ လူ့လောကကို ထိန်းကျောင်းပဲ့ပြင်ပေးတဲ့ တရားများဖြစ်ပါတယ်။ ဆရာကြီး ကွန်ဖြူးရှပ်ကတော့ 'ကရုဏာ'ကို အဓိကထားပါတယ်။ ဆရာကြီး ကွန်ဖြူးရှပ်ဟာ ကရုဏာကတစ်ဆင့် သူတော်ကောင်း တရားကို မျက်စိဖွင့်ပေးခဲ့ပါတယ်။
    - သူတော်ကောင်းသည် အစာစားရာတွင် ဝမ်းဝခြင်းကို မလိုက်စား၊ နေထိုင်ရာတွင် သက်သာခြင်းကိုမလိုက်စား၊ အလုပ်လုပ်ရာတွင် ဖျတ် လတ်လင့်ကစား စကားဆိုရာတွင် သတိရှိကာ တရားရှိသောသူထံ ဆည်းကပ်၍ မိမိကိုယ်ကိုယ် ဖြောင့်မတ်စေသော် သင်ယူခြင်းကို နှစ်ခြိုက်သောသူဟု ဆိုနိုင်ပြီတကား။ (စာ-၃၀)
    - သူတော်ကောင်းသည် ကရုဏာကို စွန့်ပယ်သော် အဘယ်အားဖြင့် အမည်တွင် မည်နည်း။ သူတော်ကောင်းသည် အစာတစ်နပ်စားသော အခိုက်မျှပင်လျှင် ကရုဏာကို မသွေဖည်၊ ကတိုက်ကရိုက် ဖြစ်သော အခါ၌လည်း ထိုနည်းလည်းကောင်းပင်၊ ခလုတ်ထိသောအခါ၌လည်း ထိုနည်းကောင်းပင်။ (စာ-၄၇)
    - သူတော်ကောင်းသည် နွမ်းပါးလင့်ကစား ကြံ့ကြံ့ခံ၏။ သူယုတ်မာသည် နွမ်းပါးသည်နှင့် မဆင်မခြင်ပြုတော့၏။ (စာ-၁၃၅)
    - သူတော်ကောင်းသည် ဖြောင့်မှန်ခြင်းဖြင့် အရင်းပြု၏။ လောကဝတ်ဖြင့် ဖော်ဆောင်၏။ နိဝါတဖြင့် ထွက်ဆို၏။ ယုံကြည်မှုဖြင့် ပြီး မြောက်၏။ သူတော် ကောင်းပေတကား။ (စာ-၁၃၈)
    - သူတော်ကောင်းတွင် ပညတ်သုံးပါးရှိ၏။ ငယ်စဉ်အခါ သွေးသားသည် အခြေမတည်သေးသဖြင့် ရာဂ၌ ပညတ်အပ်၏။ သန်စွမ်းကြံ့ခိုင်၍ သွေးသားပြည့် ဖြိုးလာသောအခါ တိုက်ခိုက်ခြင်း၌ ပညတ်အပ်၏။ အိုမင်း၍ သွေးသားဆုတ်ယုတ်သောအခါ ရယူခြင်း၌ ပညတ်အပ်၏။ (စာ-၁၄၆)
    - သူတော်ကောင်းသည် တရားကို လိုက်စား၍ ရိက္ခာကို မလိုက်စား၊ ကောက်စိုက်သော် ဤအတွင်း၌ ငတ်မွတ်ခြင်းသည်ရှိ၏။ သူတော် ကောင်းသည် တရားအတွက်ပူပန်၍ နွမ်းပါးခြင်းအတွက် မပူပန်။ (စာ-၁၄၀)
    ဆရာကြီးကွန်ဖြူးရှပ်ဟာ ပညာရှိသူတော် ကောင်းပီသစွာ 'အရိယာ'တို့အကြောင်းကိုလည်း မမေ့မလျော့ထည့်သွင်း မိန့်ကြားခဲ့ပါတယ်။ အရိယာဆိုတာ သူတော်စင်၊ ကိလေသာ၊ လောဘဒေါသ မောဟတွေ ကင်းစင်နေတဲ့ သူတော်စင် ဆရာကြီးက ဒီလိုမိန့်ပါတယ်။
    'အရိယာအား ငါသည် တွေ့မြင်ခြင်းငှာမတတ် နိုင်ပေ။ သူတော်ကောင်းအား တွေ့မြင်ခြင်းငှာ တတ်နိုင်လျှင် သင့်ချေပြီတကား' (စာ-၇၂)
    'ပြည်သူအား များစွာပေးကမ်း၍ လူထုအား စွန့်ကြဲ၏။ အဘယ်သို့နည်း။ ကရုဏာဟု ဆိုနိုင်ပါသလား။ အဘယ်ကြောင့် ကရုဏာဟုဆိုမည်နည်း။ အရိယာဟုပင် ဆိုထိုက်ပြီတကား' (စာ-၆၆)
    အရိယာဆိုတာ ဆရာကြီးကွန်ဖြူးရှပ် အလွန်တန်ဖိုးထားတဲ့ ကရုဏာထက်ပင် အဆင့်မြင့်နေကြောင်း ရည်ညွှန်းထားပါတယ်။ ဆရာကြီးကိုယ်တိုင်ဟာ အရိယာလို့ ဝန်ခံခြင်း မပြုသော်လည်း တရားဓမ္မကို အတိုင်းအတာတစ်ခုအထိ ထိုးထွင်းသိမြင်ခဲ့ကြောင်း ထင်ရှားပါတယ်။ ဒါပေမဲ့ ဆရာတော်ကောင်း မင်းက ကွန်ဖြူးရှပ်၏ အတွေးအခေါ်မှာ ပညာရေး၊ လူမှုရေးနှင့် နိုင်ငံရေးတို့တွင် အဓိကထားပေရာ ဘာသာရေးနှင့်များစွာ ပတ်သက်ခြင်းမရှိပေလို့ နိဒါန်းစကား ဆိုထားပါတယ်။ ဆရာကြီးကိုယ်တိုင်က ဒီလို မိန့်ကြားခဲ့ပါတယ်။
    'မိုးသောက်ချိန်၌ တရားကို ကြားသိရသော် နေဝင်ချိန်၌ သေပျော်ပြီတကား' (စာ-၄၇)
    ဆရာကြီးသည် ဤသို့ မိန့်တော်မူ၏။ တရား၌ ရည်သန်၏။ ကရုဏာ၌ မှီခို၏။ သီလ၌ အခြေပြု၏။ သုခုမပညာ၌ ကျင်လည်၏။ (စာ-၆၉)
    ဆရာကြီးဟာ သီလအကြောင်း၊ တရားဓမ္မ အကြောင်း အမြဲသွန်သင်လေ့ ရှိပါတယ်။ ဒါတွေဟာ ဘာသာရေးရဲ့ အခြေခံနဲ့ ပန်းတိုင်ပဲ မဟုတ်ပါလား။ သူတော်ကောင်း ဂုဏ်ရည်ကို ဆရာကြီး တခမ်းတနား မိန့် ကြားနေလေ့ရှိတာလည်း ဘာသာရေးနဲ့ ပတ်သက်နေတာပဲ မဟုတ်ပါလား။
    ဘာသာရေးဆိုတာနဲ့ လောကုတ္တရာသက်သက်ဟု မထင်မှတ်စေလိုပါ။ ဘာသာရေးအသီးသီးမှာ လောကကြောင်း လမ်းညွှန်ချက်တွေ အများကြီးပါနေပါတယ်။ ဥပမာ ဗုဒ္ဓဘာသာမှာ မင်္ဂလသုတ်ဟာ လောကကိုအခြေခံတဲ့ လောကုတ္တရာ ညွှန်ပြချက်ဖြစ်ပါတယ်။ သိင်္ဂါလော ဝါဒသုတ်မှာ မိဘဝတ်၊ သားသမီးဝတ်၊ ဆရာ့ဝတ်၊ တပည့်ဝတ်တို့ကို ညွှန်ပြထားတာ လောကကြောင်းပါပဲ။ မင်းကျင့်တရား ရာဇဓမ္မတို့ကိုလည်း ရှင်တော်ဘုရားကဆုံးမ လမ်းပြတော်မူခဲ့ပါတယ်။ ဆိုလိုတာက လောကသည် ဘာသာရေးနှင့် ကင်းလွတ်နေသည်မဟုတ်၊ ဘာသာရေး ဆိုတာသည်ပင်လျှင် လောကအတွက် ပွင့်ပေါ်လာခြင်း ဖြစ်ပေရာ လောကနှင့် ဘာသာရေးကို သီးခြားခွဲထုတ် ပစ်လို့မရဘူးလို့ ပြောချင်တာပါ။
    ကွန်ဖြူးရှပ်ဟာ သာမန်ပညာရှိမဟုတ်၊ ခေတ်တစ်ခေတ်မှာ ပေါ်ပေါက်လာပြီး ပျောက်ကွယ်သွားတဲ့ အမေ့ခံပညာရှိမျိုးမဟုတ်၊ ခေတ်အဆက်ဆက် တရုတ်ပြည်ကြီးကို လွှမ်းမိုးထားရုံမက ကမ္ဘာကပင် လေ့လာသင် ကြားနေရသော ဝါဒçဒဿနဖြစ်ပေရာ ကွန်ဖြူးရှပ်ဝါဒမှာ ဓမ္မဓာတ်သတ္တိများ ကိန်းဝပ်နေ တာ ယုံမှားစရာမရှိပါပေ။ ကွန်ဖြူးရှပ်က 'ယုံမှားခြင်းကင်း၊ ငါစွဲကင်း'တယ်လို့ ဆိုထားပေရာ ဒိဋ္ဌိနဲ့ ဝိစိကိစ္ဆာပြုတ်သွားတဲ့ သူတော်ကောင်း ကြီးလေလားလို့ မှန်းဆကြည့်မိပါတယ်။ ဒီပညာရှိ သူတော်ကောင်းကြီးဟာ လောကဝတ်များကို သွန်သင်ခဲ့ရာ မင်းစိုး ရာဇာတို့ကိုလည်း သွန်သင်ဆုံးမ သြဝါဒပေးခဲ့ ပါတယ်။
    'ပြုပြင်ခြင်း'ဆိုတဲ့ စကားစဉ်အောက်မှာ ဆရာကြီးညွှန်ပြခဲ့တာတွေထဲက ကောက်နုတ်ဖော်ပြ လိုက်ပါတယ်။ 'ဖြောင့်မတ်သောသူကို မြှောက်စား၍ ကောက်ကျစ်သောသူကို ဖယ်ရှားသော် ပြည်သူသည် နာခံပေအံ့။ ကောက်ကျစ်သောသူကို မြှောက်စား၍ ဖြောင့်မတ်သော သူကို ဖယ်ရှားသော် ပြည်သူသည် မနာခံပေအံ့။' (စာ-၃၆)
    'ပြည်ပြုခြင်းသည် ဖြောင့်မတ်ခြင်းမည်၏။ မင်းကြီးသည်သာ ဖြောင့်မတ်ခြင်းအားဖြင့် ဦးဆောင်သော် အဘယ်သူသည် မဖြောင့်မတ်ဘဲ ရှိဝံ့မည်နည်း။'(စာ- ၁၀၉)
    'အုပ်ချုပ်သူသည် လောကဝတ်ကို နှစ်ခြိုက်သော် ပြည်သူသည် မလေးစားဘဲ ရှိဝံ့မည်လော။ အုပ်ချုပ်သူသည် တရားမျှတခြင်းကို နှစ်ခြိုက်သော် ပြည်သူသည် မနာခံဘဲ ရှိဝံ့မည်လော။ အုပ်ချုပ်သူသည် ဖြောင့်မတ်ခြင်းကို နှစ်ခြိုက်သော် ပြည်သူသည် အမှန်ဖြစ်သော စိတ်ထားဖြင့် မတုံ့ပြန်ဘဲ ရှိဝံ့မည်လော။' (စာ-၁၁၅)
    ဒီမှာဘက်ခေတ် တရုတ်ပြည်ရဲ့ ခေါင်းဆောင်ကြီး ကျန်ဇီမင်းဟာ ကွန်ဖြူးရှပ်ဝါဒ၏ အနှစ်ကို ကွန်မြူနစ်ဝါဒ ကျင့်သုံးသော ပါတီထဲသို့ သွင်းယူလာသည့် ပထမဆုံး လူဖြစ်သည်လို့ ဆိုပါတယ်။ ဘီစီ ၄၇၉ မှာ ဆရာကြီးကွန်ဖြူးရှပ် (အသက်(၇၂)နှစ်အရွယ်မှာ) ကွယ်လွန်သွားခဲ့ပါတယ်။ ကွန်ဖြူးရှပ် ကွယ်လွန်သွားပေမယ့် ကွန်ဖြူးရှပ်ဝါဒကတော့ နှစ်ပေါင်းထောင်ချီ တည်တံ့နေဆဲ၊ လောကဝတ်ကို သာမက ဓမ္မဝတ်ကိုပါ ဖော် ထုတ်သင် ကြားပေးခဲ့တဲ့အတွက် သံမဏိသက်ရှည်ကြာ ရှင်သန်နေ ခြင်းဖြစ် တယ်လို့ ဆိုနိုင်ပါတယ်။
(မြတ်ဘုန်းသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၈ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 7

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

48524

© 2022 - 2025 News. All Rights Reserved.