စည်းလုံးညီညွတ်စွာ ခရီးဆက်ခဲ့ကြရင်

၂၀၂၅ ၊ စက်တင်ဘာ ၁၈

    'ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်' ဆိုတဲ့စကားဟာ ဘယ်အချိန်၊ ဘယ်ကာလမှာပဲဖြစ်ဖြစ် မှန်ကန်တဲ့အခြေအနေတစ်ခုသာ ဖြစ်ပါတယ်။ ဒါကို မှန်ကန်တဲ့အမြင်နဲ့ မြင်အောင်ကြည့်ပြီး မှန်ကန်စွာ လေးစားလိုက်နာဖို့ လိုပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးကာလမှ စတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးကိုကြည့်ရင် တူရာစုတဲ့ အုပ်စုလေးတွေပေါ်လာတာ တွေ့ရမှာဖြစ်ပါတယ်။ ဝါဒရေးရာအရသော် လည်းကောင်း၊ စစ်ရေးအရသော်လည်းကောင်း၊ ဒေသတွင်းအရသော်လည်ကောင်း၊ စီးပွားရေးအရသော် လည်းကောင်း အသီးသီးဖွဲ့စည်းလာခဲ့ကြတာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    သဘော သဘာဝကို ကြည့်ရင် မိမိတစ်ဦးတည်း ထီးတည်းရပ်တည်လို့ မရတော့တဲ့ သဘောကို ဆောင်လာတဲ့ အခြေအနေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီလို အခြေအနေမှာလည်း ဂုဏ်သိက္ခာရှိရှိ ပေါင်းစည်းနိုင်ဖို့က ကိုယ့်ပြည်တွင်းရဲ့ အင်အားသာလျှင် အရင်းဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ ဥပမာအားဖြင့် လက်ရှိဖြစ်ပွားနေတဲ့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံဖြစ်ပွားနေတဲ့ စစ်ကိုကြည့်ရင် ပြည့်အင်အားဟာ ဘယ် လောက်အရေး ကြီးတယ်ဆိုတာ ထင်ရှားပါတယ်။ နေတိုးအုပ်စုက ရုရှားကို သွေးတိုးစမ်းတဲ့အနေနဲ့ ယူကရိန်းကို အနံ့ပေးမျှားလိုက်တာကို တွေ့ရမယ်။ အဲဒီမှာ ဘုမသိဘမသိနဲ့ ဇီလန်စကီးက အရူးထလိုက်တာ ရုရှားက ကောက်တီးလိုက်တော့ လက်ရှိအချိန်မှာ ယူကရိန်းအနေနဲ့ ဘယ်လိုဖြစ်သွားလဲ။ ကော့နေအောင်ကို ခံနေရတာပဲမဟုတ်လား။ နေတိုးနဲ့ အနောက်အုပ်စုက ဘယ်လိုပဲနည်းပညာ လက်နက်ခဲယမ်း ကူညီကူညီ အခြေခံအားဖြင့် ပြည်တွင်း အင်အားက မယှဉ်နိုင်တော့ ရုရှားပြုသမျှ နုရတဲ့ကိန်းကို ဆိုက်နေတာပဲ မဟုတ်လား။ ရေရှည်သွားလေ ပိုဆိုးလေဖြစ်လိမ့်မယ်။ ယူကရိန်းသာ ရုရှားကိုယှဉ်နိုင်တဲ့အင် အားသာ ရှိကြည့်။ ခုချိန်မှာ နေတိုးအဖွဲ့ဝင် ဖြစ်ပြီးတာ ကြာလှပြီလို့မြင်တယ်။ 
    နိုင်ငံငယ်လေးတွေအနေနဲ့ ကမ္ဘာကို ရင်ပေါင်တန်းနိုင်ဖို့ လိုအပ်တဲ့အချက်တွေ အများကြီးရှိပေမယ့် အခြေခံအကျဆုံး အဓိက လိုအပ်ချက်ကဘာလဲ။ ပြည်တွင်း စည်းလုံးညီညွတ်မှုပဲ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုမရှိဘဲနဲ့ ဘာကိုမှ အခြေခံကျကျ မတည်ဆောက်နိုင်ခဲ့တာ ပြီးခဲ့တဲ့ မြန်မာ့ပြည်တွင်းရေး အခြေအနေတွေကို ပြန်သုံးသပ်ကြည့်ရင် တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေး မရခင်ကတည်းက ကွဲနေခဲ့တာ လွတ်လပ်ရေးရပြီးနောက် စည်းလုံးညီညွတ်စွာ  ပြည်ထောင်စုနိုင်ငံထူထောင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ သို့သော် လွတ်လပ်ရေးရပြီးချိန်ကနေ အခုချိန်ထိ စည်းလုံးညီညွတ်ပြီး တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် မရရှိသေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ 
    လွတ်လပ်ရေးမရခင် ကိုလိုနီဘဝမှာကတည်းက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ခွဲခြားထားခဲ့ကြတာ။ လွတ်လပ်ရေးပေးတော့လည်း သူတို့အလိုကျ ဆက်ဖြစ်ဖို့ ကရင်လူမျိုးတွေကို ဆူးတစ်ချောင်း ထိုးပေးခဲ့တာကို တွေ့ရပါလိမ့်မယ်။ အဲဒီအချိန်ကစပြီး မြန်မာနိုင်ငံမှာ လက်ဝဲ လက်ယာ လက်နက်ကိုင်လမ်းစဉ်စခဲ့တာ ပဲဖြစ်ပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရချိန်မှာ မြန်မာနိုင်ငံရေးသမားတွေဟာ လက်ဝဲအယူအဆကို ပိုအားသန်ကြပါတယ်။ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေချည်းပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းသည်ပင်လျှင် လက်ဝဲအယူအဆ အားသန်သူ ဖြစ်ပါတယ်။ ၁၉၄၇ ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကိုကြည့်ရင် နိုင်ငံရေးစနစ်က လက်ယာ၊ စီးပွားရေးက လက်ဝဲဆိုတာ တွေ့ရပါလိမ့်မယ်။ ထိုစဉ် အခါက ကိုလိုနီနိုင်ငံငယ်လေးတွေအနေနဲ့ လက်ဝဲ၊ လက်ယာ ပြဿနာ ကြုံခဲ့ကြရတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ထိုအကျိုးဆက်အရ လက်ဝဲလက်ယာ နိုင်ငံတွေအဖြစ် ကွဲသွားကြပါတယ်။ အဲဒီလိုဖြစ်ခဲ့တဲ့ နိုင်ငံတွေက အခုအခါမှာ သာယာအေးချမ်းနေတာကို တွေ့ရပြီး ထိုစဉ်အခါက လက်ဝဲလက်ယာ ကြားချခဲ့တဲ့ မြန်မာနိုင်ငံက အခုအခါမှာ တည်ငြိမ်မှုအနည်းဆုံးဖြစ်နေတာကို တွေ့ရမှာပါ။ ခုချိန်ထိမပြိုကွဲ သေးတာ တပ်မ တော်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့ အမျိုးသားရေး အမြင်မှန်နေလို့ပဲ ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှု ယိုယွင်းနေတာဟာ ပြည်တွင်း လက်ဝဲလက်ယာ နှစ်ဖက်ညှပ်တိုက်တာက အစပြု ကြီးထွားလာရာကနေ ပြည်ပပယောဂ ဝင်ပူးခဲ့ကြတဲ့အတွက်ပဲ ဖြစ်ပါတယ်။ 
    ၁၉၄၉ ခုနှစ် လက်နက်ကိုင်လမ်းစဉ်စပြီးနောက်မှာ လက်ဝဲဗကပက မြို့ရွာအတော်များများကို သိမ်းယူနိုင်ခဲ့သလို လက်ယာ KNU , KNDO တို့ကလည်း ရန်ကုန်ကွက်ကွက်ကလေးသာ ကျန်တဲ့အထိ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။ မြန်မာပြည်ကို ဗကပနဲ့ ကရင် နှစ်ခြမ်းခွဲကြတော့မယ့်အန္တရာယ်ဟာ တပ်မတော်ရဲ့ စွမ်းဆောင်ရည်ကြောင့် ကင်းဝေးခဲ့ကြရတာပဲ ဖြစ်ပါတယ်။ အဲဒီ မြန်မာနိုင်ငံရဲ့ လက်ဝဲ လက်ယာ လက်နက်ကိုင်လမ်းစဉ် အကွဲအပြဲနဲ့ တရုတ်ကွန်မြူနစ်နဲ့ အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ တိုက်ပွဲဟာ မြန်မာ့ပြည်တွင်းရေးမှာ တဖြည်းဖြည်းချင်း ပတ်သက်မှုကြီးထွား လာခဲ့ပါတယ်။ ဗကပက တရုတ်ရဲ့အကူအညီကိုတိုက် ရိုက်ရယူခဲ့သလို KNU/KNDO တို့ကလည်း အနောက်အုပ်စုရဲ့ အကူအညီကို တိုက်ရိုက်ရယူခဲ့ကြပါတယ်။ ဒီလို လက်နက်ကိုင်အဖွဲ့တွေဟာ တဖြည်းဖြည်းနဲ့ လက်ဝဲလက်ယာအုပ်စုတွေရဲ့ Proxy ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြတာပဲဖြစ်ပါတယ်။ 
    အမေရိကန် စပွန်ဆာပေးထားတဲ့ ပြည်ပြေး မြန်မာ Media တွေရဲ့ လုပ်ရပ်ကိုကြည့်ရင် 'တပ်မတော် မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး' လုပ်ငန်းစဉ်တွေကို ဝါဒဖြန့်နေကြတာ တွေ့ရမှာဖြစ်ပါတယ်။ ဒီယန္တရားကြောင့် ဒီဘက်ခေတ်လူငယ်တွေဟာ အခြေအနေမှန်ကို မသိကြတော့ဘဲ တပ်မတော်ကို အမြင်မကြည်လင်ရာကနေ မုန်းတဲ့အဆင့်အထိ ဖြစ်လာနေတာပဲ ဖြစ်ပါတယ်။ ဒီရက်ပိုင်းအတွင်းမှာ 'ဝ' UWSAက ကျန်လက် နက်ကိုင် အဖွဲ့တွေကို ထောက်ပံ့မှု မလုပ်တော့ဘူးလို့ ခေါ်ယူပြောဆိုတာ၊ တရုတ်ပြည်တွင်းမှာ 'ဝ'ရဲ့ပိုင်ဆိုင်မှုတွေချိတ်ပိတ်နေတယ်ဆိုပြီး သတင်းဖြစ်နေတာတွေနဲ့ ပတ်သက်ပြီး ဒီမီဒီယာတွေက ဖွနေကြတာတွေ့ရမှာ ဖြစ်ပါတယ်။ အောင်ဇော်ရဲ့ ဧရာဝတီသတင်းဌာနက အဆိုးဆုံးပါ။ ကြည့်ရတာ အမေရိကန်ထောက်ပံ့မှု ရပ်ဆိုင်းထားတဲ့အပေါ် စိတ်ပြန်လည်လာအောင် သခင့်အကြိုက်လိုက်ပြီး ဟောင်နေတာများလားမသိ။ နဂိုကတည်းက သခင်အားရ ကျွန်ပါး၀ လုပ်တတ်တဲ့သဘော ရှိနေတော့လေ။ 
    မြန်မာပြည်မှာရှိတဲ့ တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့တွေကိုကြည့်ရင် အုပ်စုသုံးမျိုး တွေ့ရပါတယ်။ တစ်မျိုးက အမျိုးသားရေးအမြင်နဲ့ ကိုယ့်လူမျိုးကိုယ်ကာကွယ်ချင်လို့ လက်နက်ကိုင်ထားပြီး တပ်မတော်နဲ့ နီးစပ်တဲ့အုပ်စု၊ နောက်တစ်မျိုးက သမိုင်းကြောင်းနဲ့ လူမျိုးချင်း နီးစပ်ပြီး တရုတ်ကိုမှီခိုနေ တဲ့အုပ်စု၊ နောက်တစ်အုပ်စုကတော့ ဘာသာရေးကို အခြေခံပြီး အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ လက် ဝေခံအုပ်စုတွေပဲ ဖြစ်ကြပါတယ်။ ဒါတွေဟာ မြန်မာ့ပြည်တွင်းရေးမှာ ဘာတွေအနှောင့်အယှက် အဟန့်အတား ဖြစ်စေသလဲဆိုတော့ ပြည်တွင်း နိုင်ငံရေးအကွဲအပြဲ၊ နိုင်ငံခြားရေးမူဝါဒနဲ့ နိုင်ငံခြားဆက်ဆံရေး ကိစ္စရပ်တွေမှာ အဟန့်အတားများစွာ ဖြစ်စေခဲ့ပါတယ်။ အနောက်အုပ်စုရဲ့ China Containment Policy အရ လက်ဝဲလက်ယာ အားပြိုင်နေကြတဲ့ကာလမှာ မြန်မာအစိုးရကို သူ့ဘက်ကိုယ့်ဘက် ဆွဲနေကြတာ၊ သူ့ လူကိုယ့်လူ အစိုးရဖြစ်စေချင်ကြတာတွေကို တွေ့ရမှာပါ။ ချမှတ်ထားတဲ့ နိုင်ငံခြားရေးမူဝါဒဟာ ပြည် တွင်းစည်း လုံးညီညွတ်မှုမကောင်းတဲ့အတွက် ထိပါးခံနေရတယ်ဆိုတာကို မြင်အောင်ကြည့်ကြဖို့ လိုပါတယ်။ ဒါဟာ Proxy Effect တွေလို့ ဆိုရမှာဖြစ်ပါတယ်။ ဒီအကျိုးဆက်က စီးပွားရေးနဲ့ ဖွံ့ဖြိုးတိုး တက်ရေးကို ထိစေပါတယ်။ 
    တရုတ်နိုင်ငံနဲ့ 'ဝ' UWSA ရဲ့ ပြဿနာဟာ သိပ်ဆန်းတဲ့ကိစ္စတော့ မဟုတ်ဘူး။  'ဝ'ကို ဒီလိုအခြေ အနေမျိုးဖြစ်အောင် ဘယ်သူလုပ်ပေးခဲ့တာလဲ။ မြန်မာ ပြည်တွင်းမှာနေထိုင်တဲ့ 'ဝ'အနေနဲ့ ဗမာအပါအဝင် ကျန်တိုင်းရင်းသားတွေနဲ့ တရုတ်ကိုယှဉ်ရင် ဘယ်သူနဲ့ပိုမိုရင်းနှီးသလဲ၊ ဘယ်သူ့ကို ပိုမိုအားကိုးသလဲ။ မြန်မာနဲ့ တရုတ်ကြားမှာ ဘယ်လိုကစားနေသလဲ။ ဒါတွေဟာ အဖြေပဲဖြစ်ပါတယ်။ တရုတ်နဲ့မြန်မာ နိုင်ငံရဲ့ ဆက်ဆံရေးကိုကြည့်ရင် တရုတ်ဘက်က နှစ်ခွဖြစ်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ၁၉၅၀ ပြည့်နှစ်ကစပြီး ဗကပဒုဥက္ကဋ္ဌ သခင်ဗသိန်းတင်ဦးဆောင်တဲ့ အဝေးရောက် ဗကပ ဗဟိုကော်မတီဟာ တရုတ်ကွန်မြူနစ်ပါတီရဲ့ အကူအညီနဲ့ တရုတ်ပြည်တွင်းမှာ အခြေချပါတယ်။ ပြည်ပနဲ့ပေါင်းပြီး ပြည် တွင်းဗကပတွေကို အကူအညီပေးနေခဲ့တာပါ။ ပြည်တွင်းမှာ ဗကပတွေ ကျဆုံးတော့မယ့် အရိပ်အယောင် တွေ့ရင် ပြည်ပကနေ အကူအညီပေးပါတယ်။ ဗကပရဲ့ ၅၅ လမ်းစဉ်ဟာ အဝေးရောက် ဗဟိုကော်မတီရဲ့ ပေးပို့မှုအရ ဖြစ်တည်ခဲ့တာပါ။ သခင်သန်းထွန်းကိုယ်တိုင်ပင် ပြင်လို့မရ လက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီက ချမှတ်ပေးခဲ့တဲ့ လမ်းစဉ်ဖြစ်လို့ ပြင်လို့မရခဲ့တာလို့ သိရပါတယ်။ တစ်ခါတလေ စိတ်အချဉ်ပေါက်ပြီး ဖြစ်စေချင်မိတယ်။ တရုတ်ကူညီပေးတဲ့ အတိုင်း ဗကပနိုင်ပြီး မြန်မာနိုင်ငံ ကွန်မြူ နစ်နိုင်ငံ ဖြစ်ပါစေပေါ့လေ။ အဲဒီအချိန်ကြရင် ပက်ပက်စက်စက် ကွန်မြူနစ်နိုင်ငံ မဖြစ်စေဖို့ အသက်စွန့် တိုက်ခိုက်ခဲ့ရတဲ့ တပ်မတော်ကို ဆဲနေကြတဲ့ အနောက်မျှော် လစ်ဘရယ်သမားတွေ ဘယ်လိုများ နေကြမလဲဆိုတာ စဉ်းစားမိတယ်။ တီအန်မင်ရင်ပြင်ကလို တင့်ကားနဲ့ တက်ကြိတ်ရင် ဘယ်လိုများနေကြ မလဲမသိ။ အသံတောင် ထွက်ရဲကြမယ် မထင်ဘူး။ 
    ၁၉၆၇ ခုနှစ်မှာ ဗကပအဝေးရောက် ဗဟိုကော်မတီဟာ တရုတ်အကူအညီနဲ့ သခင်ဗသိန်းတင် ဦးစီးပြီး ရှမ်းမြောက်ဒေသမှာ ဒေသခံတိုင်းရင်းသားတွေကို အမာခံထားပြီး စစ်ဒေသဖွဲ့စည်းထူထောင် ခဲ့ကြပါတယ်။ စစ်ရေးအကြံပေးအဖြစ် တရုတ်တပ်နီတော်က ဗိုလ်ချုပ်တစ်ယောက်က တာဝန်ယူပါတယ်။ စစ်ဦးစီးချုပ် အဖြစ် KNDO နဲ့အတူတောခိုခဲ့တဲ့ ကချင်သေနတ်ကိုင်တပ်ရင်းက ဗိုလ်ကြီး နော်ဆိုင်းကို တာဝန်ပေးပါတယ်။ 'ဝ'နဲ့ ကိုးကန့်တွေကို အခြေခံဖွဲ့စည်းခဲ့တာပဲ ဖြစ်ပါတယ်။ ဗကပ မဖွဲ့ခင်မှာပင်'ဝ'၊ ကိုးကန့်နဲ့ ကော်ဆိုး(အခါ)တွေဟာ တရုတ်အကူအညီနဲ့ လက်နက်ကိုင်နေကြပြီဖြစ်ပါတယ်။ 'ဝ'၊ ကိုးကန့်၊ အခါ၊ လားဟူ အစရှိတဲ့ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင်တော်လှန်ရေးဟာ ရှမ်းစော်ဘွားတွေကို တော်လှန်ရာက စပါတယ်။ တရုတ်က 'ဝ'နဲ့ ကိုးကန့်ကို အမာခံထားပြီး ရှမ်းမြောက်ဒေသနဲ့  အခါလူမျိုးကို အမာခံထားပြီး ကျိုင်းတုံဒေသ မိုင်းယောင်းနယ်မြေမှာ ကော် ၈၁၅ ဆိုပြီး ဗကပ အမာခံဒေသတွေ ဖွဲ့စည်း ပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒီအချိန်ဟာ ဗိုလ်ချုပ်ကြီးနေဝင်းအစိုးရနဲ့ အနောက်အုပ်စုအဆင်ပြေနေပြီး တရုတ်-ဗမာ အရေးအခင်းအရ တရုတ်နဲ့ မြန်မာဆက်ဆံရေး အတန်အသင့် တင်းမာနေတဲ့ကာလပဲ ဖြစ်ပါတယ်။ ရှမ်းပြည်နယ်အတွင်းမှာရှိတဲ့ ဗကပခေါင်းဆောင်တွေ အားလုံးမှာ အနည်းဆုံး ကိုယ်ပိုင်နာ မည် နှစ်မျိုးစီရှိကြပါတယ်။ တစ်မျိုးက ကိုယ်ပိုင်တိုင်းရင်း သားနာမည်နဲ့ တစ်မျိုးက ဘုံအဖြစ် တရုတ်နာ မည်ပါ။ အဖွဲ့အတွင်းမှာ တရုတ်နာမည်ကိုသာ သုံးကြပါတယ်။ 
    ဒီလို သမိုင်းအခြေခံရှိခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ ပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားတွေထက် တရုတ်နဲ့ ပိုမိုရင်းနှီးကြတာ သိပ်မဆန်းဘူးလို့ ဆိုရပါမယ်။ ၁၉၈၉ ခုနှစ်ကစပြီး တပ်မတော်အစိုးရနဲ့ တရုတ်တို့ရဲ့ ဆက်ဆံရေးဟာ အရင်းနှီးဆုံးအခြေအနေထိ ဖြစ်လာခဲ့တဲ့အတွက် ရှမ်းပြည်နယ်နဲ့ ဒီတိုင်းရင်းသားဒေသတွေ တည်ငြိမ်အေးချမ်းစွာ ဖွံ့ဖြိုးလာခဲ့တာကို တွေ့ရမှာဖြစ်ပါ တယ်။ ဒီနေရာမှာ တစ်ခုသတိထားကြည့်ဖို့လိုတာ ရှိပါတယ်။ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုးတက်လာတဲ့အမြင်နဲ့ ပြောင်းလဲလာတဲ့သဘာဝပဲ ဖြစ်ပါတယ်။ နိုင်ငံနှစ်နိုင်ငံကြားမှာက စားတတ်လာတာပဲ ဖြစ်ပါတယ်။ တရုတ်နဲ့ဆက်ဆံရင် မြန်မာနိုင်ငံအလံ ထောင်ထားတတ်သလို သူတို့လုပ်ချင်တဲ့ကိစ္စ တချို့ဆို တရုတ်ရဲ့ သဘောထားအရဆိုတာမျိုးတွေ လုပ်လာကြတာတွေ့ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တတိယအင်အားစုအဖြစ် ယူနန်နယ်စပ်မှာရှိတဲ့ ကူမင်တန်အကြွင်းအကျန် အဆက်အသွယ်တွေက တစ်ဆင့် တရုတ်(တိုင်ပေ)နဲ့ အမေရိကန် CIA ကို ဆက်သွယ်နေ ကြပြီလည်း ဖြစ်ပါတယ်။ ၁၀၂၇ စစ်ရေး လှုပ်ရှားမှု ဒုတိယပိုင်းမလုပ်ခင် ချင်းမိုင်မှာ 'ဝ'အပါအဝင် FPNCC အဖွဲ့ဝင်  တိုင်းရင်းသား ခုနစ်ဖွဲ့ဟာ အမေရိကန် CIA ကပေးတဲ့သင်တန်းကို တက်ရောက်ခဲ့ကြတဲ့အထိ ခြေလှမ်းသွက်လာခဲ့ကြပါတယ်။ 
    ၁၀၂၇  စစ်ဆင်ရေးနဲ့ပတ်သက်ပြီး ကျန်တိုင်းရင်းသားအဖွဲ့တွေကို အကူအညီမပေးဖို့ တရုတ်က 'ဝ'ကို တင်းတင်းကျပ်ကျပ်တားပါတယ်။ 'ဝ'ကအကူအညီ မပေးဘူးလို့ တရုတ်ကို လေနဲ့ကတိပေးပေမယ့် လက်တွေ့မှာ လူ၊ လက်နက်အားလုံး အကူအညီပေးခဲ့တာ အားလုံးအသိဆိုတော့ တရုတ်မသိဘဲ မနေဘူးဆိုတာ ရှင်းပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ သဘောထားက တဖြည်းဖြည်းချင်း ထင်သာမြင်သာ ဖြစ်လာတာတွေ့ရပါတယ်။ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နေပြီ ဖြစ်တဲ့အတွက်လည်း သိက္ခာကို ရှေ့တန်းတင်လာပုံရပါတယ်။ "နှစ်နိုင်ငံ အကျိုးစီးပွားအတွက် G to G သွားချင်တယ်။ နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုအတွက် အစိုးရကိုအခြေခံပြီး နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ပိုမိုတည်ဆောက်လိုနေတယ်။ လက်ရှိ ကမ္ဘာ့အခင်းအကျင်းတွေအရ နှစ်နိုင်ငံအကျိုးစီးပွားအတွက် ဗဟိုအစိုးရနဲ့ ခိုင်မာတဲ့ ဆက်ဆံရေးက ပိုအရေးကြီးတယ်လို့ မြင်လာတယ်။ လက်ရှိ လက်နက်တွေနဲ့ ကြားခံသဘာဝအရ Proxy နယ်မြေကျဉ်းကျဉ်း လေးဟာ ဒုံးတစ်ကမ်းစာတောင် မရှိတဲ့အတွက် အကျိုးမရှိနိုင်ဘူး။ ဒါ့အပြင် လက်ရှိလက်နက်ကိုင်အဖွဲ့ တွေရဲ့ လှုပ်ရှားရပ်တည်မှုက အချိန်မရွေးသစ္စာဖောက်သွားနိုင် တယ်ဆိုတာကို မြင်လာတယ်။ သူတို့ရှိပြီး လက်နက်ကိုင် ထားခြင်းက နှစ်နိုင်ငံဆက်ဆံရေး၊ တရားဝင်စီးပွားရေး၊ လူမှုရေး၊ မူးယစ်ဆေးဝါး အစရှိတဲ့ ကိစ္စတွေမှာ အဟန့်အတားဖြစ်လာနိုင်တယ်ဆိုတာ သဘောပေါက်လာပုံရတယ်။ သူတို့ကိုအခွင့်အရေး ပေးထားခြင်းက တရုတ်အနေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို ထောက်ခံအားပေးရာရောက်နေတဲ့အတွက် သူတို့ကို သက်ဆိုင်ရာနိုင်ငံရဲ့ ဥပဒေဘောင်အတွင်းမှာ နေထိုင်စေခြင်းကသာလျှင် နှစ်နိုင်ငံလုံးအတွက် ပိုကောင်းတယ်ဆိုတာ တွက်ဆလာပုံရတယ်။ အထူးသဖြင့် ငါမွေးတဲ့မျောက် ငါ့ပြန်ခြောက် လာနေ တယ်"လို့ ခံစားနေရပြီ ထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ တရား ဥပဒေစိုးမိုးရေး ၊ စီးပွားရေးနဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကိစ္စရပ်တွေမှာ ဒီလက်နက်ကိုင်အဖွဲ့တွေဟာ အဟန့် အတား ဖြစ်စေတာကတော့ အမှန်ပဲဖြစ်ပါတယ်။ 
    လက်ရှိ ကမ္ဘာ့အခင်းအကျင်းနဲ့ ဖြစ်သင့်တဲ့အနေအထားကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ နားလည်သဘောပေါက်ဖို့ လိုပါတယ်။ သာမန်အားဖြင့် နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ဆိုတာ ကိုယ့်တိုင်းရင်းသားတွေအပေါ်မှာ မိသားစုအမြင်ပဲ ရှိပါတယ်။ ဘယ်တိုင်းရင်းသားကိုမှ အသားလွတ် လိုက်ဖိနှိပ် မနေဘူး။  နိုင်ငံသားအခွင့်အရေးမှာ အားလုံးတန်းတူ ပေးထားတဲ့အတွက် မြန်မာမှန်သမျှ လွတ်လပ်စွာ ဥပဒေနဲ့အညီ ကြိုက်တဲ့နေရာမှာနေပြီး ကြိုက်တဲ့စီးပွားရေး လုပ်လို့ရတယ်။ 
    မင်းသာ ကိုယ်ကျိုးအတ္တ ရှေ့တန်းတင်တာကို စွန့်လွှတ်ပြီး ကိုယ့်နိုင်ငံတော်ကို 'ပြောင်း'ပြန်မလှည့်ဘဲ ပြည့်အင်အားအဖြစ် စဉ်းစားရင် မြန်မာပြည်ကြီး အင်အားတောင့်တင်းစွာနဲ့ သာယာလှပနေလောက်ပြီ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ် ( ၃၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 17

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

52037

© 2022 - 2025 News. All Rights Reserved.