၂၀၂၅ ၊ စက်တင်ဘာ ၁၈
နိုင်ငံရေးပါတီတစ်ခုအနေဖြင့် အခက်အခဲကြားမှ လုပ်ငန်းဆောင်တာများ လှုပ်ရှားနေရမှု၊ ရွေးကောက်ပွဲအခင်းအကျင်း အလားအလာနှင့် ကချင်ပြည်နယ်ဒေသ အခြေအနေတို့နှင့်ပတ်သက်၍ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ ဦးလီပေါ်ရဲ့အား ဆက်သွယ်မေးမြန်းထားပါသည်။
TREND ။ ။ ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်တဲ့အပိုင်းမှာ ပါတီအနေနဲ့ ဘယ်လို အခက်အခဲကြုံတွေ့ခဲ့ရလဲ။
ULPY ။ ။ ကျွန်တော့်ပါတီကတော့ သတ်မှတ်တဲ့ ရုံးအရေအတွက် ပြည့်ပြီးတာကြာပါပြီ။ မြစ်ကြီးနား၊ ဝိုင်းမော်၊ ပူတာအို၊ မချမ်းဘော၊ နောင်မွန်း၊ ခေါင်လန်ဖူး၊ တနိုင်းတို့စတဲ့ မြို့နယ်တွေမှာ ရုံးဖွင့်ထားပြီးပြီ။ ပါတီဝင်အင်အားလည်း ပြည့်ပြီပေါ့။ လက်ရှိကတော့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲဝင်နိုင်ဖို့ကိစ္စ ဆောင်ရွက်နေပါတယ်။ အခက်အခဲကတော့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲလည်းရှိတယ်။ ပြီးတော့ ရွေးကောက်ပွဲစနစ်က တစ်မျိုးပြောင်းထားတော့ နည်းနည်းတော့ခက်တယ်။ အခုမှအသစ်ဆိုတော့ ကြိုတင်ပြီးတော့လည်း မသိနိုင်တော့ အခုမှ လိုအပ်တာတွေ လိုက်လုပ်တဲ့အခါ ကြန့်ကြာမှု အခက်အခဲတွေ နည်းနည်းရှိပါတယ်။တချို့ အဲဒီလိုရှုပ်လွန်းလို့ မလုပ်ချင်တဲ့ ကိုယ်စားလှယ် တွေက အများကြီးပဲ။ ရှုပ်တယ်ဆိုတာက အရင်တုန်းကတော့ ရန်ကုန်က ကိုယ်စားလှယ်က မြစ်ကြီးနား မှာ လာပြိုင်တယ်ဆိုရင် ရန်ကုန်မှာ သူ့မဲစာရင်းနံပါတ်တွေ ဖြည့်ပြီးမှ ဒီမှာ ကိုယ်စားလှယ်တင်သွင်း တာတွေ ဖြည့်လို့ရတယ်။ အခုက အဲဒီလိုမဟုတ်ဘူး၊ ရန်ကုန်က လာတယ်ဆိုရင် ဒီမှာ သူ့ရဲ့ ပုံစံ(၁၀) မြစ်ကြီးနားဝင်ရတယ်။ မြစ်ကြီးနားမှာဝင်ပြီးရင် လဝက သွားတယ်။ ပြီးရင် ကော်မရှင်သွားတယ်။ အဲဒီလို အဆင့်ဆင့် အများကြီးကျော်ဖြတ် ရတဲ့အခါကျတော့ နှစ်ရက်၊ သုံးရက်နဲ့ ပြီးရမယ့်ဟာ နှစ်ရက်၊ သုံးရက်နဲ့ မပြီးတာမျိုး အခက်အခဲတွေနဲ့ ကြုံရတယ်။ ပြီးတော့ ကချင်ပြည်နယ်မှာက PR နဲ့သွားမယ်ဆိုရင် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းတဲ့အခါမှာ တခြားခရိုင်တစ်ခုကိုလည်း တွဲတင်ပေးရတာ ရှိတယ်။ ဥပမာပြောရရင် ပြည်နယ်လွှတ်တော် PR ဆိုရင် အကုန်လုံး ပူတာအိုခရိုင်မှာ မဲဆန္ဒနယ်(၁) ပူတာ အိုခရိုင်မှာ တင်ပေးရမယ်။ အဲဒီလိုတင်သွင်းတဲ့အခါမှာ မြစ်ကြီးနားနဲ့ ပူတာအိုက လေယာဉ်ခရီးနဲ့ သွားရတယ်။ လေယာဉ်ခရီးကလည်း အရင်လို ဒီနေ့ လက်မှတ်ဖြတ် မနက်ဖြန် သွားလို့မရဘူး။ အဲဒီလို အခြေအနေဆိုတော့ တော်တော်လေး ဒုက္ခရောက်တယ်။ ကားလမ်းနဲ့သွားမယ် ဆိုရင်လည်း ကားမှာ လူငယ်တွေနဲ့ သွားရတဲ့အခါကျတော့ တစ်ဖက်ကစုဆောင်းရေးဆွဲတာ သတင်းကြားနေတော့ အဲဒါလည်း မသွားရဲဘူး။ အဲဒီလို အခက်အခဲတွေပေါ့။ အဓိက အခက်အခဲကတော့ နိုင်ငံရေး အခြေအနေ ကြောင့်လည်း ကိုယ်စားလှယ်လောင်း မလုပ်ရဲကြတာတွေ ရှိတယ်။ အမျိုးမျိုးစိုးရိမ်မှုတွေကြောင့် မလုပ်ရဲကြတာ တွေရှိတယ်။
နောက် လုပ်ထုံးလုပ်နည်းတွေက အဆင့်ဆင့်များတဲ့အခါကျတော့ မလုပ်ချင်ကြတဲ့ အခက်အခဲ လည်းပါတယ်။ တချို့လုပ်ရင်းကိုင်ရင်းနဲ့ စိတ်လျှော့လိုက်တာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေ ရှိတယ်။ ကချင် ပြည်နယ်မှာက ၁၈ မြို့နယ်ရှိတယ်။ ၁၈ မြို့နယ်မှာ ပြည် နယ်လွှတ်တော်က တစ်မြို့နယ် နှစ်ယောက်ဆိုတော့ ၃၆ ယောက်၊ အဲဒီအထဲမှာ PR က ၁၈ ယောက်သွားတယ်။ အဲဒီ ၁၈ ယောက်က PR ထဲမှာ မဖြည့်မနေ ဖြည့်ပေးရတာ။ မပြည့်ဘူးဆိုရင် PR မှာ တစ်နေရာမှ ရမှာမဟုတ်ဘူး။ တကယ်တမ်း ပါတီတစ်ခုကရနိုင်တဲ့ ကိုယ်စားလှယ်လောင်း နှစ်ယောက်၊ သုံးယောက်ပေါ့။ အဲဒီကိုယ် စားလှယ်နှစ်ယောက်၊ သုံးယောက်အတွက်နဲ့ ကိုယ်စားလှယ်ပေါင်း ၁၈ ယောက် ရှာထည့်ရတယ်။ အဲဒီတော့ ကျန်တဲ့ကိုယ်စား လှယ်တွေက မရနိုင်ဘဲနဲ့ မျှော်လင့်ချက် လုံး၀ဇီးရိုးဖြစ်နေတဲ့ဟာကို ကိုယ်စားလှယ် ရှာခဲ့တဲ့အခါ ကျတော့ တော်တော်လေး မလွယ်ဘူးလေ။ ပညာအရည်အချင်းကလည်း သတ်မှတ်ချက်နဲ့လာတာ။ ပညာအရည်အချင်းကတော့ ဒီလောက်မဟုတ်ပေမယ့်လည်း ကျွန်တော်တို့က တစ်မြို့နယ်နဲ့တစ်မြို့နယ် တခြားတစ် မြို့နယ်ကိုသွားပြီးမှ ကိုယ်စားလှယ်လောင်း သွားယှဉ်ပြိုင်မယ်ဆိုရင် အဲဒီမြို့နယ်ကိုသွားပြီး ပုံစံ(၁၀) ပြောင်းရတာနဲ့ ပုံစံ(၆၆) ထုတ်ရတာနဲ့ဆိုတော့ အဆင့်တွေ အများကြီးရှိတယ်။ အခက်အခဲ တော်တော်များများ ကျော်ဖြတ်ရတယ်။ နောက် တစ်ခုက PR မဲဆန္ဒနယ်မှာ သေချာတာက နှစ်နေရာ၊ သုံးနေရာပေါ့။ အဲဒီအတွက် ကိုယ်စားလှယ် ၁၅ ဦးလောက် သွင်းရတယ်ဆိုတော့ လွယ်တော့ မလွယ်ဘူး။ PR က အကုန်လုံး ၁၈ ယောက် သွင်းရမယ်။ PR ခွဲဝေမှုအရ ကိုယ့်ပါတီက ရတဲ့မဲနဲ့ တွက်ချက်ကြည့်ရင်တော့ ကိုယ်က ကိုယ်စားလှယ် သုံးယောက်ပဲရမယ်လေ။ အဲဒါကို ၁၈ ယောက် မပြည့်မချင်း ဖြည့်ပေးရတာ။ သုံးယောက်က ကိုယ်ရနိုင်တဲ့ဟာဆိုရင် မရနိုင်တာ က ၁၅ ယောက်လောက်ရှိတာကိုး။ အဲဒီ ၁၅ ယောက် အတွက် ကိုယ်စားလှယ် ဘယ်သူက လုပ်ချင်မှာလဲ။ဘယ်သူမှမလုပ်ချင်ကြဘူး။ ဒါပေမဲ့ အဲဒါကိုလည်း မရရအောင် စည်းရုံးရတာပေါ့။
TREND ။ ။ နေရာတချို့မှာတော့ ရွေးကောက်ပွဲမှာပါဝင်တဲ့ ပါတီတွေ၊ ကိုယ်စားလှယ်လောင်း လုပ်မယ့်သူတွေ ခြိမ်း ခြောက်ခံရတယ်လို့ ကြားရတယ်။ ကချင်ပြည်နယ်မှာရော အဲဒီလိုဖြစ်စဉ်မျိုးတွေရှိလား။
ULPY ။ ။ ကချင်ပြည်နယ်မှာတော့ မရှိဘူး။ ခြိမ်းခြောက်တဲ့အဆင့်အထိတော့ အခုထိ မကြားသေးဘူး။ KIA ကတော့ သူတို့ရဲ့ စိုးမိုးနယ်မြေမှာ ရွေးကောက်ပွဲ လုံး၀ လုပ်ခွင့်ပြုမှာမဟုတ်ဘူးလို့ အွန်လိုင်းအင်တာဗျူးတွေမှာ ပြောတာ ကြားရပါတယ်။ ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲ လုပ်ခွင့်မရှိဘူးလို့ ပြောနေတာ အွန်လိုင်းပေါ်မှာတော့ ကြားရတယ်။ ဒါပေမဲ့ မြေပြင်မှာတော့ သူတို့ စာထုတ်တာတို့၊ ထုတ်ပြန် တာတို့ မရှိဘူး။ ကြေညာတဲ့အထဲမှာတော့ သူတို့စိုးမိုးတဲ့နယ်မြေထဲမှာ ရွေးကောက်ပွဲ လုပ်ခွင့်မပြုဘူးဆိုတဲ့ အချက်ပါတော့ KIA က ရွေးကောက်ပွဲကို ဖြစ်စေချင်တဲ့ဆန္ဒ မရှိဘူးပေါ့။ အဲဒါကြည့်ပြီး သူတို့ရဲ့ သဘောထားကို မြင်ရတယ်။ သူတို့ရဲ့အမှန် အကန်စိတ်ရင်းကိုတော့ ခန့်မှန်းလို့မရဘူးပေါ့။ အွန်လိုင်း မှာက ရွေးကောက်ပွဲကို လက်မခံဘူး၊ ရွေးကောက်ပွဲ လုပ်ခွင့်မရှိဘူးဆိုတာတော့ ကြားရတယ်။ မြေပြင် မှာတော့ အခုထိမတွေ့ရသေးဘူး။ တကယ်တမ်း လက်နက်ကိုင်တွေ စိုးမိုးတဲ့နေရာတွေ ရွေးကောက်ပွဲ လုပ်လို့မရဘူးဆိုရင် နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးရေးလုပ်ငန်းတွေ၊ စီမံကိန်းတွေ အဲဒီမြို့နယ်တွေဟာ နောက်ကျ ကျန်ခဲ့မှာပါ။
ပြီးတော့ အခုအချိန်က ပြည်သူလူထုတွေက အခက်အခဲအကျပ်အတည်းတွေ ကြုံနေရတယ်။ တိုက်ပွဲ ပဋိပက္ခတွေနဲ့ ဘေးကင်းရာ ရှောင်နေကြရတယ်။ အဲဒီခံစားမှုတွေ၊ ကြုံတွေ့ရတဲ့ အခက်အခဲတွေ ဘယ်မှာ သွားပြော၊ သွားအော်မလဲ။ ရွေးကောက်ပွဲသာ လုပ်ဖြစ်လို့ အစိုးရနဲ့ လွှတ်တော်တွေပေါ်လာရင် နိုင်ငံတကာကလည်း ပိုပြီး အသိအမှတ်ပြုလာမယ်။ လွှတ်တော်ရှိလာရင် လူထုရဲ့ အခွင့်အရေးတွေက ပိုရလာမှာပါ။
TREND ။ ။ ပါတီတချို့ ပယ်ဖျက်ခံရတဲ့အခြေ အနေအပေါ် ဘယ်လိုမြင်လဲ။
ULPY ။ ။ ကျွန်တော်တို့လည်း စိတ်မကောင်းပါဘူး။ ဒါပေမဲ့လည်း ဥပဒေသတ်မှတ်ချက်က ရှိပြီးသား။ နဂိုက သတ်မှတ်ထားတာက မှတ်ပုံတင်ခွင့်ရပြီး ရက်ပေါင်း ၉၀ အတွင်းမှာ သတ်မှတ်ပါတီ ရုံးခန်းတွေရယ်၊ ပါတီဝင်ဦးရေရယ် ပြည့်မီရမယ်ဆိုပြီး ၂၀၂၃ တုန်းက ရေးဆွဲတဲ့ ဥပဒေမှာ အဲဒီလိုသတ် မှတ်ထားတာ။ ဒါပေမဲ့ နောက်ပိုင်း ရွေး/ကော်အဖွဲ့နဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေ အကြိမ်ကြိမ်တွေ့ ဆုံခဲ့တယ်။ အဲဒီလိုတွေ့ဆုံပွဲမှာ နိုင်ငံရေးပါတီတွေက အခက်အခဲတွေ တင်ပြကြတာပေါ့။ တင်ပြတော့ အဲဒီမှာ ကော်မရှင်က ဖြေလျှော့မှုလုပ်ခဲ့တယ်။ ဖြေလျှော့ခဲ့တာက ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ အလိုမှာ ပါတီဝင်အင်အား၊ ရုံးခန်းသတ်မှတ်အရေအတွက် ပြည့်မီအောင်လုပ်ရမယ်လို့ တစ်ခါဖြေလျှော့ ပေးခဲ့တယ်။ အဲဒီလို အများကြီးဖြေလျှော့ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံရေးပါတီတွေဘက်ကလည်း ကြိုးတော့ ကြိုးစားကြပါတယ်။ အခက်အခဲရှိတာက နယ်မြေဒေသ အခြေအနေကြောင့်လည်း ပါတီဝင် စည်းရုံးရေးတွေကို တကယ် အင်တိုက်အားတိုက် လုပ်လို့မရခဲ့ဘူး။ နီးစပ်ရာပြောပြီးမှ လုပ်ရတယ်။ အဲဒီအခါကျတော့ ပါတီဝင်အင်အား စုဆောင်းတဲ့နေရာမှာ လိုအပ်ချက်တွေ ရှိမယ်ထင်ပါတယ်။ ကျွန်တော်တို့ပါတီဆိုရင် ဖြေလျှော့မှု မပေးခင်ကတည်းက အားလုံးပြည့်နေပြီ။ အဲဒီတုန်းက ပါတီဝင်ဦးရေ တင်ထားတာ ၂၄၀၀ ကျော်လောက် တင်ခဲ့တယ်။ နောက်ဆုံးတင်ခဲ့တာကလည်း ၁၆၀၀ ကျော် တင်တာ။ အဲဒီမှာ ၈၀၀ လောက် အဖျက်ခံရတာရှိတယ်။ တစ်ပါတီနဲ့တစ်ပါတီ ထပ်နေတာတွေရှိမယ်။ လူဦးရေစာရင်းအများကြီးကို ကွန်ပျူတာနဲ့ ရိုက်တဲ့နေရာမှာ သဘောက ကုတ်နံပါတ်လေးတွေ မှားတာရှိမယ်။ မှတ်ပုံတင်နံပါတ်လေးတွေ မှားတာရှိမယ်ပေါ့။ အဲဒါကြောင့် ပါတီဝင်စာရင်း ၈၀၀ လောက် အဖျက်ခံခဲ့ရတယ်။ သူတို့လည်း အဲဒီလိုပဲ ဖြစ်တာထင်ပါတယ်။ တင်တာတော့ အများကြီး တင်ထားလိမ့်မယ်။ ဒီကြားထဲမှာ အမျိုးမျိုးပေါ့။ မွေးသက္ကရာဇ်မှာ ခုနှစ်၊ ရက်၊ လ မမှန်ရင်လည်း ဖျက်တာရှိတယ်။ တချို့ ပါတီဝင်တွေမှာ တစ်ပါတီနဲ့တစ် ပါတီ ထပ်နေတာမျိုးပေါ့။ အမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ် ဖြစ်တော့ စိတ်မကောင်းပါဘူး။
TREND ။ ။ ရွေးကောက်ပွဲအလားအလာအပေါ် ဘယ်လိုသုံးသပ်ချင်လဲ၊ ရွေးကောက်ပွဲအလွန် အခင်းအကျင်းဟာ ဘယ်လိုအရွေ့၊ အပြောင်းအလဲမျိုး ဖြစ်ဖို့မျှော်လင့်လဲ။
ULPY ။ ။ ရွေးကောက်ပွဲ အောင်အောင်မြင်မြင်နဲ့ ပြီးသွားရင်တော့ လွှတ်တော်ပေါ်လာရင်တော့ နိုင်ငံရဲ့ အခင်းအကျင်းက တော်တော်လေး ပြောင်းလဲသွားမယ်။ ဘာပဲပြောပြော လူထုအကျိုး၊ ဒေသအကျိုးကို ဆောင်ရွက်ပေးမယ့်။ ကိုယ်စားလှယ်တွေ ပေါ်လာမှာပေါ့ဗျာ။ အဲဒီတော့ လူထုကအခုအ ခြေအနေထက်စာရင်တော့ နည်းနည်းလေး လွပ်လပ်ခွင့်တွေရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်။ ရွေးကောက်ပွဲအလွန်မှာ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ် ပေါ်ထွက်လာမယ်။ လူထုက ရွေးကောက်ထားတဲ့ လွှတ်တော်၊ အစိုးရဆိုတာ ဖြစ်လာနိုင်တဲ့အခြေအနေတွေ အများကြီး ရှိလာပြီလေ။ နိုင်ငံတကာ အသိအမှတ်ပြုလာရင်တော့ ဘာပဲပြောပြော ကျွန်တော်တို့နိုင်ငံမှာ တွေ့ကြုံနေရတဲ့ အခက်အခဲ ပြဿနာတွေဟာ ရာခိုင်နှုန်း တော်တော်များများ လျော့သွားမယ်လို့ အဲဒီလို ယုံကြည်နေတယ်။
_1758170307.jpg)
TREND ။ ။ လက်ရှိ ကချင်ပြည်နယ်ရဲ့ နိုင်ငံရေးအခြေအနေနဲ့ ဒေသခံတွေက စိတ်ခံစားမှု ဘယ်လို ရှိလဲပြောပြပါဦး။
ULPY ။ ။ ကချင်ပြည်နယ်မှာကတော့ တိုက်ပွဲတွေ ဖြစ်တာလည်း ရှိတယ်။ စစ်ဘေးရှောင်တွေကလည်း တကယ်တမ်း ကိုယ့်ဒေသမှာ တိုက်ပွဲမဖြစ်ခင်ကတည်းက စစ်ဘေးရှောင်လာတဲ့သူတွေလည်း ရှိတယ်။ ဖြစ်ပြီးမှ နေလို့မရလို့ ပြေးတဲ့သူတွေလည်းရှိတယ်။ စစ်ဘေးရှောင်တွေကတော့ မြစ်ကြီးနားတို့၊ မိုးညှင်း၊ မိုးကောင်း အဲဒီမြို့နယ်တွေမှာများတယ်။ ဆိုတော့ ကချင်ပြည်နယ်ရဲ့ အခြေအနေက ကောင်း တယ်လို့လည်း ပြောလို့မရသလို၊ မကောင်းဘူးလို့လည်း ပြောလို့မရဘူး။
အဲဒီအခြေအနေ ကြားထဲမှာပဲ ရှိနေတယ်လို့ ပြောရမှာပါ။ လက်ရှိမှာက ဒေသခံတွေကတော့ အခက်အခဲအမျိုးမျိုး ကြုံကြရတာပေါ့။ စားဝတ်နေရေး မပြေလည်တာ၊ ကုန်ဈေးနှုန်းကြီးမြင့်တာတွေ အဲဒါတွေ ကြုံတွေ့နေရတယ်။ ပြည်မမှာရှိတဲ့ပြည်သူတွေ အခက်အခဲခံစားနေကြရတယ်ဆိုတာက နည်းနည်းလေးပဲရှိသေးတယ်။ ကချင်ပြည်နယ်ခံစားရတာက သူ့ထက် သုံးဆလောက်ရှိတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မှာ ဓာတ်ဆီတစ်လီတာကို ၃၀၅၀ ရှိတဲ့အချိန်မှာ ကချင်ပြည် နယ်မှာက ၇၅၀၀ ရှိတယ်။ သုံးဆလောက် ကချင်မှာက ခံနေရတာ။ ကျွန်တော်တို့ ကချင်လောက် ပြည်မဘက်က မခံစားရဘူး။ အဓိကကတော့ ကုန်ဈေးနှုန်း ဒီလိုမြင့်တက်နေတာကလည်း သယ်ယူပို့ ဆောင်တဲ့နေရာမှာ ဂိတ်ပေါင်းများစွာ ကောက်တဲ့အတွက်ကြောင့် ဖြစ်တာပေါ့။ ဂိတ်တွေကတော့ ဘယ်အဖွဲ့တွေက ဖွင့်ထားလဲဆိုတာကတော့ ဖွင့်တာကတော့ ဖွင့်နေတာ။ ကိုယ်တိုင်တော့ မတွေ့ရပါဘူး။ ကားသမားတွေပြောတာကတော့ မန္တလေး-မြစ်ကြီးနား လမ်းတို့၊ မြစ်ကြီးနား-ဖားကန့် အဲဒီလို လမ်းကြောရှိသမျှ အကုန်ဂိတ်တွေများလို့ လမ်းမှာ ဂိတ်ကြေးတွေပေးရတယ်၊ ဘယ်လောက်ရှိတယ်ဆိုတာမျိုး ပြောလို့တာ သိရတာ။ သူတို့က သယ်ယူပို့ဆောင်ခတွေကိုလည်း အဲဒီလို ဂိတ်ကြေးပေးရတဲ့ အခွန်အခတွေကို ကုန်စည်အပေါ်မှာ ပေါင်းပြီးတော့ ပို့ဆောင်စရိတ်ကို တောင်းတာကိုး။ ဒါ ကြောင့်လည်း ကုန်ဈေး နှုန်း ကြီးမြင့်တာပေါ့။ အဲဒါတွေက လျှော့ပေါ့ပြီးမှ လုပ်ပေးနိုင်ရင် ပိုကောင်းတယ်။ လုံး၀ မကောက်လေ ကောင်းလေပေါ့။ ဒါဆိုရင် ကချင်ပြည်သူ လူထုကလည်း စားဝတ်နေရေး၊ လူမှုရေး ကျပ်တည်းတဲ့ ဘဝကအတော်အသင့် လွတ်မြောက်သွားမယ်လို့ ထင်တယ်။ ဒါတွေကတော့ နှစ်ဖက်ပဋိပက္ခတွေကြောင့် ဖြစ်တာလို့ပဲ ပြောရမှာပါ။ အဲဒီလိုဆိုတော့ ဒီမှာတော့ ဒေသခံတွေက ငြိမ်းချမ်းရေးကို လိုချင်နေကြတယ်။ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်စေချင်ကြတယ်။ တိတိကျကျပြောရမယ်ဆိုရင် ငြိမ်းချမ်းရေးကို လိုချင်တယ်ဆို တာက စစ်ဘေးရှောင်တွေတင် မကပါဘူး စစ်ဘေးမရှောင်တဲ့ ကချင်ဒေသခံတွေလည်း ငြိမ်းချမ်းရေးကို လိုချင်ကြတယ်။
ဒီလို အားလုံးက လိုလားနေတဲ့ ငြိမ်းချမ်းရေးရဖို့ကတော့ ရွေးကောက်ပွဲအလွန်ဖြစ်လာမယ့် အစိုးရကတော့ ငြိမ်းချမ်းရေးကို ဘယ်လို လုပ်ဆောင်မလဲပေါ့။ အစိုးရနဲ့ တပ်မတော် ပူးပေါင်းပြီးတော့ ဘယ်လို နည်းလမ်းတွေသုံးပြီး ငြိမ်းချမ်းရေးရအောင် ဘယ်လိုဆောင်ရွက်မလဲ ဒါတွေကတော့ ရှိလာမှာပါ။
TREND ။ ။ ကချင်ဒေသခံတွေ အပါအဝင် အားလုံးက ငြိမ်းချမ်းရေးလိုလားနေကြတော့ နိုင်ငံရေး ပါတီတာဝန်ရှိသူအနေနဲ့ ဒီအပေါ် ဘာပြောချင်လဲ။
ULPY ။ ။ လက်ရှိကတော့ ငြိမ်းချမ်းရေးကတော့ မမြင်သေးဘူးပေါ့။ ကျွန်တော်တို့လည်း ငြိမ်းချမ်းရေးကို မျှော်လင့်နေတာပါ။ ဒါပေမဲ့ ဒီအခြေအနေကတော့ ငြိမ်းချမ်းရေးက မလွယ်သေးဘူးလို့ မြင်တယ်။ အဓိကကတော့ အပစ်အခတ်တွေ အရင်လျှော့ချဖို့ပေါ့။ လူထုကို ငဲ့ပြီးတော့ လက်နက်ကိုင် ပစ်ခတ်တိုက်ခိုက်တာတွေ လျှော့စေချင်ပါတယ်။ အဲဒီလို ပစ်ခတ်တိုက်ခိုက်တာတွေကို လျှော့ချနိုင်သမျှ ပြည်သူလူထုတွေလည်း ကောင်းကောင်းမွန်မွန် သွားလာရှာဖွေစားသောက် လုပ်ကိုင်ခွင့်တွေ များလေလေပါ။ လက်နက်ကိုင်ပဋိပက္ခတွေ နည်းသွားပြီးတော့ လွတ်လွတ်လပ်လပ် သွားလာလုပ် ကိုင်နိုင်တဲ့ အခွင့်အရေးမျိုး ကချင်ပြည်နယ်လူထုတွေက မျှော်လင့်နေကြတယ်။
TREND ။ ။ လီဆူအမျိုးသား ဖွံ့ဖြိုးတိုးတက် ရေးပါတီရဲ့ ပါတီတစ်ရပ်ထူထောင်ပြီး ရွေးကောက်ပွဲဝင်ရတဲ့ အဓိကရည်ရွယ် ချက်နဲ့ ရွေးကောက်ပွဲ မျှော်မှန်းချက်က ဘာဖြစ်မလဲ။
ULPY ။ ။ ကျွန်တော်တို့ကတော့ လူမျိုးစု ပါတီဖြစ်တဲ့အတွက် ကိုယ့်လူမျိုးစုတွေအရေး ဆောင်ရွက်ဖို့ လွှတ်တော်ထဲမှာ လွှတ်တော်ကိုယ်စားလှယ် အရွေးခံရရင် ဒေသအကျိုးတွေ၊ လူမျိုးစုငယ်လေးတွေရဲ့ ကြုံတွေ့နေရတဲ့ အခက်အခဲကိစ္စတွေပေါ့။ အဲဒါတွေကို ကူညီပံ့ပိုးဖို့ အဓိကပါပဲ။ တကယ်ကတော့ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ တာဝန်ကတော့ ဥပဒေရေးဆွဲရေး၊ ဥပဒေပြဋ္ဌာန်းရေး အဓိက ပါပဲ။ အဲဒါက နံပါတ်တစ်ပေါ့။ နံပါတ်နှစ်ကတော့ ဒေသဖွံ့ဖြိုးရေး၊ ကိုယ့်ဒေသမှာ ဘာတွေလိုအပ်ချက် ရှိမလဲ၊ ဒါတွေကို လွှတ်တော်မှာ တင်ပြဆွေးနွေးမယ်။ နောက် ကျွန်တော်တို့ရဲ့ လူမျိုးစုငယ်လေးတွေ ဘာတွေအခက်အခဲတွေရှိလဲ ဒါတွေကို လွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ တတ်နိုင်တဲ့ ဘက်က ကူညီပံ့ပိုးချင်တဲ့ ရည်ရွယ်ချက်လောက်ပါပဲ။
TREND ။ ။ တပ်မတော်စစ်ကြောင်းများက KIA ၊ AA နှင့် PDF ပူးပေါင်းအဖွဲ့ ယာယီထိန်းချုပ်ထားတဲ့ ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးက တပ်ဌာနချုပ်၊ တပ်စခန်းတွေနဲ့ ရပ်ကွက်၊ ကျေးရွာအချို့ကို ပြန်လည်ထိန်းချုပ်လိုက်ပါပြီ။ လက်ရှိ KIA ရဲ့ နယ်မြေစိုးမိုးမှုနဲ့ လှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး ဘယ်လိုသုံး သပ်ချင်လဲ။
ULPY ။ ။ KIA နယ်မြေစိုးမိုးထားမှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကြားတာကတော့ ချီဖွေ၊ ဆော့လော်တို့၊ ဆွမ်ပရာဘွမ်တို့၊ မိုင်ဂျာယန်တို့ကို သူတို့စိုးမိုးထားတယ်။ နောက် မိုးမောက်ပေါ့။ တစ်ဦးတစ်ယောက် အမြင်နဲ့ပြောရမယ်ဆိုရင် ဒီဟာတွေက အခု ထိန်းသိမ်းထားတဲ့ မြို့နယ်တွေက ယာယီပါ။ ဒီအချိန်မှာ စစ်ဆင်ရေးအရ ဒီမြို့ကို ထိန်းနိုင်တယ်ဆိုတာက နာမည်တစ်ခုပဲ ကျန်သွားမှာပါ။ ဘာလို့လဲ ဆိုတော့ နိုင်ငံတော်အစိုးရရဲ့ တပ်မတော်ဆိုတာ ဒီလောက် လက်နက်ကိုင်တွေလောက်ကတော့ မတိုက် ထုတ်နိုင်စရာအကြောင်း မရှိဘူး။ ကျွန်တော်မြင်တာ ပြောတာပါ။ အရင်တုန်းက တိုက်ပြီးတော့ စိုးမိုးထား တယ်ဆိုတာကလည်း အကြောင်းကြောင်းတွေ ရှိနေမှာပါ။ အခုကတော့ သဲသဲကွဲကွဲ သိရပြီ၊ ဖြစ်သွား ပြီဆိုတော့ ရှေ့လျှောက်ကတော့ ဒီလိုစိုးမိုးနယ်မြေတွေကို ပြန်သိမ်းဖို့ မြန်မာ့တပ်မတော်အနေနဲ့ ဘာမှ အခက်အခဲ မရှိလောက်တော့ပါဘူး။ မပင်ပန်းလောက်ပါဘူး။ အခု KIA က နယ်မြေစိုးမိုးထား တယ်ဆိုတာ ကလည်း တကယ်တမ်းကျတော့ ဝေဟင်ကို သူတို့ မစိုးမိုးနိုင်ပါဘူး။ သူတို့ကတော့ တိုက်လိုက်နား လိုက် လုပ်နေတာ။ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်လိုက်နားလိုက်နဲ့ပဲ လုပ်နေတာပဲ။ တိုက်ပွဲဖြစ်တယ်၊ နားတယ်၊ ငြိမ်နေပြီးမှ ဘာတွေလုပ်နေလဲ၊ ဒါတော့ မသိနိုင်ဘူးပေါ့။ KIA က ငြိမ်နေပြီးမှ အင်အားစုနေသလားပေါ့။ ဒါလည်း မသိနိုင်ဘူးပေါ့။ လက်ရှိကတော့ အဲဒီလိုအခြေအနေမျိုးပဲ မြင်နေရ၊ ကြားနေရ တာပေါ့။ သူတို့ရည်ရွယ်ချက်ကတော့ ဒီလက်နက်ကိုင်လမ်းစဉ်နဲ့ အများကြီး သွားချင် တယ်ထင်ပါတယ်။ ကချင်ပြည်နယ်တစ်ခုလုံးတောင် လိုချင်တဲ့သဘောပေါ့။ ဒါပေမဲ့ အဲဒီအဆင့်အထိရောက်ဖို့ မလွယ်ပါဘူး။ မြန်မာ့တပ်မတော်ဘက်က စိတ်ဓာတ် တက်တက်ကြွကြွနဲ့၊ အင်အားကောင်းကောင်းနဲ့ လုပ်မယ်ဆိုရင် သူတို့မလွယ်ပါဘူး။ ဒါက ကျွန်တော်တစ်ဦးတည်းရဲ့အမြင်ပါ။ အခုဆိုရင် ဗန်းမော်ဝန်းကျင်ကို ဒီလို ပြန် သိမ်းခံလိုက်ရတော့ KIA ကတော့ စိတ်ဓာတ်ရေးရာ ကျသွားနိုင်ပါတယ်။ ဆိုတော့ ငြိမ်တယ်ဆိုတာက တပ်မ တော်ဘက်က စစ်ကြောင်းတွေထိုးပြီးမှ ထိုးစစ်ဆင်နေတာဆိုတော့ KIA ဘက်ကတော့ ထိုးစစ်မဆင်နိုင်တော့ဘူး။ သူတို့ဘက်ကလည်း အင်အားတော်တော် နည်းနေလောက်ပြီလေ။ ဘာလို့လဲဆိုတော့ ဗန်းမော်တိုက်ပွဲမှာလည်း ကျတာမနည်းဘူး။ နောက်ပြီးတော့ ဖားကန့်တို့၊ ဘာတို့ဘက်မှာလည်း မနည်းဘူးလေ။ မြန်မာ့တပ်မ တော်ဘက်ကလည်း စစ်ဆင်ရေးလုပ်တာ အချိန်ကောင်းပါပဲ။ တစ်ဖက်က အင်အားနည်းနေတဲ့အချိန်မှာ ကိုယ့်ဘက်က လုပ်တာက ပိုပြီးတော့ အောင်မြင်တာပေါ့။ ဒါကြောင့် အခုလိုမျိုး မြန်မာ့တပ်မတော်က ပြန်လည်ထိန်း ချုပ်လိုက်တဲ့နေရာတွေမှာ အခိုင်အမာ နယ်မြေစိုးမိုးမှုဖြစ် အောင် ဆောင်ရွက်စေချင်ပါတယ်။ နယ်မြေပြန်ပြီး စိုးမိုး ထားတဲ့အခြေအနေမှာ မြန်မာ့တပ်မတော်အနေနဲ့ ဒေ သခံတွေကို စည်းရုံးဖို့ လိုအပ်မယ်လို့ မြင်ပါတယ်။ အဲဒီလို စည်းရုံးထားနိုင်လေလေ မြန်မာ့တပ်မတော်အပေါ် ဒေသခံလူထုရဲ့ ထောက်ခံအားပေးမှု၊ ယုံကြည်မှုပိုများ လေလေဖြစ်မှာပါ။
TREND ။ ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
( ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၅ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )