တော်လှန်ရေးသံဝေဂ မရနိုင်သူများ

၂၀၂၅ ၊ မတ် ၂

ဤကဲ့သို့သူမျိုးက ရှိသေးသည်
    "ဒီလိုအချိန်က ဟုတ်တာ၊ မဟုတ်တာ အပထား Like နဲ့ Follower ရှာလို့က သိပ်ကောင်းတဲ့အချိန်"ဟု မိတ်ဆွေဆရာသမားတစ်ဦးက မှတ်ချက်ပြုသည်။ အကြောင်းက ကြီးမားသည့် သဘာဝဘေးကြီးနှင့် ကြုံတွေ့အပြီး လူအများက ရက်ပေါင်းများစွာ စိုးတထိတ်ထိတ်ဖြင့် ကြောက်စိတ် မပြယ်ကြသေးပေ။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး ဓာတ်ဆရာလိုလို၊ နတ်ဆရာ လိုလို၊ နက္ခတ်ဆရာယောင်ယောင်၊ ရှေ့ဖြစ်ဟောဆရာ ယောင်ယောင်များက ကြောက်စိတ်မပြယ်သေးသော သူများကို အခွင့်ကောင်းယူပြီး အပျက်ဘက် ဦးတည်သည့် ဟောကိန်းများကို ထုတ်နေကြလေသည်။
    စကားမစပ် ထိုကဲ့သို့ စိုးရိမ်ထိတ်လန့်ကြောက်ရွံ့သူများထဲတွင် ကိုယ်တိုင်ပါဝင်မိသည်ဟု ဆိုနိုင်ပါသည်။ လူအများနှင့် လိုက်လျောညီထွေနေလိုသည့် အကြောင်းလည်း ပါသည်ပေါ့ခင်ဗျာ။ ဥပမာ မြေငလျင် ကြီးလှုပ်ခတ်ပြီး ရက်အနည်းငယ် ကြာချိန်တွင် စိုးရွံ့ ထိတ်လန့်နေသည့် လူအများသည် အားကိုးရာကို ရှာကြကုန်၏။ ရပ်ထဲရွာထဲတွင်လည်း ဟိုနေရာက တိုးတိုး၊  သည်နေရာက ကျယ်ကျယ်ဖြင့် မြေငလျင်အကြောင်းကို ပြောနေကြသည်။ ဘယ်ဆရာတော်ဘုရားကြီး၏ အိပ်မက်ဟုဆိုကာ အိမ်တိုင်း တတ်နိုင်သည့် အစီအရင်များ လုပ်ခိုင်း၏။ ရပ်နှင့်ရွာနှင့် နေရသူဖြစ်သောအခါ ထိုသူများနှင့် လိုက်လျောညီထွေ ဖြစ်စေရန် လိုက်၍လုပ်ရပေ၏။
    အမွှေးတိုင်သုံးတိုင်နှင့် ဆားကို စတီးပန်းကန် ထဲပုံ၍ မိမိ၏နေအိမ်ပေါက်ဝတွင် ထွန်းရမည်။ အမွှေးတိုင်သုံးတိုင် လောင်ကျွမ်းပြီးသွားလျှင် စတီးပန်းကန်ထဲမှ ဆားကို ညာလက်ဖြင့် နောက်ပြန်ယူကာ "ဆားကိုစား၊ လူကိုမစားနဲ့"ဟု ရေရွတ်ကာ နောက်ပြန်ကြဲပက်ရမည်ဟု ဆိုသဖြင့် လိုက်၍လုပ်ရ သေး၏။ ကန်စွန်းညွန့် ခုနစ်ညွန့်နှင့် တမာလေးညွန့်ကို နေအိမ်ဘုရားတွင် ကပ်လှူရမည်ဟု လာပြောသူက ပြောသဖြင့် ညမှောင်မှောင် လက်နှိပ်ဓာတ်မီး တဝင်းဝင်းနှင့် ကန်စွန်းညွန့်ခူး၊ တမာရွက် ထွက်ရှာရသေးသည်။ တစ်ဖန် လာပြန်သေးသည်။ ဖယောင်းတိုင် ၁၀ တိုင်၏ အလယ်တည့်တည့်တွင် ကပ်ကြေးထား၍ထွန်းကာ ကပ်ကျော်စေရန် ဆောင်ရွက်ဟု ဆိုသူကဆိုသဖြင့်  လူအများလုပ်နေကြ ပြီး ကိုယ့်တစ်အိမ်တည်း မလုပ်လျှင်လည်းမကောင်း လိုက်၍လုပ်ရ ပြန်သည်။ အများနှင့်နေထိုင်ရာ လာ၍ပြောသူများ စိတ်ချမ်းသာစေရန် လိုက်လုပ်ပြီး ဖယောင်းတိုင်နှင့် အမွှေးတိုင်ရောင်းသူများအတွက်တော့ အတော်ပင် အဆင်ပြေမည်ဟု မုဒိတာ ပွားမိပါသည်။
    မန္တလေးငလျင်ကြီး လှုပ်အပြီး သုံး၊ လေးရက် ခန့်အကြာတွင်ဖြစ်သည်။ အချိန်က တစ်နာရီထိုးရန် ဆယ့်ငါးမိနစ်ခန့် အလိုဖြစ်၏။ ကိုယ့်ပတ်ဝန်းကျင်က မိသားစုတစ်စုက အပြင်မှပြန်လာပြီး တစ်နာရီထိုးလျှင် ၉ အဆင့်ရှိသည့် ငလျင်ကြီး လှုပ်မည်ဟု ငလျင်ဘေး ရှောင်သူများကို သူတို့ကြား သိလာသည့် သတင်းစကားများကို ဖြန့်ဝေလေသည်။ စိတ်ဓာတ်ကျ၍ လက်မှိုင်ချ နေသည့်သူများက ထိုသူတို့၏ စကားများကြောင့် လှုပ်လှုပ်ရွရွ ဖြစ်ကုန်ကြသည်။ ကိုယ့်ထက် အသက်လည်းကြီး၊ ရာထူးအဆင့်အတန်းလည်း ကြီးသူက ထိုသို့ပြောနေခြင်း အတွက် အံ့သြခြင်းနှင့်အတူ စိတ်လည်း ပျက်မိသည်။ ကိုယ်ပြော၍ရမည် ထင်သူများကိုတော့ "ဘာမှမဟုတ်ဘူး၊ အတိတ်မရှိ၊ နိမိတ်မရှိ၊ ငလျင်ဆိုတာ ဘယ်သူမှ မခန့်မှန်းနိုင်ဘူး၊ ငလျင်ကြီးလှုပ်ပြီးရင် ငလျင်ငယ်လေးတွေ လှုပ်တာက သဘာဝပဲ၊ ဆိုးဆိုးရွားရွား မဖြစ်တော့ဘူး"ဟု အားပေးစကား ပြောဖြစ်သည်။ ကျွန်တော်ပြော သည့်စကားနှင့် ပြင်းအား ၉ ခန့် လှုပ်မည်ဆိုသူ ပြောစကား မည်သူ၏စကားက အောင်ရာမည် ထင်သနည်း။ ကျွန်တော့်ဘက်တွင် တစ်ယောက်မျှမရှိ၊ နွေခေါင်ခေါင်၊ ကွင်းပြင်ပြောင်ပြောင်သို့ ထွက်ပြေးကြ၏။ နောက်ထပ် လာ၍ပြောသူစကားက ပို၍ဆိုးသည်။ "ကွင်းပြင်ကျယ်တွေထဲမှာ မီးသတ်တွေရော၊ ကြက်ခြေနီတွေရော၊ လူနာတင်ယာဉ်တွေ အဆင်သင့် လုပ်ထားကြကုန်ပြီ"ဟု ထပ် လောင်းပြောပြန်ရာ ဆီးရွက်ခန့်ရှိသည့် မျက်နှာများက ဆီးစေ့ခန့်ရှိသည့် ချွေးများပါ ထွက်ကုန်ကြ လေတော့သည်။ ကိုယ်လည်း ဘာလုပ်ရမလဲဟုဆိုလျှင် သူတို့နှင့် အတူတူနေဆာ လှုံရပေတော့သည်။ ထိုအဖြစ် အပျက်များကိုသာ ကြည့်ပါတော့ဟု ဆိုရမည်ဖြစ်သည်။ ငလျင်ဒဏ်နှင့်ပတ်သက်၍ ခဲမှန်ဖူးသော စာသူငယ်များကဲ့သို့ စိုးတထိတ်ထိတ်နှင့် ဖြစ်နေကြသည်။ ထိုအခြေအနေကို အခွင့်ကောင်းယူပြီး လူမှုကွန်ရက်မှ ရှေ့ဖြစ်ဟော ဆရာယောင်ယောင်၊ ဗေဒင်ဆရာယောင်ယောင် ငကြောင်တစ်ကောင်က ထယောင်လေသည်။ မုံရွာသား ဂျွန်မိုးသဲဆို သူက ငလျင်ကြီးများ ထပ်မံလှုပ် ဦးမည့်အကြောင်း Johnmoes.t အကောင့်ဖြင့် စိုးရိမ်နေသော လူထုကို အကြောက်တရားများ Tiktok မှ ထပ်၍ ဖြန့်ဝေသည်။ ထိုသို့ ထပ်၍ဖြန့်သောကြောင့် ဘာဖြစ်သနည်းဟုဆိုလျှင် အစိခံရလေတော့သည်။ ရှေးဖြစ်ဟော ဆရာသာဆိုပြီး သူအဖမ်းခံရမည့်ကိစ္စကြ သူကိုယ်တိုင်ပင် မသိဖြစ်နေ လေသည်။
    မိတ်ဆွေ ဆရာသမားပြောသည့်စကားအတိုင်း သူ Like? Followers ရှာသည်က ဒဏ်ရာရနေသောသူကို အရှိုက်ခပ်ပြင်းပြင်း ထပ်၍ထိုးနှက်သကဲ့သို့ ဖြစ်နေလေသည်။ တစ်ပါးသူကို ကိုယ်ထိ လက်ရောက်လုပ်လိုသော ဆန္ဒမရှိသည့် ကျွန်တော်ပင်လျှင် ထိုငတိကို နားအုံဖုန်ခါပေးချင်စိတ် ပေါက်မိပါ၏။ ဤကဲ့သို့ လူမျိုးများကို ကျွန်တော်ကဲ့သို့သာ ရှိကြမည်ဟု ထင်မြင်မိပါသည်။

အပူကောင်များ၏ သောက
    'ပုထုဇဉ်တို့ရဲ့ သံဝေဂက မခိုင်မြဲဘူး'ဟုသည်နှစ် ဝင်ဖြစ်သည့်တရားစခန်းမှ ကမ္မဋ္ဌာန်းဆရာတော်က မိန့်ကြားသည်။ သဘာဝဘေးအန္တရာယ်ကြီးနှင့် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ရအပြီး လူပေါင်းများစွာတို့က သံဝေဂရကြကုန်သည်။ မိနစ်ပိုင်းအတွင်းလေးမှာပင်ကို သူဌေးဘဝမှ သုညဘ၀ ဖြစ်သွားသူများ၊ မိသားစုများ ဘဝခြားသွားသည့်ဖြစ်စဉ်များ၊ မကြောင့်မကြ နေထိုင်ခဲ့ရသူများက ပူပင်ကြောင့် ကြမှုများစွာ ကြုံတွေ့သွားကြရသည်။ ထိုကဲ့သို့ အဖြစ်အပျက်ကို ကြုံတွေ့၍ ကျောခိုင်းကာ တရားစခန်း ဝင်လာသူများကို ဆရာတော်မှ အထက်ပါအတိုင်း မိန့်ကြားခြင်းဖြစ်သည်။ ဆရာတော်က သတိသံဝေဂကြီးစွာရပြီး တရားရစေရန် ရည်ရွယ်၍ မိန့်ခြင်းဖြစ်သည်။ နောက်ပိုင်းမှ ဆရာတော် မိန့်ကြားသည်ကို သဘောပေါက်မိသည်။ အနယ်နယ် အရပ်ရပ်မှ လာရောက်သူများစုံသောကြောင့် ကြားရသည့်သတင်းများကလည်း စုံလင်လှသည်။ ဥပမာ ကျွန်တော်တို့စစ်ကိုင်းတိုင်း နယ်ဘက်တွင် အချို့သော နေရာအများစုတွင် စာသင်ကျောင်းများ မဖွင့်နိုင်သည်မှာ သုံးနှစ်ပင် စွန်းလာသည်ဟု ဆိုရာ တစ်ယောက်သောသူက "မင်းတို့နေရာက မလွတ်မြောက်သေးဘူးလား"ဟု ဉာဏ်တိမ်တိမ်နှင့် ဝင်၍ မှတ်ချက်ပြု၏။ သူက ပခုက္ကူနယ်ဘက်ကဖြတ်ပြီး "လွတ်မြောက်တယ်ဆိုတာ အေးချမ်းလား"ဟု ပြန်၍မေးချင်မိ၏။ သို့သော်လည်း အကန်မပြောချင်၍ "မရောက်ဖြစ် တာကြာတော့ မသိပါဘူး"ဟုသာ ပြန်ပြောဖြစ်မိသည်။ တစ်ယောက်သောသူက ဝင်၍ "မင်းတို့က PDF ပေးတဲ့ ဒုက္ခမခံရဖူးသေးလို့ လွတ်မြောက်ချင်တာလား"ဟု ဝင်၍ဘုတောလေသည်။ ထိုသူက ဆက်၍ ဆိပ်ဖြူနယ် ဘက်တွင် PDF က မထင်လျှင်မထင်သလို လူသတ်သည့် အကြောင်းနှင့် ပိုင်ဆိုင်မှုများကို လိုချင်တာမှန်သမျှ ယူသည်မှာ ကိုယ်တွေ့ဟု ဆိုလေသည်။ နေရပ်စွန့်ခွာ၍ပြေးလျှင်ပင် ယူနိုင်သမျှ ပစ္စည်း ပစ္စယ ယူခဲ့ရသည်ဟု ဆိုလေသည်။ လွတ်မြောက်ချင်သောသူ ပါးစပ်ပိတ်သွားသည်။ ထိုအချိန် တစ်ယောက်က ထပ်မံ၍ "ဒီလောက် သဘာဝဘေးကြီး ကြုံနေတာတောင် ပစ်ခတ်နေကြတာ"ဟု ဆိုပြန်၏။ "သဘာဝဘေးကြောင့် တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ပေးထားပါတယ်"ဟု ရှင်းပြသည်။ ဤကဲ့သို့ အခြေအနေမျိုးဆိုလျှင် နီနီတို့ရပ်ကွက် ထုံးစံအတိုင်း "သူပစ်ချင်တဲ့ နေရာတွေ ပစ်နေတာပါဗျာ"ဟု အကန်ပြောလေသည်။
    တပ်မတော်က တစ်ဖက်သတ် အပစ်ရပ်ထားကြောင်း ပြောသူက "ဒီတရားစခန်းနားမှာ ပစ်သံခတ်သံများ ကြားသလားကွ"ဟု ပစ်ချင်သည့်နေရာ ပစ်သည် ဆိုသောသူကို မေးခွန်းထုတ်လေသည်။ "အဲဒါတော့ ဘယ်ရှိမလဲဗျာ"ဟု မကျေမချမ်း ဖြေလေရာ "အေး အဲဒါ PDF မရှိလို့ အပစ်အခတ် မရှိတာဘဲ။ အဲဒါ ရှင်းရှင်းလေးဟ"ဟု ဆိုလေရာ တို့ယောဂီများ ဆရာတော်မိန့်သကဲ့သို့ သံဝေဂ ရင့်သန်မနေဘဲ နိုင်ငံရေးလေးတော့ ပြောဆိုကြ၏ အတွေးပေါ်မိသည်။ 
ဉာဏ်နည်းသူတို့၏ ပူပင်သောက    
    လွတ်မြောက်နယ်မြေ ဖြစ်စေချင်သူတို့ဘက်မှ သည်နွေရာသီတွင် တော်တော်ကို ပူလောင်ရသည့်ကိစ္စ တစ်ခုလည်း ရှိနေလေသည်။ ထိုအရာက လားရှိုးကို တပ်မတော်က သေနတ်တစ်ချက် မပစ်ဖောက်ရဘဲ ပြန်ရသည့်ကိစ္စကို ပူလောင်နေလေသည်။ လွတ်မြောက်နယ် မြေဆိုပြီး ငြိမ်းချမ်းသွား သလားဆိုသည့် အတိုင်းအဆကိုပင် မသိသောသူများကတော့ သူတို့ဉာဏ်နှင့်ထိုက်တန်သည့် ပူပင်သောကကို ရရှိသည်မှာ မထူးဆန်းဟု ထင်မိသည်။
    သူတို့ဉာဏ်နှင့် ထိုက်တန်သည့် ပူပင်သောကရောက်ရာ သနားဖို့ မထိုက်တန်ဟု ဆိုရမည်ဖြစ်သော်လည်း ကိုယ်တိုင်ကိုယ်ကျ အပူအား ကြီးနေကြသူများကိုလည်း တွေ့မြင်ခဲ့ရသည်။ ထိုအပူကောင်များက မန္တလေး မြေငလျင်ဘေးကြီး ကြုံတွေ့ရအပြီး ကယ်ဆယ်ရေးများ ပြန်လည် ထူထောင်ရေး လုပ်နေသူများကိုကြည့်ပြီး မနာလို မရှုဆိတ်ဖြစ်နေကြသည်။ အဆိုးရွားဆုံးက ငလျင်ဒဏ်သင့် သူများကို ရက်ရက်ရောရော လှူဒါန်းနေမှုများကိုကြည့်ပြီး ငလျင်ဒဏ်သင့်သူများကိုသာ လှူဒါန်းပြီး သူတို့တော်လှန်ရေးကို မလှူဒါန်းသဖြင့် အပူမီးနှင့် အပူကြီး ပူနေကြသည်။ သူတို့ပူလောင်နေမှုများက လူမှုကွန်ရက်မှတစ်ဆင့် မထိန်းနိုင် မသိမ်းနိုင် ပွင့်အန် လာကြလေသည်။ PDF တစ်ယောက်က ပင်လည်ဘူးမြို့ပျက်ကို ဗွီဒီယိုရိုက်၍ တင်ထားသည်က သူတို့ကိုသာ ထောက်ပံ့လျှင် သူတို့ထိန်းသိမ်း ထားသည့် မြို့ရွာများ မဆုံးရှုံးတော့ဘဲ ရှိမည်ဖြစ်ပြီး မထောက်ပံ့လျှင် ပြန်လည် ဆုံးရှုံးမည်ဟု ဆိုလေသည်။ ထိုမြို့ပျက်ဗွီဒီယိုကို ကြည့်ပြီး " PDF တိုင်းပြည်ကို ကယ်တင်တဲ့ မြင်ကွင်းလေးပေါ့"ဟု မှတ်ချက် ပြုထားလေသည်။ တင်သည့် PDF က အလှူငွေရရန် ရည်ရွယ်သော်လည်း အောက်က မှတ် ချက်ပြုသူ များက PDF ကယ်တင်မည်ကို ကြောက်ရွံ့နေကြောင်း ထောမနာပြုကုန်ကြ၏။ ထိုကဲ့သို့ မှတ်ချက်များ ကိုမြင်ပြီးသကာလ "နင်တို့ မှတ်ထား"ဟု ဒေါသသံသင့်သည့် စကားလုံးဖြင့် ပြည်သူကို ပြန်ခြိမ်းခြောက် နေလေသည်။ "ဒါလား ပြည်သူ့အတွက်"ဟုသာ ဆိုချင်ပါတော့သည်။
(ရွှေထီး)  
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 9

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43194

© 2022 - 2025 News. All Rights Reserved.