ကက်ရှ်မီးယားကို ဗဟိုပြုပြီး ဒီဂရီ တိုးလာပြန်တဲ့ အိန္ဒိယ-ပါကစ္စတန် တင်းမာမှုများ

၂၀၂၅ ၊ မတ် ၃

    ကမ္ဘာပေါ်မှာ ရင်ကြားစေ့ဖို့ လုံးဝနီးပါး မဖြစ်နိုင်လောက်တဲ့ပဋိပက္ခ အိမ်နီးချင်းနိုင်ငံတွေ၊ နယ်မြေတွေ ရှိကြပါတယ်။ အစ္စရေးနဲ့ ပါလက်စတိုင်း၊ တောင်ကိုရီး ယားနဲ့ မြောက်ကိုရီးယားတို့ဟာ အမြင်သာဆုံး ဥပမာတွေပါ။ အဲဒီစာရင်းထဲမှာ အိန္ဒိယနဲ့ ပါကစ္စတန်ကိုလည်း မဖြစ်မနေ ထည့်ရပါလိမ့် မယ်။ လက်ရှိမှာ အစ္စရေး-ပါ လက်စတိုင်း ပဋိပက္ခ၊ ရုရှားနဲ့ ယူကရိန်း စစ်ပွဲတွေဟာ တစ်ကမ္ဘာလုံးရဲ့ အာရုံကို ဖမ်းစားနေတဲ့ စစ်မက်အရေး အခင်းတွေအဖြစ် ရှိနေပေမယ့် လက်နက်ကိုင်အကြမ်း ဖက်တိုက်ခိုက်မှုတစ်ခုကို အကြောင်းပြုပြီး အိန္ဒိယ-ပါကစ္စတန် တင်းမာမှုကလည်း ခပ်မြန်မြန် မြင့်တက်လာ နေပါတယ်။
    အိန္ဒိယနဲ့ ပါကစ္စတန်တို့ရဲ့ သမိုင်းကြောင်း ခါးသီးမှုတွေမှာ အဓိကအကျဆုံး အခြေခံအကြောင်း တရားဟာ ကက်ရှ်မီးယားဒေသပဲ ဖြစ်ပါတယ်။ အဲဒီ ဒေသကို ပိုင်ဆိုင်ခွင့်အတွက် အငြင်းပွားကြရာက အာရှ တောင်ပိုင်းရဲ့ နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြားက တင်းမာမှုတွေ အဓိက စတင်ခဲ့ကြ တာပါ။ လက်ရှိ ရန်ငြှိုးဖွဲ့မှု အသစ်တွေကလည်း ကက်ရှ်မီးယားကိုပဲ အကြောင်းပြု နေပြန်ပါတယ်။
    ကက်ရှ်မီးယား ဒေသတစ်ခုလုံးကို အိန္ဒိယနဲ့ ပါကစ္စတန်တို့က ခွဲဝေထိန်းချုပ်ထားကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အညီအမျှတော့ မဟုတ်ပါဘူး။ ကက်ရှ်မီးယားရဲ့ အစိတ်အပိုင်းအများစုဟာ အိန္ဒိယလက် အောက်မှာ ရှိနေတာပါ။ ပြီးတော့ မွတ်ဆလင်အများစု နေထိုင်ရာ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင်ခွဲထွက်ရေးအဖွဲ့ အစည်းတွေကို ပါကစ္စတန်က သွေးထိုးလှုံ့ဆော်နေတယ် လို့ အိန္ဒိယက အစဉ်တစိုက် စွပ်စွဲထားပြီး ပါကစ္စတန် ကလည်း တောက်လျှောက် ငြင်းနေခဲ့ပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသမှာ လက်နက်ကိုင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားပြီး လူ ၂၆ ဦး သေဆုံးခဲ့တဲ့နောက် ကျောင်းတော်က ရန်စတွေဟာ နှစ်နိုင်ငံကြားမှာ တစ် ကျော့ပြန် ဆူပွက်လာပါတော့တယ်။
    အိန္ဒိယထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသမှာ ပါဟယ်ဂမ်ဆိုတဲ့ အပန်းဖြေ တောင်ပေါ်မြို့လေးတစ်ခု ရှိပါတယ်။ ပြီးတော့ အိန္ဒိယခရီးသွား ဧည့်သည်တွေကြားမှာ အထူးရေပန်းစားတဲ့ နေရာပါ။ ပါဟယ် ဂမ်မြို့အပြင်ဘက်မှာ ကျယ်ပြောစိမ်းစိုတဲ့ မြက်ခင်းပြင် တစ်ခုရှိပြီး အဲဒီကို ခြေလျင်၊ ဒါမှမဟုတ် ဒေသမျိုးရင်း မြင်းပုလေးတွေစီးပြီး သွားရောက်ရပါတယ်။ အဲဒီ မြက်ခင်းမှာတော့ ဟိမဝန္တာ တောင်တန်း တွေကို နောက်ခံထားပြီး အင်မတန် ရှုမငြီးနိုင်လောက်စရာ သဘာ၀အလှအပတွေကို ခံစား ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။
    ဧပြီလ ၂၂ ရက်တုန်းက ပါဟယ်ဂမ် မြက်ခင်းမှာ ပုံမှန်အတိုင်း အိန္ဒိယခရီးသွား ဧည့်သည်တွေ စည်ကားနေခဲ့ပါတယ်။ အနီးမှာရှိတဲ့ တောအုပ်ထဲကနေ လက်နက်ကိုင်တချို့ ထွက်လာပြီး အဲဒီဧည့်သည်တွေကို အနီးကပ် ပစ်ခတ်တိုက်ခိုက်မှု မစခင်အထိ အားလုံးက အေးအေးချမ်းချမ်းပါပဲ။ အဲဒီ တိုက်ခိုက်မှုဟာ စိမ်းစိုတဲ့မြက်ခင်းတွေကို သွေးရောင်ရဲရဲတွေ လွှမ်းသွားစေပါတော့တယ်။ သေဆုံးသူ ၂၆ ဦးထဲမှာ ၂၅ ယောက်က အိန္ဒိယ နိုင်ငံသားတွေပါ။ ကျန်တဲ့တစ်ယောက်ကတော့ နီပေါကနေ လာရောက်တဲ့ ဧည့်သည်လို့ ဆိုပါတယ်။
    အသက်ရှင် လွတ်မြောက်လာသူတွေရဲ့ ထွက်ဆိုချက်တွေမှာ ကွဲလွဲတာတွေတော့ ရှိပါတယ်။ တချို့က သေနတ်သမားတွေဟာ တွေ့ရာလူမှန်သမျှကို သိမ်းကြုံးပြီး ပစ်ခတ်ခဲ့တယ်လို့ ပြောပါတယ်။ တချို့ကတော့ လက်နက်ကိုင်တွေဟာ အမျိုးသားတွေကိုပဲ အဓိက ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ ဆိုပြန်တယ်။ တချို့ကလည်း သေနတ်သမားတွေဟာ ခရီးသွား ဧည့်သည်တွေကို အိန္ဒိယဝန်ကြီးချုပ် မိုဒီရဲ့ အမာခံတွေလို့ အော်ဟစ်စွပ်စွဲဆဲရေးရင်း ပစ်ခတ်ခဲ့တယ်လို့ ထွက်ဆိုကြပါတယ်။ မိုဒီဦးဆောင်နေတဲ့ ဟိန္ဒူအမျိုးသားရေး လက်ယာစွန်း အစိုးရဟာ ၂၀၁၉ ခုနှစ်မှာ အိန္ဒိယ လက်အောက်ခံ ကက်ရှ်မီးယားပြည်နယ်ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် သတ်မှတ်ချက်ကိုပယ်ဖျက်ပြီး ဒေလီမြို့တော်ကနေ တိုက်ရိုက် အုပ်ချုပ်တဲ့စနစ်ကို ကျင့်သုံးစေခဲ့ပါတယ်။ ဒီအခြေအနေက ကက်ရှ်မီးယားမှာ လူထုအုံကြွ ဆန့်ကျင်မှုတွေ ဖြစ်ပေါ်စေခဲ့သလို မိုဒီအပေါ် မုန်းတီးမှုကလည်း ပိုကြီးထွားခဲ့ပါတယ်။
    ကမ္ဘာပေါ်မှာ အမြင့်ဆုံး နယ်စပ်တွေထဲက တစ်ခုဖြစ်သလို ကက်ရှ်မီးယားဟာ ကမ္ဘာပေါ်မှာ လက်နက်ကိုင်အင်အား အစောင့်အကြပ် အထူထပ်ဆုံးချထားတဲ့ နယ်စပ်တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ ပါဟယ်ဂမ်တိုက်ခိုက်မှုအပြီး ချက်ချင်းဆိုသလိုပဲ အိန္ဒိယက ဒီကိစ္စနောက်ကွယ်မှာ ပါကစ္စတန် ပါဝင်ပတ်သက်နေမယ်လို့ စွပ်စွဲပါတော့တယ်။ ပါကစ္စတန်ကလည်း ချက်ချင်းငြင်းပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ကျူးလွန်သူတွေကို ကမ္ဘာဆုံးတဲ့ထိ ခြေရာခံရှာဖွေ ဖော်ထုတ်သွားမယ်လို့ ကြုံးဝါးခဲ့ပါတယ်။ ပြီးတော့ အိန္ဒိယဟာ ပါကစ္စတန်အပေါ် တင်းမာတဲ့ တုံ့ပြန်မှုတွေ ခပ်မြန်မြန် ကျင့်သုံးလာခဲ့ပါတယ်။
    အဲဒီ လုပ်ဆောင်ချက်တွေမှာတော့ အိန္ဒိယဟာ ပါကစ္စတန် သံအရာရှိတွေကို နှင်ထုတ်ခဲ့သလို တချို့ ပါကစ္စတန်နိုင်ငံသားတွေရဲ့ ဗီဇာတွေကို ရုပ်သိမ်းခဲ့တယ်။ နှစ်နိုင်ငံကြားက အဓိကကုန်သွယ်ရေး နယ်စပ်ဂိတ်ကို ပိတ်ပစ်ခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်ကြားက ရေအရင်းအမြစ်ဝေငှရေး သဘောတူညီချက်ကို ဆိုင်းငံ့ထားလိုက်တယ်။ အင်ဒူးစ်မြစ်ကြီးဟာ အိန္ဒိယမြောက်ပိုင်း ဒေသတွေနဲ့ ပါကစ္စတန်ရဲ့ အစိတ်အပိုင်း အတော်များများမှာ အကြီးအကျယ် မှီခိုနေရတဲ့ သဘာဝရေအရင်း အမြစ်ဖြစ်ပါတယ်။ နှစ်နိုင်ငံ မတည့်ကြပေမယ့် လူသန်း ပေါင်းများစွာအတွက် လိုအပ်တဲ့ရေအရင်းအမြစ်ကို မျှဝေအသုံးပြု ဖို့ကိုတော့ ၁၉၆၀ ကတည်းက သမိုင်းဝင် စာချုပ်တစ်ရပ် ချုပ်ဆိုထားကြပါတယ်။ ဒီတော့ အဲဒီစာချုပ်ကို အိန္ဒိယကဆိုင်းငံ့ပြီး ရေအရင်းအမြစ် ခွဲဝေမပေးတော့ဘူးဆိုရင် စစ်ကြေညာတယ်လို့ သဘောထားရ လိမ့်မယ်လို့ ပါကစ္စတန်ကလည်း တုံ့ပြန်ခြိမ်းခြောက်ခဲ့ပါတယ်။
    ပါဟယ်ဂမ် ဖြစ်ရပ်အပြီး ရက်ပိုင်းအတွင်း နယ်စပ်မှာ နှစ်ဖက်စစ်တပ်တွေကြား အသေးစား အပြန်အလှန် ပစ်ခတ်မှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ဧပြီလ ၂၈ ရက် မနက်ပိုင်းထိ အခြေအနေအရတော့ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေ မကြားရသေးပါဘူး။ အဲဒီ ပစ်ခတ်မှုတွေကသာ သွေးစွန်းမှုတွေ ထပ်ရှိလာရင် နှစ်နိုင်ငံကြားက ပဋိပက္ခဟာ ညှိရပို ခက်သွားနိုင်တယ်လို့ လေ့လာသူတွေက စိုးရိမ်တကြီး သုံးသပ်ထားကြတယ်။ ဒါဆိုရင် ၂၀၁၉ ခုနှစ် တုန်းက နယ်စပ်မှာ ပါကစ္စတန်လိုလားတဲ့ ပြောက်ကျားတပ်တွေကို အိန္ဒိယလေတပ်က ဗုံးကြဲခဲ့တဲ့ နောက်ပိုင်း နှစ်နိုင်ငံကြား အဆူပွက်ဆုံး စစ်ရေးတင်းမာမှုတွေဆီ ဦးတည်သွားနိုင်ပါတယ်။ ကုလသမဂ္ဂကတော့ နှစ်နိုင်ငံ အစိုးရတွေအနေနဲ့ အခြေအနေကို သွေးအေးအေးထားပြီး ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ်ဖို့ မေတ္တာရပ်ခံ ထားကြပါတယ်။ 
    အိန္ဒိယ ထိန်းချုပ်ထားရာ ကက်ရှ်မီးယားဒေသမှာ အရင်ကလည်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ ဖြစ်ပေါ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုကိစ္စလိုမျိုး အရပ်သားတွေကို သေသေချာချာ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တာမျိုးကတော့ လွန်ခဲ့တဲ့ ၂၅ နှစ်အတွင်းမှာ မကြုံခဲ့ဖူးပါဘူး။ ပါဟယ်ဂမ်က ပစ်ခတ်မှုကို အကြမ်းဖက်မှု၊ အစုအပြုံလိုက် သတ်ဖြတ်မှုလို့ ကြေညာပြီး ပါကစ္စတန်က သေချာပေါက် ကြိုးကိုင်နေတယ်လို့ စွပ်စွဲထားပါတယ်။ ပါကစ္စတန် အစိုးရကတော့ ဒီကိစ္စကို နိုင်ငံတကာ အသိုက်အဝန်းက ကြားဝင်တာဝန်ယူပြီး စုံစမ်းပေးစေလိုကြောင်း မေတ္တာရပ်ခံထား ပါတယ်။
    ပြီးတော့ ဆိုးရွားတဲ့ တိုက်ခိုက်မှုကြီးကို ဘယ်အဖွဲ့အစည်းက ကျူးလွန်သလဲ ဆိုတာကလည်း ရှုပ်ထွေးတဲ့ အခြေအနေတွေ ဖြစ်နေဆဲပါ။ အရင်က လူသိမများလှဘဲ ကိုယ့်ကိုယ်ကိုယ် ကက်ရှ်မီးယား တော်လှန်ရေးတပ်ဦး (TRF) လို့ ကြေညာထားတဲ့ အဖွဲ့အစည်းတစ်ခုက သူတို့လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ကက်ရှ်မီးယားကို နိုင်ငံခြားသားတွေ ဝင်ရောက်နေခြင်းက ဒေသရဲ့ လူမှုစရိုက် အလေ့အထတွေကို ပျက်စီးသွားစေနိုင်တာကို မကျေနပ်လို့ အခုလို လုပ်တာလို့ TRF က ဆိုတယ်။ TRF ဟာ သက်တမ်းနုပြီး လူသိနည်းတဲ့ အဖွဲ့အစည်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ကမှ TRF က အဖွဲ့ရဲ့ ရပ်တည်မှုကို တရားဝင် ကြေညာခဲ့တာပါ။ အိန္ဒိယကတော့ ပါကစ္စတန် အစွန်းရောက် အစ္စလာမ္မစ် အဖွဲ့အစည်း လက်ရှ်ကာအီ တေယီဘာနဲ့ ဆက်စပ်တဲ့အတွက် TRF ကို အကြမ်းဖက်အ ဖွဲ့အစည်း တစ်ခုလို့ သတ်မှတ်ထားပါတယ်။ TRF က ပါဟယ်ဂမ် တိုက်ခိုက်မှုကို သူတို့ ကျူးလွန်ပါ တယ်လို့ ပြောနေပေမယ့် တိကျခိုင်မာတဲ့ အထောက်အထား ဘာတစ်ခုမှ မပြသနိုင်ပါဘူး။ ပြီးတော့ အိန္ဒိယအစိုးရ ကိုယ်တိုင်ကလည်း TRF ရဲ့ ထုတ်ပြန်ချက်ကို မယုံကြည်ဘဲ ဖြစ်နေတယ်။
    ကက်ရှ်မီးယားမှာတော့ အထူးသဖြင့် အိန္ဒိယနဲ့ ပါကစ္စတန်ကြား နယ်စပ်သတ်မှတ်ထားရာ ဧရိယာတစ်လျှောက်မှာတော့ တင်းမာမှုတွေ မြင့်တက်နေပြီး နှစ်ဖက်လုံးက ဒေသခံလူ့အဖွဲ့အစည်းတွေကြား စစ်ဖြစ်လာနိုင်ခြေကိုတွေးပြီး တအုံနွေးနွေး စိုးရိမ်နေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အိန္ဒိယရဲ့မြို့တော်ဒေလီနဲ့ တခြားမြို့ကြီး တချို့မှာ ပါကစ္စတန်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေလည်း ဖြစ်ပေါ်လာတယ်။ အဲဒီအခြေအနေကနေ ကက်ရှ်မီးယားနဲ့ မွတ်ဆလင်မုန်းတီးရေး ဝါဒဖြန့်မှုတွေ ကြီးထွားလာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေပြန်တယ်။
    အခုတော့ အားလုံးရဲ့ အာရုံက ဒီပြဿနာကို အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဘယ်လိုတုံ့ပြန်ကြမလဲဆိုတဲ့အပေါ် ကျရောက်နေပါတယ်။ ဝန်ကြီးချုပ်မိုဒီဟာ သူ့ရဲ့ နိုင်ငံရေးရပ်တည်မှု ခိုင်မာသေချာစေဖို့ အင်အားသုံး တုံ့ပြန်တာမျိုး ရှိလာနိုင်တယ်လို့ စတန်းဖို့ဒ်တက္ကသိုလ်ရဲ့ နိုင်ငံတကာ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး သုတေသနပညာရှင် အာဇန်တာရာပေါက ပြောပါတယ်။ ၂၀၁၉ ခုနှစ်တုန်းက စစ်ရေး ပဋိပက္ခတွေကို ကြည့်ရင် အိန္ဒိယရဲ့ တုံ့ပြန်ကိုင်တွယ်မှုတွေဟာ ပွဲကြမ်းတတ်တယ် ဆိုတာကို မမေ့သင့်ကြောင်း သူက ထောက်ပြခဲ့ပါတယ်။
    အဲဒီတုန်းက အိန္ဒိယအုပ်ချုပ်တဲ့ ကက်ရှ်မီးယားဒေသမှာ ခွဲထွက်ရေးအင်အားစုတွေက တိုက်ခိုက်လို့ အိန္ဒိယအရန်တပ်ဖွဲ့ဝင် ၄၀ ကျော် သေဆုံးခဲ့ပြီး အိန္ဒိယလေတပ်က ပါကစ္စတန် ပိုင်နက်ထဲထိ နယ်စပ်ကို ဖြတ်ကျော်ပြီး ဗုံးကြဲခဲ့ပါတယ်။ ဒါဟာ ၁၉၇၁ ခုနှစ်တုန်းက နှစ်နိုင်ငံကြား စစ်ဖြစ်ခဲ့တဲ့နောက်ပိုင်း အိန္ဒိယရဲ့ ပထမဆုံးအကြိမ် နယ်ကျော်တိုက်ခိုက်မှုလည်း ဖြစ်လာခဲ့ ပါတယ်။ 
    ပဟေဠိဆန်နေဆဲတစ်ချက်က ပြိုင်ဘက်နှစ်နိုင်ငံကြားမှာ ပဋိပက္ခတွေကို အဓိပ္ပာယ်ပြည့်ဝတဲ့ ညှိနှိုင်းဖြေရှင်းမှုမျိုးနဲ့ ကိုင်တွယ်ကြဖို့ တကယ်ပဲဆန္ဒရှိကြရဲ့လားဆိုတာပါပဲ။ ဒါမှမဟုတ် အိန္ဒိယက ပိုပြီး တိုက်ရိုက်ကျကျ တုံ့ပြန်ပြီး ပါကစ္စတန်စစ်တပ်က ခွင့်ပြုလက်ခံနိုင်တဲ့ အတိုင်းအတာကို ကျော်လွန်အကဲစမ်းလာမ လားဆိုတာကိုလည်း စောင့်ကြည့်ရပါမယ်။ လာမယ့် ရက်ပိုင်းတွမှာတော့ ဒီမေးခွန်းရဲ့ အဖြေက ပိုပြီး ရုပ်လုံးပေါ်လာနိုင်ပါတယ်။ ကမ္ဘာကြီးအတွက်တော့ ကိုင်တွယ်ဖြေရှင်းရမယ့် နိုင်ငံတကာ ပဋိပက္ခတွေက ရှိရင်းစွဲမှာတောင် လိုတာထက်ပိုနေပါပြီ။ အာရှတောင်ပိုင်းကို ဗဟိုပြုပြီး နျူကလီးယား လက်နက်ပိုင် နှစ်နိုင်ငံကြားမှာ ပဋိပက္ခသစ်တစ်ခု ထပ်ပြီး ဆူပွက်မလာတာက အားလုံးအတွက် ပိုကောင်းတဲ့ ရွေးချယ်မှုဆိုပေမယ့် တကယ်တမ်း အနာဂတ်မှာ ဘာတွေ ကြုံလာမလဲဆိုတာကိုတော့ အချိန်ကပဲ အဖြေပေးသွားမှာ ဖြစ်ပါတယ်။ 
(ညိုစိမ်း)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၅ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 11

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43227

© 2022 - 2025 News. All Rights Reserved.