နိုင်ငံရေးအကြောင်းပြ သခင်အားရ ကျွန်ပါးဝသူတွေ

၂၀၂၅ ၊ စက်တင်ဘာ ၂၅

    မြန်မာ့ပြည်တွင်းရေးမှာ နိုင်ငံရေးမငြိမ်မသက်မှုတွေဖြစ်နေတာ၊ ခိုင်မာပြီး တည်ငြိမ်အေးချမ်းတဲ့ စနစ်တစ်ခုကို ခုချိန်ထိ မရောက်နိုင်တာ ပြည်ပ ပယောဂနဲ့ မြန်မာပြည်ပြေးတွေကြောင့်လည်း ပါပါတယ်။ မြန်မာနိုင်ငံမှာဖြစ်တဲ့ စစ်ရေး၊ နိုင်ငံရေးကိစ္စတွေကိုကြည့်ရင် ကမ္ဘာမှာဖြစ်နေတဲ့ အားပြိုင်မှုတွေရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ လွတ်လပ်ရေးရကတည်းကစခဲ့တဲ့ ဒီလက်နက်ကိုင်လမ်းစဉ်၊ နိုင်ငံရေး ပဋိပက္ခတွေဟာ သေးငယ်ပပျောက်သွားရမယ့်အစား ပိုမိုကြီးထွားလာတာက ဘယ်အကျိုးဆက်ကြောင့် ဖြစ်မလဲ။ 
    ဒီပြဿနာတွေရဲ့ ဇာစ်မြစ်ကို တွေ့အောင်ရှာပြီး အမြစ်ပြတ် ချေမှုန်းမှသာ ဒီပဋိပက္ခတွေ ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်။ ခုဖြစ်နေတာက လမ်းလွဲလိုက်နေကြတာကနေ အမုန်းတရားနဲ့ ပဋိပက္ခတွေ ပိုကြီးလာနေကြတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာက အကွဲအပြဲပါ။ တိုင်းရင်းသားလူမျိုး တူအချင်းချင်းလည်းကွဲပါတယ်။ တစ်မျိုးနဲ့ တစ်မျိုးလည်းကွဲပါတယ်။ မူလအခြေခံအားဖြင့် ကွဲတဲ့အကွဲဟာ လူမျိုးရေး၊ ဘာသာရေး၊ ဝါဒရေးတွေပါ ပယောဂ ပါလာတဲ့အခါ စေ့လို့မရတော့တဲ့အထိ ဖြစ်စေခဲ့တာ ပဲ ဖြစ်ပါတယ်။ 
    မတူကွဲပြား ခြားနားခြင်းဆိုတာဖြစ်လေ့ရှိတဲ့ သဘာဝတစ်ခုပါ။ ဒီမတူကွဲပြား ခြားနားခြင်း သဘာ၀အရလည်း လူ့ဘောင်ဆိုတာ တိုးတက်လာတာပဲ ဖြစ်ပါတယ်။ မတူကွဲပြားခြားနားခြင်းကို လက်ခံပြီး အတူယှဉ်တွဲနေထိုင်တတ်ဖို့ လိုပါတယ်။ ဒီလို အတူယှဉ်တွဲနေထိုင်ဖို့ဆိုတာ ဘယ်အပေါ်မှာ အခြေခံမလဲ။ လူမှုရေးအရဆိုရင် အပြန်အလှန် နားလည်ခွင့်လွှတ်မှုက အခရာပါ။ ဒါပေမဲ့ လူ့ဘောင်အဖွဲ့ အစည်းမှာ အပြန်အလှန် နားလည်ခွင့်လွှတ်နိုင်စွမ်းက အမြဲတမ်းလိုလို ရှိမနေနိုင်တဲ့အတွက် အတူယှဉ်တွဲ နေထိုင်နိုင်ဖို့ စနစ်လိုပါတယ်။ မိမိတို့နိုင်ငံဟာ သမိုင်းကြောင်းအရ ပြန်ကြည့်ရင် ကိုလိုနီခေတ် မတိုင်မီ သက်ဦးဆံပိုင်ခေတ်ကတည်းက စည်းလုံးညီညွတ်တဲ့ နိုင်ငံအဖြစ် ဆိုလို့မရတဲ့နိုင်ငံပါ။ အရည်အချင်း ပြည့်ဝတဲ့ မင်းလက်ထက်မှာ သက်ဦးဆံပိုင် နိုင်ငံငယ်လေးတွေ ပေါင်းစပ်ထားတဲ့ ပြည်ထောင်စုသဖွယ် တွေ့ရမှာ ဖြစ်ပါတယ်။ ခေတ်စနစ်အရ ဒီလိုရှိခဲ့ပေမယ့် ပြည်ပအန္တရာယ် ကြုံတွေ့လာတဲ့အခါ ညီညွတ်စွာ တွန်းလှန်တတ်ကြတဲ့သဘာဝလည်း ရှိခဲ့ပါတယ်။ 
    မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်ရင် မြန်မာနိုင်ငံဟာ ဗမာကို ဗဟိုပြုပြီး အတူယှဉ်တွဲ နေထိုင်ခဲ့တဲ့ ပြည်ထောင်စုနိုင်ငံတစ်ခုအဖြစ် တည်ရှိခဲ့တာငြင်းလို့ မရနိုင်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ တိုင်းရင်းသားတွေအနေနဲ့ သူ့ဒေသ၊ သူ့ပုံစံနဲ့ သူ့အုပ်ချုပ်ရေးသီးခြားစီရှိကြသော် လည်း မြန်မာပြည်ထောင်စုအတွင်းမှာပဲ ရှိကြပါတယ်။ တရုတ်ကျူးကျော်စစ်ပွဲတွေ၊ ယိုးဒယားနဲ့ဖြစ်တဲ့ စစ်ပွဲတွေ၊ မဏိပူရ ကသည်းနဲ့ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေနဲ့ ဒေသတွင်းစစ်ပွဲတွေကိုကြည့်ရင် ပြည်ထောင်စုအတွင်း အတူနေထိုင် ခဲ့ကြတဲ့ ပြည်ထောင်စုသားတွေ ဖြစ်တယ်ဆိုတာ ထင်ရှားစေတယ် မဟုတ်ပါလား။ ပြည်ထောင်စုအတွင်းမှာရော စစ်ပွဲတွေ မရှိဘူးလားဆိုတော့လည်း ခေတ်တိုင်းလိုလို ရှိခဲ့တာချည်းပဲ ဖြစ်ပါတယ်။ ဒီစစ်ပွဲတွေကို ကြည့်ရင် အိမ်ထောင်စုတစ်ခုအတွင်းမှာ ညီအစ်ကို မောင်နှမတွေ ကတောက်ကဆဖြစ် ရန်သတ်တာနဲ့ သဏ္ဌာန်တူတာ တွေ့ရမှာဖြစ်ပါတယ်။ 
    ပြည်ထောင်စုစိတ်ဓာတ် ဘယ်အချိန်မှာ ထင်ရှားစွာပေါ်သလဲဆိုရင် ပြည်ပကျူးကျော်စစ်တွေမှာ တွေ့ရမှာဖြစ်ပါတယ်။ အထူးသဖြင့် အင်္ဂ လိပ်-မြန်မာစစ်ပွဲတွေမှာ ပြည်ထောင်စုသားအားလုံး တွန်းလှန်ခဲ့ ကြပြီး ပြည်ထောင်စုသားအားလုံး သူ့ကျွန်ဘဝကို အတူတကွရောက်ခဲ့ကြရတာကို တွေ့ရမှာ ဖြစ်ပါ တယ်။ သူ့ကျွန်ဘ၀ မရောက်ခင်ထိ သခင်စိတ်နဲ့ ပြည်ထောင်စုအတွင်းမှာ အတူတကွ နေထိုင်လာကြသူတွေဟာ သူ့ကျွန်ဘဝရောက်သွားပြီးနောက်မှာ ပြည်ထောင်စုစိတ်ဓာတ် ခေါင်းပါးသွားကြတာ ဘာကြောင့်ပါလဲ။ လွတ်လပ်ရေးရခဲ့ပေမယ့် အင်္ဂလိပ်လက်အောက် ဓနသဟာယအဖြစ် နေလိုခဲ့ကြသူတွေရှိခဲ့တာ ဘာဖြစ်လို့လဲ။ ပြည်ထောင်စုအတွင်းမှာ မနေလိုဘဲ သီးခြားခွဲပြီးနေလိုတဲ့စိတ် ပေါ်လာအောင် ဘယ်အချက်တွေက တွန်းပို့ခဲ့တာလဲ။ အဓိကက အုပ်ချုပ်သူ တိုင်းတစ်ပါးသားရဲ့ သွေးခွဲအုပ် ချုပ်မှုအရလို့ ဆိုရပါမယ်။ လူနည်းစုတိုင်းရင်းသားတွေနဲ့ အုပ်ချုပ်သူတို့ရဲ့ လူနေမှုသဘာဝကို နှစ်ခြိုက်ပြီး အခွင့်အရေး မျှော်တဲ့သစ္စာဖောက်ဗမာတွေကို အင်္ဂလိပ်က အခွင့်အရေးပေး စည်းရုံးသိမ်းသွင်းခဲ့ကြတာကို တွေ့ရ မှာဖြစ်ပါတယ်။
    အထူးအားဖြင့် ဘာသာတရားခိုင်မာစွာမရှိသေးတဲ့ တိုင်းရင်းသားလူနည်းစုတွေကို ဘာသာရေးအရလည်း စည်းရုံးသိမ်းသွင်းခဲ့ကြပါတယ်။ ကိုလိုနီမဖြစ်ခင် ဘုရင်ခေတ်မှာကတည်းက သာသနာပြုအဖွဲ့ တွေလာပြီး ဘာသာရေးအရ စည်းရုံးခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာ အများစုကိုးကွယ်တဲ့ ဗမာနဲ့ ခရစ်ယာန်ကိုးကွယ်တဲ့ တိုင်းရင်းသား လူနည်းစုကြားမှာ ဘာသာရေးအရ စည်းခြားသွားခဲ့ကြတဲ့အတွက် ယုံကြည်မှုနဲ့ ရင်းနှီးချစ်ခင်မှု လျော့သွားခဲ့ကြတာ ငြင်းလို့မရနိုင်တဲ့ အခြေအနေတစ်ခုလို့ ဆိုရမှာဖြစ်ပါတယ်။ KIA ရဲ့ သီးခြားခွဲထွက်ပြီး ဝမ်ပေါင်နိုင်ငံ ထူထောင်ရေးရည်မှန်းချက်ဟာ ဒီလူမျိုးရေး၊ ဘာသာရေးအပေါ်မှာ အဓိကအခြေခံပါတယ်။ 
    မြန်မာနိုင်ငံမှာ နိုင်ငံတော်ကိုအဓိက ထိုးနှက်တိုက်ခိုက်နေကြတဲ့ အဖွဲ့တွေကိုကြည့်ရင် အုပ်စုနှစ် စုပဲရှိပါတယ်။ တစ်ဖွဲ့က အနောက်မျှော်အုပ်စုနဲ့ တစ်ဖွဲ့က အနောက်အုပ်စုနဲ့ အားပြိုင်နေတဲ့ နိုင်ငံရဲ့ လက်ဝေခံအုပ်စုပဲဖြစ်ပါတယ်။ နိုင်ငံရေးမှာရော၊ လက်နက်ကိုင်အရေးမှာရော အတူ တူပါပဲ။ နိုင်ငံတော်ဆို တာက ကိုယ့်အချုပ်အခြာအာဏာ တည်တံ့ဖို့အတွက် ဘက်တစ်ဖက် ကိုမယိမ်းဘဲ အမျိုးသားအကျိုးစီး ပွားကို ရှေးရှုတဲ့ အာဏာသုံးရပ်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ ဒီအာဏာသုံးရပ်ကို တည်ငြိမ်အေးချမ်းစွာ အကောင်အထည်ဖော်နိုင်အောင်၊ ခိုင်မာအောင်၊ ပျက်စီးပြိုကွဲမသွားရအောင် ကာကွယ်စောင့်ရှောက်ပေးနေတာက မြန်မာ့တပ်မတော်ပဲ ဖြစ်ပါတယ်။ အဲဒီအတွက်လည်း လက်ဝဲလက်ယာ ထိုအုပ်စုနှစ်စုရဲ့ ဘုံရန်သူဟာ တပ်မတော်ဖြစ်နေတာပဲ ဖြစ်ပါတယ်။ 
    လက်နက်ကိုင်တိုင်းရင်းသားအုပ်စုတွေကို ကြည့်ရင် KIA ? KNU ၊ ကယားလက်နက်ကိုင်အဖွဲ့တွေနဲ့ ချင်းလက်နက်ကိုင်အဖွဲ့တွေဟာ အဓိကအားဖြင့် ခရစ်ယာန် ဘက်ပ်တစ်ကောင်စီရဲ့ ပံ့ပိုး ကူညီမှုတွေကို ရနေတဲ့ အဖွဲ့တွေပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီဒေသတွေက ခရစ်ယာန်တိုင်းရင်းသားတွေဟာလည်း ဘက်ပ်တစ်ကောင်စီရဲ့ အထောက်အပံ့ကို အပြည့်အ၀ရနေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီဒေသတွေမှာ တိုက်ပွဲတွေဖြစ်လို့ စစ်ဘေးရှောင်ရတဲ့အခါမျိုးမှာ ဒီတိုင်းရင်း သားတွေအတွက် နေရေးထိုင်ရေး၊ စားသောက်ရေးကိစ္စတွေမှာ သိပ်အခက်အခဲမရှိကြတာ တွေ့ရမှာဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ တိုက်ပွဲ မဆင်နွှဲခင်မှာကတည်းက KBC အဖွဲ့တွေက ကချင်လူမျိုးတွေအတွက် စစ်ဘေးရှောင်စခန်းတွေ ကြိုတင် ဆောက်ပေးထားတာ တွေ့ရမှာဖြစ်ပါတယ်။ ဗန်းမော်ဒေသတိုက်ပွဲမှာ ကချင်စစ်ဘေးရှောင်တွေ ကချင်ပြည်နယ်အတွင်းမှာ အေးအေးဆေးဆေး အစားသောက်မပျက် နေနိုင်ကြပေမယ့် ရှမ်းနဲ့ကျန် တိုင်းရင်းသားတွေအနေနဲ့ အိုးစွန့်အိမ်စွန့်ပြီး တခြားဒေသကို စွန့်ခွာသွားကြရတာတွေကိုကြည့်ရင် လူမျိုးရေး၊ ဘာသာရေးအရ ဘက်လိုက်မှု ရှိနေတာကို ထင် ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    မြန်မာ့နိုင်ငံရေးမှာ နိုင်ငံတော်က ဘက်နှစ် ဖက်ပြဿနာကို ရင်ဆိုင်ခဲ့ရတယ် ဆိုပေမယ့် မြန်မာ့နိုင်ငံရေးကို အဓိက လွှမ်းမိုးချုပ်ကိုင်လိုတာက အနောက် အုပ်စုပါ။ မြန်မာနိုင်ငံဟာ ၁၉၈၈ ခုနှစ် အရေးအခင်း မတိုင်မီအချိန်ထိ အရင်းရှင်၊ ကွန်မြူနစ် နှစ်ဖက်ထိုးနှက် မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်းအပြီး နောက်ပိုင်းမှာ လက်ဝဲကွန်မြူနစ်အုပ်စုရဲ့ ထိုးနှက်မှုဆိုတာ မရှိသလောက် ဖြစ်လာခဲ့ပြီး အရင်းရှင် အနောက်အုပ်စုရဲ့ ထိုးနှက်မှုကိုတော့ ယခုအချိန်ထိ ခံနေရဆဲပဲ ဖြစ်ပါတယ်။ တရုတ်ကွန်မြူနစ်ပါတီအနေနဲ့ ဗကပကို ပံ့ပိုးကူညီခဲ့ရာမှ ၁၉၈၀ ပြည့်နှစ်များက စပြီး ပံ့ပိုးကူညီမှုလျှော့ ချကာ နိုင်ငံတော်နဲ့ ပိုမိုရင်းနှီးစွာ ဆက်ဆံလာခဲ့တာကို တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်း အပြီး ဗကပပြိုကွဲသွားတဲ့ အချိန်ကစပြီး နှစ်နိုင်ငံ ပြည်သူအချင်းချင်း ရင်းနှီးချစ်ခင်မှုနဲ့ အစိုးရချင်း ရင်းနှီးချစ်ခင်မှုကို ပိုမိုအားပေးလာတာကို တွေ့ရပါတယ်။ သို့သော် တရုတ်အနေနဲ့ အမေရိကန်ဦးဆောင်တဲ့ နေတိုးအုပ်စုရဲ့ China Containment Policy  ကို ခု ခံကာကွယ်ဖို့ မြန်မာနိုင်ငံအတွင်းမှာ နဂိုရင်းနှီးပြီးသားဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို ကြားခံသဖွယ် ထားရှိခဲ့တာကိုလည်း တွေ့ ရမှာ ဖြစ်ပါတယ်။ ယခုအခါမှာ မူဝါဒပြောင်းလဲလာပြီး နိုင်ငံတော်အချင်းချင်း၊ ဗဟိုအစိုးရအချင်းချင်း ချစ်ကြည်ရင်းနှီးစွာ အကျိုးတူဆက်ဆံရေးကို ဦးတည်လာနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ 
    အမေရိကန်ဦးဆောင်တဲ့ အနောက်အုပ်စုရဲ့ မြန်မာ့နိုင်ငံရေးမှာ ဝင်ရောက်စွက်ဖက်မှုဟာ အခုချိန် ထိလျော့သွားတာ မရှိသေးပါဘူး။ ၁၉၈၈ ခုနှစ် အရေးအခင်းကာလမတိုင်မီအထိ ထင်ရှားတဲ့သာဓက အဖြစ်တွေ့ရမှာက ဗိုလ်ချုပ်အောင်ဆန်းကိုလုပ်ကြံဖို့ လက်နက်ထုတ်ပေးခြင်း၊ KNU ကို စတင်လက်နက်ကိုင်ချိန်ကစပြီး အခုချိန်ထိ ငွေကြေးနဲ့ လက်နက်ထောက်ပံ့ပေးခြင်း၊ ကူမင်တန်တွေ မြန်မာ့မြေပေါ်မှာ လွတ်မြောက်နယ်မြေရရှိအောင် ကြိုးပမ်းပေးခြင်း၊ ရှမ်းလက်နက်ကိုင်အဖွဲ့ လက်နက်ကိုင်လမ်းစဉ် စချိန်မှာ ငွေကြေးလက်နက်ထောက်ပံ့ပေးခြင်း၊ ဦးနုပြည်ပြေးဘဝနဲ့ လက်နက်ကိုင် တပ်ဖွဲ့စည်းရာမှာ  လက်နက်ခဲယမ်းကအစ ထောက်ပံ့ကူညီပေးခြင်း၊ နိုင်ငံရေးအရ ထွက်ပြေးသွားတဲ့မြန်မာပြည်ပြေးတွေကို နိုင်ငံသားပေးထောက်ပံ့ပြီး မြန်မာ့နိုင်ငံရေးမှာ ဝင်ရှုပ်စေခြင်း၊ မီဒီယာလုပ်ငန်းတွေ (BBC, VOA) မှာ မွေးမြူအသုံးချခြင်းတွေကို ထင်ရှားစွာတွေ့ရမှာ ဖြစ်ပါတယ်။ 
    ၁၉၈၈ ခုနှစ် အရေးအခင်းဟာ နိုင်ငံတော်ကို လက်ဝဲလက်ယာ နှစ်ဖက်ညှပ်တိုက်တဲ့ နိုင်ငံရေးတိုက်ပွဲပါ။ လက်ဝဲအုပ်စုကတော့ ပြည်ပ အကူအညီထက် ပြည်တွင်းက အဓိကပါ။ လက်ယာအုပ်စုကတော့ ပြည်တွင်းထက် ပြည်ပထိုးနှက်မှုက အဓိကပါ။ လေလှိုင်းကြားက မုသာဝါဒတွေတွေဟာ လက်ယာ အနောက်အုပ်စုရဲ့ လက်ချက်တွေပဲဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ် အရေးအခင်း ပြီးနောက်မှာ ဗကပ အပါအဝင် ပြည်တွင်းလက်ဝဲအုပ်စုကို အင်အားလျော့ပါးသွားအောင် တပ်မတော်က ဆောင်ရွက်ခဲ့ပါတယ်။ ပြည်ပလက်ဝဲအုပ်စုနဲ့ ဆက်ဆံရေးကို ပိုမိုရင်းနှီးစွာ တည်ဆောက်နိုင်ခဲ့တဲ့အတွက် လက်ဝဲအန္တရာယ် မရှိတော့သလို အနောက်အုပ်စုက ပိတ်ပင်တိုက် ခိုက်နေတဲ့ကြားထဲကပင် ထိုက်သင့်တဲ့ တိုး တက်မှုကိုရအောင် ဆောင်ရွက်နိုင်ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။ 
    ၁၉၈၈ အရေးအခင်း နောက်ပိုင်းကစပြီး မြန် မာ့အချုပ်အခြာအာဏာနဲ့ နိုင်ငံရေးကို ငွေအား၊ လူအားနဲ့ အဓိကထား တိုက်ခိုက်ခဲ့ကြတာက အမေရိကန်နဲ့ အနောက်အုပ်စုပါ။ အရေးအခင်းအပြီးမှာ ထွက်ပြေးသွားကြတဲ့ ကျောင်းသားလူငယ်တွေကို KIA ၊ KNU တို့ ကတစ်ဆင့် ABSDF လက်နက်ကိုင် တပ်အဖြစ် ဖွဲ့စည်းပေးခဲ့တာ၊ စစ်ရေးမှာမပါလိုတဲ့သူတွေကို သတင်းပညာသင်ပေးခဲ့ပြီး လက်ကိုင်တုတ် မီဒီယာအဖြစ် ဖန်တီးပေးခဲ့တာ၊ ဒီမီဒီယာတွေကို 'တပ်မတော် မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေးဝါဒ' မှိုင်းတိုက်စေခဲ့တာ၊ ပြည်ပြေး လူငယ်အတော်များများကို  အမေရိကန်အပါအဝင် အနောက်နိုင်ငံအတော် များများက နိုင်ငံရေးဝါဒသွင်းပေးခဲ့ပြီး အဖွဲ့အစည်းအသီးသီးဖွဲ့စည်းစေကာ အခုအချိန်အထိ ငွေကြေး ထောက်ပံ့ပေးနေခဲ့တာ၊ ဒီပြည်ပြေးတွေကို သက်ဆိုင်ရာ နိုင်ငံသားအဖြစ်လက်ခံပြီး  မြန်မာ့နိုင်ငံရေးမှာ ဝင်မွှေစေခဲ့တာတွေကို တွေ့ရမှာဖြစ်ပါတယ်။ 
    အမေရိကန်ရဲ့ မူဝါဒက ရှင်းပါတယ်။ သူ့လူ ငါ့လူ ခွဲခြားထားတဲ့သဘာဝပါ။ ငါ့နောက်လိုက်မလား၊ သူ့နောက်လိုက်မလား ဒါပဲရှိပါတယ်။ ကြားနေသဘာ၀ မရှိဘူး။ ငါ့နောက်မလိုက်ရင် ငါ့ရန်သူဆိုတဲ့ သဘောကိုဆောင်တာ တွေ့ရမှာ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်အရေးအခင်း အပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံ ဟာသူ့နောက် လိုက်ကိုလိုက်ရမယ်ဆိုတဲ့ မူဝါဒနဲ့လှုပ်ရှားခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ တပ်မတော် အစိုးရနဲ့ဖြစ်တဲ့ ပြဿနာဟာ ဒီမူဝါဒအပေါ်မှာ အခြေခံပါတယ်။ ဘာမှဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး မဟုတ်ဘူး။ တပ်မတော်အစိုးရကလည်း ဒီမိုကရေစီနဲ့ တစ်ဦးချင်းအခွင့်အရေးကို ပြည်ထောင်စုသားတွေ အပြည့်အဝရစေဖို့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပေးခဲ့တာတွေ့ရမှာ ဖြစ်ပါတယ်။ သို့သော် အမေရိကန်အနေနဲ့  သူ့နောက်မလိုက်တဲ့အတွက် တပ်မတော်အစိုးရကို နှိပ်ကွပ်ပြီး သူ့လူ၊ သူ့အဖွဲ့ကို တင်ဖို့ အဓိကကြိုးစားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းပြီးနောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ဗဟိုပြုတဲ့ နိုင်ငံရေးစနစ်တစ်ခု ပေါ်လာတာပဲ ဖြစ်ပါတယ်။ တစ်နည်းအား ဖြင့်ပြောရရင် ပြည်တွင်းက တည်ကြက်နဲ့ ပြည်ပက ဝန်းရံမှုပါ။ ငွေကြေးမြောက်မြားစွာ သုံးခဲ့ပြီး နှစ်ပေါင်း ၃၀ ကျော် ဘက်လိုက်ဝါဒဖြန့်မှု၊ တပ်မတော်မုန်းတီးရေးနဲ့ တရုတ်ဆန့်ကျင်ရေး ဝါဒဖြန့်မှုတွေရဲ့ အကျိုးဆက်က အခုချိန်မှာ ထင်ရှားစွာ တွေ့နေရပြီ ဖြစ်ပါတယ်။ 
    ၂၀၂၁ ခုနှစ်က စခဲ့တဲ့ နိုင်ငံရေးပြဿနာကိုကြည့်ရင် အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ လူမွေးထား တဲ့စနစ်ကို ထင်ရှားစွာ တွေ့ရမှာ ဖြစ်ပါတယ်။ NLD တစ်ဖြစ်လဲ NUG လည်းဖွဲ့ပြီးရော ပြည်ပမှာ မွေးထားတဲ့အုပ်စုတွေ ဘယ်လိုဝန်းရံလာကြပါသလဲ။ ဘယ်လိုပြန်လည် ပါဝင်လာကြပါသလဲဆိုတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြည်ပရောက်နေတဲ့ ခရစ်ယာန်တိုင်းရင်းသား အဖွဲ့တွေတောင် အတော်များများ ပါဝင်လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီအဖွဲ့တွေအားလုံးလိုလိုဟာ သူတို့ဖြစ်ချင်တဲ့ အခြေအနေတစ်ခုခုကို အသေစွဲကိုင်ထားကြသလို အကြောင်းတစ်ခုခုကြောင့် တပ်မတော်အပေါ် အမြင်မကြည်လင်သူ၊ မုန်းတီး နေကြသူများပဲ ဖြစ်ပါတယ်။ သူတို့ရဲ့ဆောင်ရွက်ချက်တွေ၊ လှုပ်ရှားမှုတွေ၊ ပြောဆိုချက်တွေကို ကြည့်ရင် ရှင်းလင်းစွာ တွေ့ရမှာ ဖြစ်ပါတယ်။ များသောအားဖြင့် အနောက်အုပ်စု လိုလားချက်နဲ့ ပုံတူကူးချမှုတွေပဲ ဖြစ်ပါတယ်။ 
    ဒီရက်ပိုင်းအတွင်း အမေရိကန်အပါအဝင် အနောက်အုပ်စုနိုင်ငံ မြို့ကြီးအတော်များများမှာ မြန်မာနိုင်ငံရဲ့ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဖို့ ဆန္ဒပြနေကြ တာတွေကို တွေ့ရပါတယ်။ ဘာအကျိုးကြောင့် ဒီလိုလုပ်ကြသလဲ။ ကျော်မိုးထွန်းကို ဆက်ထားလို့ မြန်မာ့နိုင်ငံရေး ဘာတွေများ ကောင်းလာမလဲတော့ မသိပါ။ လက်တွေ့အားဖြင့်ကြည့်ရင်လည်း သူရှိနေလို့ လက်ရှိမြန်မာ့နိုင်ငံရေးကောင်းလာစရာမရှိဘဲ ကမ္ဘာ့အလယ်မှာ မြန်မာနိုင်ငံ သိက္ခာကျစေတာပဲ ဖြစ်လာပါလိမ့်မယ်။ ဒီဆန္ဒပြနေတဲ့ လူတွေကိုကြည့်ရင် သေချာတာကတော့ ကိုယ်ကျိုးစီးပွားအရ မြန်မာပြည်ကို ခြေစုံကန်သွားကြတဲ့ ပြည်ပြေးနိုင်ငံခြားသားတွေပဲဖြစ်တယ်လို့ ဆိုချင်ပါတယ်။ မြန်မာ နိုင်ငံကို ပြန်လာဖို့တောင် ဗီဇာရမှ ပြန်လာခွင့်ရှိသူ တွေဆိုတော့ မြန်မာ့အရေးကို ဒီလို ဝင်ရောက်စွက် ဖက်ဖို့မသင့်ပါဘူး။ ဒီလိုအခြေအနေမှာ ရှိတဲ့သူတွေအနေနဲ့  လွတ်လပ်စွာဆောင်ရွက်ခွင့်ရနေတာဟာ သက်ဆိုင်ရာ နိုင်ငံတွေရဲ့ မူဝါဒအရလားဆိုတာ မေးရမလိုဖြစ်နေပြီ။ ကြည့်ရတာ သခင်အားရ ကျွန်ပါး ဝနေကြတာများလား မသိ။
(ဇော်နိုင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 87

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.