ပစ္စုပ္ပန်'အလွန်' နိုင်ငံရေး စဉ်းစားချက်

၂၀၂၅ ၊ မေ ၃၁

    မြန်မာ့နိုင်ငံရေး လမ်းကြောင်းကို အစဉ်တစိုက် လေ့လာကြည့်ရာတွင် အများစုမှာ ပုဂ္ဂိုလ်ရေး ကိုးကွယ်မှု၊ ကြားဖူးနား၀ နိုင်ငံရေးတို့ဖြင့်သာ စမ်းတဝါးဝါး လျှောက်လှမ်းခဲ့ကြသည်။ မည်သူ၏ သားသမီးဖြစ်ခြင်းကြောင့် ပုဂ္ဂိုလ်ရေး အစွဲပြုကာ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုဖြင့် နိုင်ငံရေးစဉ်းစားချက်များကို ကိုယ်ပိုင်အသိအမြင်များထက် ကိုးကွယ်ခံရသူ၏ နိုင်ငံရေး ယူဆချက်များ၊ ခံယူချက်များကိုသာ နိုင်ငံရေးလမ်းစဉ် မူဝါဒအဖြစ် ချမှတ်ကာ လိုက်ပါဆောင်ရွက်လေ့ ရှိကြသည်။ ထို့အပြင် ကြားဖူးနားဝနိုင်ငံရေးတို့ဖြင့်လည်း မြန်မာ့နိုင်ငံရေးလမ်းစဉ်ကို လျှောက်လှမ်းခဲ့ကြသည်။ အများစုမှာ ဒီမိုကရေစီအရေး လှုပ်ရှားမှုကို နှစ်ပေါင်းများစွာ လုပ်ကိုင်လာခဲ့ကြသော်လည်း အလုံးစုံအားဖြင့် ဒီမိုကရေစီ၏ အနှစ်သာရ၊ ဒီမိုကရေစီ၏ နိုင်ငံရေးရေချိန်တို့ကို ချိန်ညှိခြင်းမရှိ နိုင်ငံရေး အာပေါင်အာရင်း သန်သူတို့၏ ကြားဖူးနား၀ ပြောကြားချက်များဖြင့်သာ လမ်းဆုံးခဲ့ကြသည်။ ထိုကြောင့်လည်း ဒီမိုကရေစီ ခရီးလမ်းက တိုတောင်းခဲ့ကြခြင်းဖြစ်ကာ မြန်မာ့နိုင်ငံရေးသမားတို့၏ နိုင်ငံရေး အရည်အသွေးနှင့် အရည်အချင်းများကို ပြည်သူတို့ မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် နိုင်ငံရေးပါးမဝသော နိုင်ငံ ရေးသမားတို့၏ တစ်ပွဲတိုး နိုင်ငံရေးဆောင်ရွက်ချက်များကြောင့် တိုင်းပြည်၏ တိုးတက်မှုခြေလှမ်းတိုင်းသည် နှောင့်နှေးခဲ့ရသည်။
    မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ပြုလုပ်သည့် အချိန်တိုင်းတွင် နိုင်ငံရေးအရ အဖုအထစ်တို့က တစ်နည်းမဟုတ် တစ်နည်း ကြုံတွေ့ရစမြဲဖြစ်သည်။ ထိုသို့ ကြုံတွေ့ရတိုင်းလည်း နိုင်ငံတော် မယိုင်လဲစေရန် ခိုင်မာအားကောင်းသော အဖွဲ့အစည်းတစ်ခုဖြစ်သည့် တပ်မတော်ကပင် ထောက်ကူပေးခဲ့ရသည်ကလည်း မငြင်းနိုင်သော နိုင်ငံရေးသမိုင်းများပင် ဖြစ်သည်။ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သော လက်နက်ကိုင် ဆူပူမှုများတွင်လည်း တပ်မတော်၏ အခန်းကဏ္ဍ မှေးမှိန်ခဲ့ခြင်း မရှိသလို၊ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကာလ များတိုင်အောင်လည်း တပ်မတော်၏ အခန်းကဏ္ဍများက အရေးပါခဲ့ရသည်။ ဤနေရာတွင် မြန်မာနိုင်ငံရေး သမားတို့၏ အခန်းကဏ္ဍများကို ထည့်သွင်း စဉ်းစားကြည့်ပါက လက်တွေ့နိုင်ငံတော် တိုးတက်ရာ တိုးတက်ကြောင်း လှုပ်ရှားမှုများထက် ပါးစပ်နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ကိုးကွယ်သော နိုင်ငံရေး၊ ကြားဖူးနားဝနိုင်ငံရေး လှုပ်ရှားမှု သမိုင်းကြောင်းများကိုသာ တွေ့မြင်ခဲ့ရပြီး လက်တွေ့ကြသော နိုင်ငံရေးဆောင်ရွက်ချက်များကို ယနေ့ချိန်ထိ မြင်တွေ့ရခြင်းမရှိသည်ကို ပွင့်လင်းစွာမြင်တွေ့ခဲ့ရသည်ဟု အားမနာတမ်း ဝေဖန်ရမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကြိုးပမ်းမှု ကာလတစ်လျှောက်လုံးကို ပြန်လည်ကြည့်ရှုပါက နိုင်ငံရေးသမားတို့၏ မြှောက်လုံးပင့်လုံးများ၊ သွေးထိုးလှုံ့ဆော် မှုများမှ အစပြု၍ ပြည်သူများလမ်းပေါ်ထွက် အော်ဟစ်ဆူပူ အကြမ်းဖက်မှုများနှင့်သာ အဆုံးသတ်ခဲ့ကြသည်။ ဒီမိုကရေစီအရေး ခေါင်းဆောင် လှုပ်ရှားသူများ ကိုယ်တိုင်ကလည်း အာဏာရရေးကိုသာ ရှေးရှုခဲ့ပြီး ပြည်သူလူထုများ နိုင်ငံရေးအတွေး အမြင် အမှန်များ သိရှိလာစေရန် ကြိုးပမ်းပေးမှု မမြင်တွေ့ခဲ့ရချေ။ ထို့ကြောင့်လည်း ပြည်သူများ အနေဖြင့် ယနေ့ချိန်ထိ နိုင်ငံရေးရေချိန်နည်း ပါးခဲ့ရပြီး ဒီမိုကရေစီသည် ဒီမိုကရေစီအရေးအမည်ခံထားသူနှင့် ဒီမိုကရေစီ အမည်တပ် ပါတီအုပ်ချုပ်မှသာ ရရှိမည်ဟူသော အတွေးအမြင်သာ ရှိသေး သည်ဟု ရိုးသားစွာ ဝန်ခံကြရပေလိမ့်မည်။
    ထို့ကြောင့်လည်း ပုဂ္ဂိုလ်ရေး ကိုးကွယ်သော နိုင်ငံရေးသမားတို့၏ လှည့်ကွက်ပေါင်းများစွာကို ပြည်သူများ ခါးစည်းခံခဲ့ရပြီး တည်ငြိမ်အေးချမ်းသော နိုင်ငံရေးစနစ်တစ်ခုကို အတည်တကျ ခံစားစံစားနိုင်ခြင်း မရှိခြင်းဖြစ်သည်။ တိုင်းပြည်ကာကွယ်ရေးအတွက် မရှိမဖြစ်သော တပ်မတော်တစ် ရပ်ကို တော်လှန်ခြင်းက နိုင်ငံရေး၊ တပ်မတော် အကျပ်အတည်းဖြစ်စေရန် ဖန်တီးခြင်းက နိုင်ငံရေး၊ တပ်မတော်နှင့် ပြည်သူကြား သဘောထားကွဲလွဲ၍ အထင်မှား အမြင်မှား ဖြစ်စေရေးကို နိုင်ငံရေး ရည်မှန်းချက်တစ်ရပ်အဖြစ် ဖော်ဆောင်ခဲ့သော နိုင်ငံရေးသမား၊ အဖွဲ့အစည်းများကြောင့် တိုင်းပြည်၏ နိုင်ငံရေးလမ်းခရီးက ခယောင်းတောအတိ ဖြစ်ခဲ့ရသည်။ ရေရာစွာ စဉ်းစားကြည့်ပါက ၁၉၈၈ ခုနှစ် နိုင်ငံတော်တစ်ဝန်း ဆူပူအကြမ်းဖက်မှုများက ဒီမိုကရေစီအတွက် မည်မျှအထောက်အပံ့ ဖြစ်ခဲ့သနည်းဟု မေးခွန်းထုတ် ကြည့်ပါက ထင်ရှားသည့်အဖြေက ဒီမိုကရေစီ အလှမ်းကွာဝေးခဲ့ခြင်း ဖြစ်သည်။ ယင်းနောက် တပ်မတော်အစိုးရ အဆက်ဆက်ကပင် တိုင်းပြည်တာဝန် ရယူခဲ့ပြီး ပြည်သူလူထု လိုလားသော နိုင်ငံရေးစနစ်တစ်ခု ခိုင်ခိုင်မာမာရရှိရေး နိုင်ငံတကာဖိအား၊ ပြည်တွင်း ပါးစပ်ဒီမိုကရေစီ တောင်းဆိုမှုများအကြား အချိန်ယူခဲ့ရသည်။ ဒီမိုကရေစီစနစ်ဟူသည် ခုရေတွင်းတူး အခုရေကြည် သောက်လို့ရသည် မဟုတ်ပေ။ ဒီမိုကရေစီအတွက်လို အပ်သော အခြေခံဥပဒေ၊ လိုအပ်သော အခြေခံအဆောက်အအုံများအတွက် အချိန်ယူတည်ဆောက်ရခြင်း ဖြစ်သည်။ ဒီမိုကရေစီကို ကလေး သူငယ်များ မုန့်တောင်းသလို တစာစာ အော်ဟစ်နေရုံဖြင့် ဒီမိုကရေစီပဒေသာပင်ကြီး ပေါက်လာခြင်း မဟုတ်ပေ။ နိုင်ငံရေး စိတ်ပါဝင်စားသူများ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့ကိုယ်စားပြုသူများ စုပေါင်း၍ လိုအပ်ချက်၊ လိုလားချက်များကို ညှိနှိုင်းပေါင်းစပ်ကာ နိုင်ငံတော်အတွက် ခိုင်မာအားကောင်းသော ဖွဲ့စည်းပုံတစ်ရပ်ကို ရေးဆွဲခဲ့ရသည်။ ထိုဖွဲ့စည်းပုံမှတစ်ဆင့် ရွေးကောက်ခံအစိုးရ ပေါ်ပေါက်လာရေး၊ ပေါ်ပေါက်လာသော အစိုးရတစ်ရပ် ရေကန်အသင့် ကြာအသင့် အုပ်ချုပ်နိုင်ရေး စနစ်တကျအချိန်ယူ တည်ဆောက်ရခြင်း ဖြစ်သည်။
    ထို့သို့သော ကြိုးပမ်း အားထုတ်မှုများကြောင့် ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှသည် ရွေးကောက်ခံအစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီး နိုင်ငံရေး အလှည့်အပြောင်းကို ပြည်သူများ ကြုံတွေ့ ခံစားခဲ့ရခြင်း ဖြစ်သည်။ လွန်ခဲ့သော ၁၅ နှစ်တာကာလကို တစ်ဖန်ပြန် လည်သုံးသပ်ကြည့်ပါက ဒီမိုကရေစီ တစာစာအော်ဟစ် ခဲ့ကြသူများ၏ နိုင်ငံရေးလျှောက်လမ်းကို အထင်းသား တွေ့မြင် နိုင်သည်။ တပ်မတော်မှ ဦးဆောင်ရေးဆွဲခဲ့သော ဖွဲ့စည်းပုံအောက်မှ မလျှောက်လှမ်းနိုင်ဟုဆိုကာ အထွေထွေရွေးကောက်ပွဲကို ဆန္ဒပြခဲ့ကြပြီး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိပေ။ ယင်းနောက် ၂၀၁၀ မှ စတင်တာဝန်ယူခဲ့သော အစိုးရက အမျိုးသားရင်ကြားစေ့ရေးအတွက် ဒီမိုကရေစီအစဉ်တစိုက် တောင်းဆိုသူများ နိုင်ငံရေး လျှောက်လမ်းသို့ ဝင်သာစေရန် ဖြေလျှော့ပြင်ဆင်မှုများပေးရာ ၂၀၁၂ ကြား ဖြတ်ရွေးကောက်ပွဲမှတစ်ဆင့် တရားဝင် နိုင်ငံရေးလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့ကြသည်။ ထိုအခြင်းအရာက နိုင်ငံရေးသမား ဆိုသူများ၏ ရာထူးအာဏာ ရရေးအတွက် နိုင်ငံရေး မျက်နှာပြောင် တိုက်ခြင်းကို ပြည်သူများ သတိမပြုမိခဲ့ခြင်းသာ ဖြစ်သည်။ ယင်းနောက် ငါးနှစ်တာ ဒီမိုကရေစီမြေစမ်း ခရမ်းပျိုးခဲ့ပြီးနောက် ၂၀၁၅ ရွေးကောက်ပွဲတွင် အရပ်သားစစ် စစ်အစိုးရကို ပြည်သူများ စတင်မြည်းစမ်းခွင့်ရခဲ့သည်။တပ်မတော်က ရေးဆွဲပေးခဲ့သော ဖွဲ့စည်းပုံ၊ တပ်မ တော် ကတည်ဆောက်ပေးခဲ့သော အခြေခံအဆောက်အအုံ၊ ဒီမိုကရေစီပထမအစိုးရက ချမှတ်ပေးခဲ့သော ဒီမိုကရေစီလမ်းစဉ်ကို အရပ်သားအစိုးရဟုဆိုသူများ မဲဆွယ်စဉ်က ပါးစပ်အားစိုက်မှုများဖြင့်သာ လွယ်လင့်တကူ တာဝန်ထမ်းဆောင်နိုင်ခဲ့ခြင်းသာဖြစ်သည်။
    အစိုးရတစ်ရပ်ဟူသည် မိမိနိုင်ငံ၊ မိမိပြည်သူ၊ မိမိနိုင်ငံ ကိုယ်စားပြုထားသော တပ်မတော်အပေါ် ရင်ဝယ်သားကဲ့သို့ စောင့်ရှောက်ရန် တာဝန်ရှိသည်။ အစိုးရဟူသည် အစိုးရစိတ်ကိုသွင်း၍ အတိတ်ဖြစ်ရပ်များကို မေ့ပျောက်ကာ နိုင်ငံတော်တစ်ရပ်လုံး၏ တိုးတက်ရာတိုး တက်ကြောင်းကို အချိန်ပြည့် လုပ်ဆောင်နေရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ယှဉ်ပါက ကိုယ်ကျိုးစီးပွားအတွက် လက်နက်ကိုင်ထားကြသူများ၊ လူမျိုးရေးအမြင်ကျဉ်း မြောင်းမှုများဖြင့် လက်နက်ကိုင်ထားပြီး နှစ်ပေါင်းများစွာ လက်နက်ကိုင်သံသရာတောအတွင်းက ရုန်းထွက်ရန် ကြိုးစားနေရသည့် နိုင်ငံမျိုး ဖြစ်သည်။ ထိုသို့သော အခင်းအကျင်းကြောင့်လည်း မြန်မာ့တပ်မတော်၏ အရေးပါနေမှုကလည်း တိုင်းပြည်တည်ငြိမ် အေးချမ်းမှုမရှိမခြင်း ပါဝင်နေရမည်ဖြစ်သည်။ ထိုအ ချက်ကို ဂရုမပြုသည့် ဒီမိုကရေစီ ဒုတိယသက်တမ်းတာဝန်ထမ်းဆောင်ခဲ့သော အစိုးရက အတိုက်အခံစိတ်ဖြင့် အစိုးရတာဝန်ကို ဆောင်ရွက်ခဲ့ကြသည်။ တပ်မတော်ကို နိုင်ငံရေးမှ ဖယ်ထုတ်ရန် စိတ်အကြံ များနှင့် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ တပ်မတော် အကျပ်အတည်းများ ကျရောက်စေရန် ရည်ရွယ်လုပ်ဆောင်ချက်များ၊ မလိုလားအပ်သော အရပ်ဘက်- စစ်ဘက် ဆက်ဆံရေး တင်းမာမှုများကို ဆောင်ရွက်ခဲ့ကြသည်။ ၎င်းတို့၏ နိုင်ငံရေးရေချိန်အတိုင်း ပြည်သူများကိုလည်း ဒီမိုကရေစီစိတ်ဓာတ်များ ရင့်သန်လာစေရန် ပြုစုပျိုးထောင်ရမည့်အစား တပ်မတော်ကို အတိုက်အခံပြုရေးဖြင့်သာ အချိန်ကုန်ခဲ့ ကြသည်။ ထိုအချက်ကိုသာ အားယူ၍ ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရရေး အားစိုက်ကြိုးပမ်းရာတွင် ရွေးကောက်ပွဲ မသမာမှုများကို သတိမမူမိခဲ့ကြခြင်း ဖြစ်သည်။ ပြည်သူတစ်ရပ်လုံး ထောက်ခံသည်ဟူသော ပါးစပ်ပြောသည် တရားမျှတသော ရွေးကောက်ပွဲကို ဖော်ဆောင်နိုင်မည်မဟုတ်သည် ကို ယင်းအစိုးရအနေဖြင့် သတိမထားမိဘဲ အာဏာအဆိပ်တက်ခဲ့ခြင်းသာ ဖြစ်သည်။ ပြိုင်ဘက်ပါတီများ၏ ထောက်ပြဝေဖန်မှုများ၊ တပ်မတော်အပေါ် ရွေးကောက်ပွဲ ပြန်လည်စိစစ်ပေးရန် ဖိအားပေးမှုများ ကြောင့် တပ်မတော်က အစိုးရကို ရွေးကောက်ပွဲရလဒ် စိစစ်ပေးရန် အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သလို တပ်မတော်ကလည်း ကိုယ်တိုင်စိစစ်မှုများ ပြုလုပ်ကာ အစိုးရကို တင်ပြခဲ့သည်။ သို့သော် လည်း ဒီမိုကရေစီ၏ အသက်သွေးကြောသည် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲမှ အခြေတည် သည်ဟူသော အချက်ကို ဒီမိုကရေစီအရပ် သားအစိုးရဟု ခံယူထားသူများ နောက်ဆုံးအချိန်ထိ ဥပေက္ခာပြုခဲ့ကြသည်။
    ထို့ကြောင့် တပ်မတော်က တိုင်းပြည်တာဝန်ယူခဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲတစ်ရပ်ကို ပြန်လည်ကျင်းပရန် အကြောင်းဖန်လာခဲ့သည်။ တပ်မတော်အနေဖြင့် ဒီမိုကရေစီ အပေါ်ယုံကြည်သည့် သဘောထားမှာ ရှင်းလင်းပြတ်သားသည်ဟု ဆိုရမည်ဖြစ်သည်။ ရွေးကောက်ပွဲ ကျင်းပ၍ ရွေးကောက်ခံ အစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံး ပင်ဖြစ်ကြောင်း မေ ၁၉ ရက်က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌  ကျင်းပရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောကြားခဲ့သည်။
    "မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) နှင့်အညီ နိုင်ငံတော်ကို တာဝန်ယူ ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြည်သူများလိုလားသည့် ပါတီစုံဒီမိုကရေစီစနစ်ကို မဖြစ်မနေ လျှောက်လှမ်းရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ မူလရည်ရွယ်ချက်တွင်ပါသည့်အတိုင်း ရွေး ကောက်ပွဲ ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲပြုလုပ်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်မည်ဆိုပါက အကောင်းဆုံးဖြစ်ကြောင်း၊ သို့သော် ၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများတွင်လည်း ရာနှုန်းပြည့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိသကဲ့သို့ ဖဆပလခေတ်တွင်လည်း အခက်အခဲများကြားမှ ဆောင်ရွက်ခဲ့ရခြင်းဖြစ်ကြောင်း၊ ရွေး ကောက်ပွဲ ကျင်းပရာတွင် တရားမျှတသည့် ရွေးကောက်ပွဲ၊ အောင်မြင်သည့် ရွေးကောက်ပွဲဖြစ်ရန် လိုကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပုဒ်မ ၈၅၊ ပုဒ်မ ၁၂၈၊ ပုဒ်မ ၁၅၅ တို့တွင် လွှတ်တော်ခေါ်ရာ၌ အထမြောက်သည့်အပိုင်းများကို ထည့်သွင်းရေးသားထားကြောင်း၊ ဥပဒေများအား ချိန်ထိုးကြည့်ရာ တွင် ရွေးကောက်ပွဲကို အထမြောက်အောင် ဆောင်ရွက်နိုင်သည်ကို တွေ့ရကြောင်း၊ ရွေးကောက်ပွဲ ကျင်းပ၍ ရွေးကောက်ခံအစိုးရဖြင့် နိုင်ငံ့အရေးဆောင်ရွက်ခြင်းသည် နိုင်ငံအတွက် အကောင်းဆုံးပင်ဖြစ်ကြောင်း' တပ်မတော်၏ သဘောထားကို ပြတ်သားစွာ ပြောကြားခဲ့သည်။
    ရွေးကောက်ခံအစိုးရတစ်ရပ်ကို တိုင်းပြည်တာဝန် ပေးအပ်ရန် တပ်မတော်အနေဖြင့် ကြိုးပမ်းဆောင်ရွက်နေသော်လည်း နိုင်ငံရေးကို စည်းနှင့်ဘောင်နှင့် မဆောင်ရွက်တတ်သော၊ ပုဂ္ဂိုလ်ရေးကိုး ကွယ်မှုဖြင့်သာ ဆောင်ရွက်တတ်သော ပါးစပ်စိုက်နိုင်ငံရေးသမားတို့က 'နိုင်ငံရေးအလွန်' ဟူသော စဉ်းစားချက်ကိုပင် ထည့်သွင်းစဉ်းစားခြင်းမရှိ ယနေ့ချိန်ထိ ခေတ်ဟောင်း လက်နက်ကိုင်တော်လှန် ရေးဖြင့်သာ အချိန်ကုန်နေကြသည်။ တပ်မတော်က တိုင်းပြည်တာဝန်ကို ရယူချိန်တွင် ရွေးကောက်ပွဲ မသမာမှုတွင် ပါဝင်ပတ်သက်သော အာဏာရပါတီ အကြီးအကဲအချို့ကိုသာ ထိန်းသိမ်းခဲ့ပြီး နိုင်ငံရေး ပါတီတစ်ရပ် ပြန်လည်ရှင်သန်စေနိုင်သော ပါတီအကြီးအကဲအင်အားစုများကို တရားဥပဒေအရ အ ရေးယူခဲ့ခြင်းမရှိပေ။ သို့သော် ပုဂ္ဂိုလ်စွဲ နိုင်ငံရေးသမား များဖြစ်ပြီး ခေါင်းဆောင်မှုမပြုနိုင်သည့်အတွက် နိုင်ငံရေးပါတီတစ်ရပ်ကို  ဦးဆောင်ခြင်းထက် လက်နက်ကိုင် အကြမ်းဖက်တော်လှန်ရေးကိုသာ အားသန်ခဲ့ကြပြီး တော်လှန်စီးပွားရေးသမားများအဖြစ် ရပ်တည်ခဲ့ကြသည်။ ၎င်းတို့၏ စဉ်းစားချက်က အဓိပ္ပာယ်မဲ့လွန်းလှသည်။ တိုင်းပြည်၌ တပ်မတော်မရှိလျှင် နိုင်ငံရေး အားကောင်းလာမည်။ တပ်မတော်ခေါင်းဆောင်များ မရှိလျှင် တပ်မတော် ပျက်သုဉ်းသွားမည်ဟူသော ကလေးတွေးများဖြင့် နိုင်ငံရေးအားနည်းသော ထောက်ခံသူများကို စည်းရုံးထားခြင်း ဖြစ်သည်။ စည်းရုံးခံထားရသူများကလည်း နိုင်ငံတော်ကာကွယ်ရေးအတွက် ရည်ရွယ်ဖွဲ့ စည်းထားသော ကြည်း၊ ရေ၊ လေ အင်အားပြည့် တပ်မတော်ကြီးကို လက်နက်ကိုင်တော်လှန်နေသူများ အနိုင်ရရှိလိမ့်မည်ဟူသော မျှော်လင့်ချက်အမှားများကို ယုံကြည် မှုပင်ဖြစ်သည်။
    တပ်မတော်ဟူသည် တပ်မတော်အကြီးအကဲ ခေါင်းဆောင်အဆင့်ဆင့်မှ တပ်မတော်သားများ အထိ စနစ်တကျဖွဲ့စည်းကာ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်း ရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးအတွက် ဦးလည်မသုန်ထမ်း ရွက်နေသော အဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ခိုင်မာအားကောင်းသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ခြင်းကြောင့် တိုင်းရင်းသားတို့၏ လက်နက်ကိုင်တော်လှန်မှုပေါင်းစုံကို ယနေ့ထက်တိုင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင်ပြီး နိုင်ငံ၏ ရေမြေ တစ်လက်မကိုပင် ပဲ့မပါသွားစေရေး ကာကွယ်ထားနိုင်ခြင်းဖြစ်သည်။ ယင်းအချက်ကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ နှစ်ပိုင်းလောက်အတွင်းမှ နိုင်ငံရေးသန္ဓေ မမှန်စွာ ပေါ်ပေါက်လာခဲ့သော အကြမ်း ဖက် လက်နက်ကိုင်အဖွဲ့များက တပ်မတော်ကို နိုင်နေပြီဟူသော ပြောဆိုချက်များက ရယ်ရွှင်ဖွယ်ရာ ပြက်လုံးများ ပင်ဖြစ်သည်။ တပ်မ တော်၏ ခေါင်းဆောင်မှုသည်လည်း အရည်အချင်း ပြည့်ဝသော ခေါင်းဆောင်များကို စဉ်ဆက်မပြတ် မွေးထုတ်ကာ လက်ဆင့်ကမ်း ပခုံးပြောင်း တာဝန်ထမ်းဆောင်ကြ ခြင်းဖြစ်သဖြင့် လက်ရှိတပ်မ တော်ခေါင်းဆောင်၏အလွန် တပ်မတော်၏ ဖွဲ့စည်းတည်ဆောက်မှုသည် ယိုယွင်းသွားမည်မဟုတ် ဆက်လက်ခိုင်မာ အားကောင်းနေမည်သာ ဖြစ်သည်။
    အဘယ်ကြောင့်ဆိုသော် နိုင်ငံကိုယ်စားပြု တပ်မတော် တစ်ရပ်ဖြစ်ခြင်းကြောင့်ပင် ဖြစ်သည်။ ဤနေရာတွင် ဒီမိုကရေစီအရေး အားသန်လှပါသည်ဟူသော နိုင်ငံရေးသမားတို့၏ ခေါင်းဆောင်မှုအလွန်ကို စဉ်းစားချက်တစ်ခုအနေဖြင့် ထည့်သွင်းစဉ်းစားကြစေလိုသည်။ မူလကတည်းက ပုဂ္ဂိုလ်ရေးကိုး ကွယ်မှုနောက်လိုက်ကာ ကိုယ်ပိုင်အရည်အချင်းဖြင့် နိုင်ငံရေးဖောက်ထွက်တွေးခေါ်နိုင်သော နောက်လိုက်နိုင်ငံရေးသမားများ ခေါင်းဆောင်သစ်များ မွေးထုတ်နိုင်ခြင်းမရှိခြင်းက ယနေ့အခင်းအကျင်းများကို ကြည့်၍ သိမြင်နိုင်သည်။ ခေါင်းဆောင်၏ မျက်နှာဖြင့် အလှူခံခြင်း၊ ခေါင်းဆောင်၏ မျက်နှာဖြင့် နေရာရရန် ကြိုးပမ်းခြင်း၊ ခေါင်းဆောင်မှုရေရာစွာ မရှိချိန်တွင် သူတစ်လူငါတစ်မင်းဖြင့် တိုင်းပြည်ကို အကြမ်းဖက်မှုများဖြင့် ပြည်သူကို အတိဒုက္ခရောက်ရန် ကြိုးပမ်းခြင်းဖြင့်သာ အချိန်ကုန် နေကြသည်။ ထိုသူတို့၏ နှုတ်ဖျားကပြောသော ဒီမိုကရေစီဆိုခြင်းကလည်း မတန်မရာ နတ်စကား ထွက်သော ပါးစပ်များသာဖြစ်သည်။ ထို့ကြောင့် ဒီမိုကရေစီအားသန်သူတို့၏ ခေါင်းဆောင်အလွန် ယင်းကို ထောက်ခံသူများ၊ အဖွဲ့အစည်းများ၏ အနာဂတ်ကလည်း ဝေဝါးပျောက်ကွယ်သွားမည်သာ ဖြစ်သည်။
    ထို့ကြောင့် အားကောင်းမောင်းသန် ဒီမိုကရေစီ နိုင်ငံတော်တစ်ရပ် ပေါ်ထွန်းလာရေး သည်လည်း  တပ်မတော်၏ အဓိက တာဝန်တစ်ရပ်အဖြစ်ရှိနေပြီး ရွေးကောက်ပွဲမှတစ်ဆင့် ပေါ် ထွက်လာမည့် အစိုးရတစ်ရပ်သည်လည်း နိုင်ငံရေးနှလုံးရည် ပြည့်ဝသော အစိုးရတစ်ရပ်ဖြစ်ရန် အထူး လိုအပ်သည်။ ရွေးကောက်ပွဲကို မလိုလားသူများက ၎င်းတို့၏လက်နက်ကိုင် အကြမ်းဖက် မှုများဖြင့်သာ ဟန့်တားနှောင့်ယှက်မည်မှာ မလွဲဧကန် ပင်ဖြစ်သည်။ သို့သော် ပြည်သူတစ်ရပ်လုံးအနေဖြင့် အထက်တွင် ရေးသားဖော်ပြခဲ့သော ယခုမျိုးဆက်အလွန် နိုင်ငံရေးကို မျှော်တွေးကာ နောင်အနာ ဂတ်မျိုးဆက်များကို နိုင်ငံရေးအမွေပေးရာတွင် အမွေဆိုးအမွေညစ်များထက် မှန်ကန်သော နိုင်ငံရေး လမ်း ကြောင်း၊ စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးကို ခိုင်မာစွာ တည်ဆောက် နိုင်မည့်သူများ၊ ခေါင်းဆောင်မှု အဆင့်ဆင့်ဖြင့် အားကောင်းသော သန္ဓေမှန် နိုင်ငံရေးသမားများ လက်အတွင်း တိုင်းပြည်တာဝန်ကို ချိန်ချိန်ဆဆ ပေးအပ်၍ တိုင်းပြည်အပေါ် အထူးတာဝန်ကျေပွန်ရန် လိုအပ်နေပြီ ဖြစ်သည်။ (ထူးမြတ်)

(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၁၉ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 19

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

44772

© 2022 - 2025 News. All Rights Reserved.