ဟီရိသြတ္တပ္ပတရား

၂၀၂၅၊ ဩဂုတ် ၃၀
    လူသားတို့ စောင့်ထိန်းအပ်သော တရားနှစ်ပါးမှာ ဟီရိသြတ္တပ္ပတရားပင်ဖြစ်သည်။ အဓိပ္ပာယ်မှာ မကောင်းမှုဒုစရိုက်ပြုရမည်ကို ရှက်ခြင်းသဘောသည် 'ဟီရိ'ဖြစ်၍ မကောင်းမှုဒုစရိုက်ပြုရမည်ကို ကြောက်ခြင်းသဘောသည် 'သြတ္တပ္ပ'ပင် ဖြစ်သည်။ ဤဟီရိသြတပ္ပ တရားတို့တွင် မိမိ၏ဂုဏ်သိက္ခာကို စောင့်ရှောက်လေ့ရှိသူတို့၌ ဟီရိတရားသည် ထင်ရှားသကဲ့သို့ မိဘ ဆွေမျိုးစသည်နှင့် အခြားသူများကို လေးစားသူတို့၌ သြတပ္ပတရားက ထင်ရှားပေသည်။ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် မိမိအမျိုးဂုဏ်ကို စောင့်ရှောက်ထိန်းသိမ်းသောအားဖြင့် မကောင်းမှုပြုရမည်ကို ရှက်၏။ ပညာတတ်သူကလည်း ပညာရှိတစ်ယောက်အနေနှင့် အောက်ကျသော မကောင်းမှုကိုပြုလျှင် ရှက်စရာဖြစ်သည်။ အသက်ကြီးသူကလည်း အသက်နှင့်မလျော်ညီသော မကောင်းမှုကိုပြုလျှင် ရှက်စရာဖြစ်သည်ဟု မိမိ၌ရှိသော ဂုဏ်တစ်ခုခုကို လေးစားသူတိုင်း၌ ဟီရိတရားသည် ထင်ရှားလေသည်။
    အလားတူ မိမိမကောင်းမှုကို ပြုလိုက်လျှင် မိမိ၏မိဘဆွေမျိုး၊ ဆရာသမားတို့ သူတစ်ပါး၏ ကဲ့ရဲ့ခြင်းကိုခံရတော့မည်။ မိမိ၏ မိဘဆွေမျိုး၊ ဆရာသမားတို့သည် ၎င်းတို့ပတ်ဝန်းကျင်၌ မျက်နှာငယ်ကြရတော့မည်။ မိမိ၏ သားသမီးများအနေဖြင့်လည်း သူ၏ပတ်ဝန်းကျင်တွင် သိမ်ငယ်နေလိမ့်မည်ဟု မိမိနှင့်ဆက်စပ်နေသူများကို ငဲ့ညှာတတ်သော သူ၌ ဒုစရိုက်ကို ကြောက်လန့်တတ်ခြင်းသည် သြတ္တပ္ပတရားအဖြစ် ထင်ရှားလေသည်။ မိမိသိက္ခာကိုလည်း မငဲ့၊ မိဘဆွေမျိုး မောင်နှမသားသမီးတို့ကို လည်း မငဲ့သောသူတို့သည် ဟီရိသြတ္တပ္ပတရား နှစ်မျိုးလုံးကင်း၍ ဒုစရိုက်အမှုများနှင့် ပြည့်တင်း နေတတ်သည်။
    'ဖြူစင်သော ဤတရားနှစ်ပါးတို့သည် လောကကိုစောင့်ရှောက်ကုန်၏။ ၎င်းမှာ မကောင်းမှုပြုရမည်ကိုရှက်ခြင်း 'ဟီရိ'ဖြစ်၍ မကောင်းမှုကို ထိတ်လန့်ခြင်း 'သြတ္တပ္ပ'တို့တည်း၊ ဖြူစင်သော ဤတရား နှစ်ပါးတို့သည် လောကကို မစောင့်ရှောက်ကုန် ငြားအံ့၊ ဤလောက၌ အမိဟူ၍လည်း ကောင်း၊ မိကြီးမိ ထွေးဟူ၍လည်းကောင်း၊ ဦးကြီး၏ မယား၊ ဆရာ၏ မယားဟူ၍ လည်းကောင်း၊ ရိုသေလေးစားအပ်သူတို့၏ မယားဟူ၍ လည်းကောင်း မထင်ရှားမိသာကုန်ရာ'ဟု ဗုဒ္ဓမြတ်စွာဘုရား၏ ဟော ကြားချက်ကို စရိယ သုတ်၊ ကမ္မကရဏဝဂ်၊ ဒုက္ကနိပါတ် နှင့် အင်္ဂုတ္တရနိကာယ်တို့တွင် တွေ့ရှိရပါသည်။ 
    ထို့ကြောင့် ဟီရိနှင့် သြတ္တပ္ပတရားနှစ်ပါးတို့သည် ကမ္ဘာသူကမ္ဘာသား လူအများကို စောင့်ရှောက်တတ်သောကြောင့် လောကပါလ ကမ္ဘာစောင့်တရားဟူ ၍လည်းကောင်း၊ ဖြူစင်သောတရား(သုတ္တဓမ္မ) ဟူ၍လည်း ခေါ်တွင်ကြသည်။ ဟီရိသြတ္တပ္ပတရား ကင်းဝေးလျှင် မိမိလူ့အဖွဲ့အစည်း၏ ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်စွမ်းမရှိပေ။ မိမိ၏ဂုဏ်သိက္ခာ၊ မိမိ၏ ကိုယ်ကျင့်တရားကိုသာမက ဘိုးဘွားစဉ်ဆက် ရှေးမြန်မာကြီးများ တည် ဆောက်ခဲ့သော မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးခြင်းမည်ပေသည်။ 
    ဟီရိသြတ္တပ္ပတရား ကင်းသူတို့ကို လူအများက ရိုင်းစိုင်းသူများဟု သတ်မှတ်ရှုတ်ချလေ့ရှိကြသဖြင့် မိမိကိုယ်တိုင်လည်း ဟီရိသြတ္တပ္ပတရားကို ထိန်းသိမ်းခြင်းအားဖြင့်လည်းကောင်း၊ ဟီရိသြတ္တပ္ပတရား ကင်းကွာ သူများနှင့် ပေါင်းသင်းခြင်းမှ ရှောင်ကြဉ်၍လည်းကောင်း ပြုမူနေထိုင်သင့်လှပါသည်။
    ဟီရိသြတ္တပ္ပတရားအစစ်အမှန်နှင့် ဟီရိသြတ္တပတရားမဟုတ်သော ကြောက်ရွံ့ခြင်းတို့ကိုမူ ခွဲခြားသိမြင်ရန် လိုပေသည်။ သာဓကအားဖြင့် ပရိသတ်အလယ် စာဖတ်ခြင်း၊ စကားပြော ဆွေးနွေးရမည်ကိုရှက်ခြင်း၊ ဂါရဝတရားထားရမည့် အထက်အကြီးအကဲနှင့် ဆက်ဆံရာတွင် ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ပြုမူရမည်ကို ရှက်ခြင်း၊ ပညာရှာပမာ သူဖုန်းစား ဖြစ်ရမည်ကို ရှက်ခြင်း၊ ယောက်ျားနှင့် မိန်းမတို့တွေ့ဆုံ၍ အကြောင်းအရာတစ်ခုကို ဆွေးနွေးရမည်ကိုရှက်ခြင်းတို့သည် ဟီရိတရား မဟုတ်ပေ။
    ထို့ကြောင့် လောကီအကျိုးစီးပွားကို ပြသော နီတိကျမ်းများ၌ -
    ၁။ ရောင်းဝယ်ဖောက်ကား စီးပွားရေးရာ ဆောင်ရွက်သောအခါ၊
    ၂။ ဆရာထံချဉ်းကပ်၍ ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ အတတ်ပညာ သင်ယူရသောအခါ၊
    ၃။ အစာစားသောအခါ၊
   ၄။ သမီးခင်ပွန်း၊ ယောက်ျား မိန်းမ ဆိုရေးရှိက ဆိုအပ်လှစွာ အချင်းချင်းပြောဆို ရသောအခါ မမှန်မကန်ရှက်ခြင်းတို့ မရှိသင့်ဟု ဖော်ပြလျက်ရှိပေသည်။
အလားတူ -
    ၁။ တရားမျှတစေခြင်းအတွက် ရဲရဲဝံ့ဝံ့ ပရိသတ်ရှေ့တွင် ပြောဆိုရမည်ကို ကြောက်ရွံ့ခြင်း၊
    ၂။ မရောက်ဖူးသော အရပ်ဒေသသို့ သွားရမည်ကို ကြောက်ရွံ့ခြင်း၊
    ၃။ ဆရာ၊ မိဘ၊ လူကြီးသူမရှေ့မှောက်တွင် ပြောဆိုရမည်ကို ကြောက်ရွံ့ခြင်း၊
    ၄။ လူတစ်ယောက်နှင့် တစ်ယောက် ပြောသင့်သည်ကို ပြောရန် ကြောက်ခြင်းတို့သည် သြတ္တပ တရားမဟုတ်ပေ။  
    သတ္တိမရှိ ညံ့ဖျင်းမှုဖြစ်သည်ကို ရှင်းလင်းစွာ နားလည်သဘောပေါက်ရမည် ဖြစ်သည်။ မည်သည့် အရာက ရှက်ခြင်း၊ ကြောက်ခြင်း ဟီရိသြတ္တပ္ပတရားဖြစ်၍ မည်သည်က မရှက်သင့်ခြင်း၊ မကြောက်သင့် ခြင်းကို နားလည်သဘောပေါက်ပြီးနောက် ဆင်ကန်းတောတိုး သဘောမျိုးဖြင့် အကျိုးမရှိသော ကြောက် ခြင်း၊ မိုက်ရူးရဲ ဆန်ခြင်းနှင့် ဆရာ၊ မိဘ၊ လူကြီးသူမတို့အပေါ် မရိုမသေ၊ မလေးစားမှု အဂါရဝမျိုးကို ရှောင်ကြဉ်သင့်သည်။ အလားတူ အလိမ္မာဉာဏ်ဖက်၍ ကျက်သရေမင်္ဂလာနှင့် ပြည့်စုံသော ဟီရိသြတ္တပ္ပ တရားကို စောင့်ထိန်းအပ် ကြောင်း ခံယူထားကြရမည်သာဖြစ်သည်။
    အချုပ်အားဖြင့်ဆိုသော် ပိုးလောက်လမ်းသည် ရေအညစ်အကြေးတို့တွင် ပေါက်ဖွားသကဲ့သို့ အရှက်တရားမရှိသူသည် ဒုစရိုက်အမှုကိုပြုရန် ဝန်မလေးပေ။ ပိုးဖလံသည် မီးပုံကိုတိုးရန် မကြောက် သကဲ့သို့ သြတ္တပ္ပတရား မရှိသူသည်လည်း ဒုစရိုက်အမှုကိုပြုရန် ဝန်မလေးပေ။ ဟီရိသြတ္တပ္ပတရားနှစ်ပါးကို လိုက်နာထိန်းသိမ်းသော လူတိုင်းသည် ကိုယ်၊ နှုတ်၊ စိတ်ယဉ်ကျေးလိမ္မာပြီး လိုက်နာရန် ပျက်ပြားသော လူတိုင်းသည် ကိုယ်၊ နှုတ်၊ စိတ်၊ အမူအရာများ ရိုင်းပျကြလေသည်။ လူ့အဖွဲ့အစည်း တစ်ရပ် ဒုစရိုက်ကင်းဝေး၍ ယဉ်ကျေး သိမ်မွေ့စေရန် စောင့်ရှောက်နိုင်သော တရားဖြစ်သောကြောင့် ယင်းဟီရိသြတ္တပ္ပတရားနှစ်ပါးကို လူတိုင်း လုံခြုံ အောင် ထိန်းသိမ်းသင့်လှပါသည်။
ခင်ဉာဏ
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တစ်ဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။)

Total Views ~ 46

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

50720

© 2022 - 2025 News. All Rights Reserved.