၂၀၂၅၊ ဩဂုတ် ၃၀
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများ အကြိတ်အနယ် ဖြစ်လာကြပြီဖြစ်သည်။ အထူးသဖြင့် ရွေးကောက်ပွဲရက် မဲဆန္ဒနယ်များ သတ်မှတ်ချက် ထွက်ပေါ်လာပြီးနောက်ပိုင်း ပါတီကြီးများက ပါတီရုံးခန်းများ အရှိန်အဟုန်ဖြင့် ဖွင့်လှစ်နေကြသည်။ ပါတီကြီးတချို့က ရွေးကောက်ပွဲအတွင်း အဆင်သင့်ဖြစ်နေကြသလို အချို့က တက်သုတ်ရိုက်နေကြရသည်။ ရုံးခန်းမပြည့်သေးသည့် ပါတီများက ရုံးခန်းပြည့်ရေး၊ လိုအပ်သည့် ပါတီဝင်အင်အား ပြည့်မီရေး အားစိုက်လာကြသလို ရုံးခန်း လူအင်အား ပြည့်မီထားသည့် ပါတီများက ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ရေး ဦးစားပေး လုပ်ကိုင်ကြလျက်ရှိသည်။
လွှတ်တော်အသီးသီးအတွက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ၂၀၂၅ ဒီဇင်ဘာနှင့် ၂၀၂၆ ဇန်နဝါရီလတို့တွင် အပိုင်းလိုက် ကျင်းပမည်ဟု နိုင်ငံတော်အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တို့မှ ကြိုတင်အသိပေးခဲ့သည်။ ကြိုတင်အသိပေးထားသည့်အတိုင်းပင် ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက် (တနင်္ဂနွေနေ့)တွင် စတင်ပြု လုပ်မည်ဖြစ်ကြောင်း ရွေးကောက် ပွဲကော်မရှင်က သြဂုတ် ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ပြီး ဆက်လက်ကျင်းပမည့် အပိုင်းလိုက်နေ့ရက်များကိုလည်း ထုတ်ပြန်ပေးသွားမည်ဟု အသိပေးထားသည်။ မဲန္ဒနယ်စာရင်းများကို သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီးနောက် သုံးရက်အကြာတွင် ရွေးကောက်ပွဲ အပိုင်း(၁) ကျင်းပမည့်ရက်ကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ယခင်အစိုးရလက်ထက်များတွင် ရွေးကောက်ပွဲရက်များကို လေးလဝန်းကျင် ကြိုတင် ကြေညာလေ့ရှိသည်။ ယခု ၂၀၂၅ ရွေးကောက် ပွဲ စတင်ကျင်းပမည့်ရက်ကို ရက်ပေါင်း ၁၃၀ သို့မဟုတ် လေးလနှင့် ကိုးရက်ခန့် ကြိုတင်ကြေညာသည်ဟု ဆိုနိုင် ပါသည်။
ကော်မရှင်က နိုင်ငံရေးပါတီများ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေးဆောင်ရွက်ပြီး နောက်ဆုံး တင်ပြရမည့် နေ့ရက်၊ လွှတ်တော်အသီးသီးအတွက် အမည်စာရင်း တင်သွင်းခြင်း၊ ကိုယ်စားလှယ်လောင်းများ အမည်စာရင်းတင်သွင်းခြင်း၊ ရုပ်သိမ်းခြင်း၊ စိစစ်ခြင်းတို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ၊ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ပါဝင်သည့် ၁၀၂ မြို့နယ်သတ်မှတ်မှု စသည့် ကြေညာချက် အသီးသီးကို သြဂုတ် ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများတွင် ပါဝင်သော ပုဂ္ဂိုလ်များ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ကိုက်ညီလျှင် ပါတီစည်းရုံးရေးနှင့် နယ်မြေစည်းရုံးရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရှိကြောင်း ကြေညာ ချက်နှင့် ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) များကို သြဂုတ် ၂၁ ရက်မှစတင်ကာ သက်ဆိုင်ရာ သံရုံးများတွင် စတင်ထုတ်ယူနိုင်ကြောင်း ကြေညာချက်များကိုလည်း သြဂုတ် ၂၁ ရက်တွင် အသီးသီး ထုတ်ပြန်ခဲ့သည်။
ကော်မရှင်ဘက်မှ ကြေညာချက်များ ခပ်စိတ်စိတ်ထွက်လာပြီးနောက် နိုင်ငံရေးပါတီ တော်တော်များ စိတ်ပူကြရသည်။ ကြိုတင်ပြင်ဆင်မှု အားနည်းခြင်း (သို့မဟုတ်) အခက်အခဲ တချို့ရှိနေခြင်းကြောင့် စာမေးပွဲ အချိန်စေ့ခါနီးစာမရ၊ စာမဖြေနိုင်သည့် ကျောင်းသားပမာ ဖြစ်ဟန်ရှိ၏။ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် နိုင်ငံရေးပါတီကြီးများက သတ်မှတ်ထားသည့် အင်အားငါးသောင်း ပြည့်ရေး၊ ရုံးခန်း ၁၁၀ ပြည့်မီရေး ကြိုးပမ်းနေကြသလို ကိုယ်စားလှယ်လောင်း ရှာဖွေရေးများလည်း တက်သုတ်ရိုက်နေကြသည်။ ပါတီငယ်လေးများကလည်း သတ်မှတ်ထားသည့် အင်အားတစ်ထောင်၊ မြို့နယ်ပါတီ ရုံးငါးရုံးပြည့်မီရေး သက်ဆိုင်ရာ တိုင်းနှင့်ပြည်နယ်များအတွင်း ကြိုးပမ်းနေကြသည်။ "အစောပိုင်းတုန်းကတော့ ဒီလောက်မြန်မယ်လို့ မထင်မိဘူး။ အခုကတော့ ထုတ်ပြန်တာတွေ တော်တော်မြန်တာပဲ။ ဒါပေမဲ့ ကျွန်တော်တို့က ကြိုပြီးတော့ လုပ်ထားတော့ သိပ်အခက်ကြီးတော့ မဟုတ်ပါဘူး။ နည်းနည်းတော့ လှုပ်ရှားရ တာပေါ့။ ရုံးကလည်း နဂိုကတည်းက ရုံးက ပြည့်ထားပြီးပြီ။ ကြိုလုပ်ထားတော့ ရုံးလည်း ပြည့်တယ်။ ပါတီဝင်အင်အားလည်း ပြည့်ထားတယ်။ ဒါပေမဲ့ နည်းနည်းလေး ကသိုက်ကရိုက် လေးတော့ ဖြစ်တယ်။ အခက်အခဲကတော့ သိပ်မရှိပါဘူး"ဟု တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ - SNDP) ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပါတီအခြေ အနေကိုရှင်းပြသည်။
သြဂုတ် ၂၄ ရက်အထိ UEC မှ ထုတ်ပြန်ထားသော တည်ဆဲနိုင်ငံရေးပါတီများ စာရင်းအရ မှတ်ပုံတင် ခွင့်ပြုပြီးသော ပါတီ ၆၁ ပါတီ ရှိနေသည်။ ယင်းပါတီများအနက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည)၊ ပြည်သူ့ရှေ့ဆောင်ပါတီ (PPP)၊ ပြည်သူ့ပါတီ(PP)၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူ)၊ အမျိုးသားနိုင်ငံရေးဒီမိုက ရက်တစ်ပါတီ (DNP)၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ (MFDP)၊ အမျိုးသမီးပါတီ(မွန်)စသည့် ကိုးပါတီမှာ ပြည်ထောင်စုတစ်ဝန်း စည်းရုံး မည့်ပါတီ(သို့) တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် ပါတီကြီးများဖြစ်သည်။ ပါတီကြီးများ၏ ရုံးခန်းဖွင့်လှစ်မှု၊ ရုံးလိုအပ်ချက် ရုံးခန်းရှာဖွေမှု၊ ပါတီဝင်များနှင့် တွေ့ဆုံမှု စသည့် နိုင်ငံရေးပါတီများဆိုင်ရာ လုပ်ငန်းဆောင်တာများကို သတင်းမီဒီယာများနှင့် လူမှုကွန်ရက်တို့တွင် ကျယ်ကျယ်ပြန့်ပြန့် တွေ့မြင်နေရသည်။ သို့သော် ပါတီငယ်လေးများ လှုပ်ရှားမှုကို သိပ်မတွေ့ရပေ။ ပါတီငယ်လေးများ၏ အတိုင်းအတာအရ၊ အင်အားအရ သတင်းထုတ်ပြန် အားနည်းခြင်း၊ အွန်လိုင်းပေါ်ပျံ့နှံ့မှု မတူညီကြသည့် အခြေအနေအပေါ်မူတည်ကာ လူသိနည်းခြင်းမျိုးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ တိုင်းနှင့် ပြည်နယ်အဆင့် စည်းရုံးမည့်ပါတီတိုင်း လှုပ်ရှားဆောင်ရွက်မှုများ မပြတ်ရှိနေမည်ဟု ထင်ပါ သည်။
ပါတီတစ်ခုအတွက် စာမေးပွဲ အောင်မြင်ဖို့၊ တစ်နည်းအားဖြင့် ရွေးကောက်ပွဲဝင်ရောက်နိုင်ဖို့ ရုံးအ ရေအတွက်၊ ပါတီဝင်အင်အား၊ လွှတ်တော်ကိုယ်စား လှယ်လောင်းဟူသည့် အခြေခံအချက်သုံးချက် ပြည့်စုံရမည်ဟု အကြမ်းဖျင်း နားလည်မိသည်။ ဥပဒေအရ သတ်မှတ်ထားသည့်အတိုင်း၊ ကြေညာချက်များအတိုင်း အရည်အတွက် ပြည့်မီအောင် ဆောင်ရွက်ပြီးစီးလျှင် ထိုပါတီများ အိမ်စာကျေညက်သည့်၊ စာရသည့် ကျောင်းသားပမာ မည်သည့်အချိန် စာမေးပွဲဝင်စစ်ပါစေ အေးအေးဆေးဆေး ယပ်ခတ်နေ နိုင်မည်ဖြစ်သည်။
အင်အားကြီး ပါတီတစ်ခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် အင်အားတောင့်တင်းခိုင်မာမှုရှိသည့်အလျောက် လက်ရှိအချိန် ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုများ အားလုံးပြည့်စုံနေပြီဟု သိရသည်။ ရုံးခန်းပြည့်၊ အင်အားပြည့် ကိုယ်စားလှယ်လောင်း အဆင်သင့်ဖြစ်နေပြီး ရွေးချယ်ပြီး ဖြစ်နေသည့် အခြေအနေဖြစ်သည်။ မြို့နယ် တိုင်းတွင် ပါတီရုံးခန်းများ ရှိနေသလို ပဲခူးအရှေ့၊ ပဲခူး အနောက်၊ ရှမ်းအရှေ့၊ ရှမ်းတောင်၊ ရှမ်းမြောက်တိုင်းနှင့် ပြည်နယ်အဆင့် သတ်မှတ်၍ ရုံးခွဲများတိုးချဲ့ ဖွင့်လှစ်ထားသည့်အတွက်လည်း ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ရုံးပေါင်း ၁၇ ရုံး ဖွင့်လှစ်ထားပြီး ဖြစ်သည်။ ရုံးအရေအတွက်၊ ပါတီဝင်အင်အားကလည်း သတ်မှတ် ချက်ထက် ကျော်လွန်ကာ UEC ကို တင်ပြထားပြီးသား ဖြစ်နေသည်။ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ သတ်မှတ်ထားသည့် သတ်မှတ်ချက်များအားလုံး ပြည့်ပြည့်စုံစုံ ဆောင်ရွက်ထားပြီးဖြစ်၍ ပါတီအနေဖြင့် စိတ်ပူစရာမလိုဟု USDP ပါတီပြောရေးဆိုခွင့်ရှိသူ ဦးသိန်းထွန်းဦးက ပြောသည်။
"မြို့နယ် ၃၃၀ ရှိရင် ရုံးပေါင်း ၃၃၀ ဖွင့်ထားတဲ့ပါတီပါ။ အပြည့်ပေါ့။ မြို့နယ်အရေအတွက်နဲ့ မြို့နယ်ပါတီရုံး အကုန်လုံး အပြည့်ရှိပါတယ်။ သို့သော်လည်းပဲ ဥပမာ နောင်ချိုဆိုရင် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေ ဆုတ်ခွာသွားတဲ့အချိန်မှာ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ နှစ်ထပ်ရုံးပေါ့။ အဲဒါကို ပါတီဥက္ကဋ္ဌကြီးနဲ့အဖွဲ့ အဲဒီကို သွားကြည့်တယ်။ သွားကြည့်ပြီး အဲဒီရုံးကို ပြန်လည်တည်ဆောက်မယ့် ကိစ္စတွေကို ကြည့်တယ်။ လတ်တလော ယာယီရုံးခန်းဖွင့်လှစ်ဖို့ ဆောင်ရွက်တယ်။ ပြောချင်တာကတော့ ရုံးဖွင့်လှစ်လို့ရတဲ့ နေရာမှန်သမျှ ရုံးဖွင့်ပြီးတော့ ဆောင်ရွက်ထားနိုင်တဲ့ အနေအထားတွေ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်ပြောသည်။
USDP ပါတီက ကိုယ်စားလှယ်လောင်း ရွေးချယ်မှုနှင့်ပတ်သက်၍ အောက်ခြေမှ မြို့မိမြို့ဖ၊ သက်ဆိုင်ရာမြို့နယ်ပါတီ၊ အများပြည်သူ လေးစားကြည်ညိုသူများစုဖွဲ့၍ မြို့နယ်မှခရိုင်ရွေးချယ်ရေးအဖွဲ့၊ ခရိုင်ရွေး ချယ်ရေးအဖွဲ့မှ တိုင်း၊ ထိုမှ ဗဟိုရွေးချယ်ရေးအဖွဲ့ အဆင့်ဆင့်တင်ပြပြီး ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်ထားသည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်၍တင်သွင်းနိုင်သည့် သတ်မှတ်ရက်ဖြစ်သည့် စက်တင်ဘာ ၈ ရက်နေ့ အချိန်မီတင်ပြနိုင်ရေး ယင်းပါတီက ပြင်ဆင်ဆောင်ရွက် ပြီးစီးနေပြီဖြစ်သည်။ "ကိုယ်စားလှယ်လောင်းရွေးချယ်ရေးမှာ အဓိကသတ်မှတ်ထားတာက မိမိဒေသ အကျိုးကိုအမှန်တကယ် စိတ်ဆန္ဒအပြည့်အဝနဲ့ လုပ်ရည်ကိုင်ရည်ရှိတဲ့ ပုဂ္ဂိုလ်အများစုကလည်း လက်ခံရ မယ်။ လုပ်ရည်ကိုင်ရည်လည်း ရှိရမယ်။ ပြည်သူအတွက်၊ မိမိဒေသတွေအတွက်ကို အရွေ့တစ်ခု သွားနိုင် တယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေကို ဦးစားပေးပြီး ရွေးချယ်ဖို့ အောက်ခြေတွေကို ပါတီဗဟိုဌာနချုပ်က လမ်းညွှန်ပြီးသား ဖြစ်ပါတယ်။ အဲဒီလိုပုဂ္ဂိုလ်တွေကို ရွေးချယ်တဲ့နေရာမှာ အခုအချိန်ထိလည်း စိစစ်တယ်။ စိတ်တိုင်း ကျပေါ့၊ ပိုကောင်းသည်ထက် ကောင်းအောင် စိစစ်နေပါတယ်။ ပြီးသလောက်နီးပါး ရှိနေပါပြီ"ဟု ဦးသိန်းထွန်းဦးက ရှင်းပြသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ပုဒ်မ ၅ ပုဒ်မခွဲ (စ)အရ ရွေးကောက်ပွဲကျင်းပမည့်နေ့ ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်က အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း နိုင်ငံရေးပါတီများက ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက်ပြည့်မီရေး ဆောင်ရွက်ပြီး ကော်မရှင်သို့ စက်တင်ဘာ ၇ ရက် နောက်ဆုံးတင်ပြရမည်ဖြစ်သည်။ သတ်မှတ်ရက်အတွင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၁၂ အရ အရေးယူဆောင်ရွက်မည်ဟု အသိပေးထားသည်။ လွှတ်တော်အသီးသီး၏ မဲဆန္ဒနယ်များအတွက် လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်း စတင်တင်သွင်းနိုင်သည့် နေ့ရက်ကို စက်တင်ဘာ ၈ ရက်အဖြစ် သတ်မှတ်ထားပြီး လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း တင်သွင်းလွှာများကို ရုပ်သိမ်းလိုက ရုပ်သိမ်းနိုင်သည့် နောက်ဆုံးနေ့ရက်ကို စက်တင်ဘာ ၁၂ ရက်အဖြစ် သတ်မှတ်ထားသည်ကို တွေ့ရသည်။ ထို့ပြင် PR မဲဆန္ဒနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီတစ်ခုအနေဖြင့် မိမိပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးအတွက် အမည်စာရင်း တင်သွင်းလွှာကို ရုပ်သိမ်းလိုပါက အစား ထိုး ပြန်လည်တင်သွင်းရမည့်ရက်နှင့် နောက်ဆုံး နေ့ရက်ကို စက်တင်ဘာ ၁၃ ရက်မှ စက်တင်ဘာ ၁၇ ရက်အထိ သတ်မှတ်ပေးထားပြီး လွှတ်တော်ကိုယ်စား လှယ်လောင်းများ အမည်စာရင်း တင်သွင်းလွှာများကို စိစစ်မည့်နေ့ရက်ကို စက်တင်ဘာ ၁၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ သတ်မှတ်ထားသည်ကို တွေ့ရသည်။
လက်ရှိဖြစ်ပေါ်နေသည့် အခင်းအကျင်းသည် ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့်ပါတီများမှာ ရုန်းကန်နေရသည့် အခြေအနေဟု ရှုမြင်ကြသည်။ ယခင်ကတည်းက ပါတီတည်ထောင်ခဲ့ပြီး ယခင်အစိုးရ နှစ်ဆက်၊ သုံးဆက် ရွေးကောက်ပွဲအဆက်ဆက်တို့ ဖြတ်သန်းခဲ့ဖူးသည့် ပါတီတည်ထောင်ရပ်တည်မှု အခြေချပြီးသား ပါတီအချို့ အခက်အခဲသိပ်မရှိနိုင်ဟု သုံးသပ်ကြသည်။ ရုံးအဆောက်အအုံ ပြည့်စုံလုံလောက်မှုနှင့် ပါတီဝင်အင်အား အမာခံများတည်ရှိနေမှုက ယင်းပါတီများ၏ အားသာချက်ဖြစ်သည်။ ခုကာလသည် ပါတီအသစ်များအတွက် အခက်အခဲများကြား အတော်ပင်ရုန်းကန်ကြရသည့်ကာလဟု ဆိုနိုင်ပါသည်။ UEC ၏ ကြေညာချက်များအရ နိုင်ငံရေးပါတီများက ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး စက်တင်ဘာ ၇ ရက် နောက်ဆုံးတင်ပြရမည်ဖြစ် သည်။ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းများကိုလည်း စက်တင်ဘာ ၈ ရက်တွင် စတင်တင်သွင်းရမည်ဖြစ်သည်။
ဥပဒေပြဋ္ဌာန်းချက်အရ ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်းများ သတ်မှတ်အရေအတွက် ပြည့်မီရေး ဆောင်ရွက်ပြီး နောက်ဆုံး တင်ပြရမည့်နေ့ရက် ထုတ်ပြန်မှုတွင် 'ရွေးကောက်ပွဲ ကျင်းပမည့် နေ့ရက် မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ ကြိုတင်၍ ကော်မရှင်မှ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်သည့် နေ့ရက်အတွင်း' ဟူသည့် စကားရပ် ပါဝင်သည်။
ထိုရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၉၀ နှင့် ပတ်သက်၍ မတူညီသည့် သိရှိနားလည်မှု၊ အဓိပ္ပာယ်ကောက်ယူမှုတစ်ခုကိုလည်း တွေ့ရသည်။ ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ အနည်းဆုံး ရက်ပေါင်း ၉၀ တွင် စင်တင်ဘာ ၇ ရက်သည်လည်း အကျုံးဝင်သလို စက်တင်ဘာ ၂၇၊ ၂၈ ရက်များသည် လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်မတိုင်မီ ရက်ပေါင်း ၉၀ တွင် အကျုံးဝင်သည်ဟု ထင်မြင်ယူဆချက် ဖြစ်သည်။ပါတီများအတွက် ကြိုတင်ပြင်ဆင်ချိန်နည်းပါးသည်။ ပါတီများ လှုပ်ရှားဆောင်ရွက်ရမည့် အချိန်တိုတောင်းသည်ဆိုသော ရှုမြင်ချက် ဖြစ်ပါသည်။
"ပါတီကြီးတချို့ကတော့ အားလုံးအဆင်ပြေ နေပြီကြားတယ်။ ပါတီကြီးတချို့ကလည်း ရုံးခန်း ပေါင်း ၁၁၀ ပြည့်အောင် မဖွင့်နိုင်သေးတာတွေ ကြိုးစားနေဆဲ ပါတီတွေရှိတယ်။ ဒီပါတီတွေကတော့ သတ်မှတ်ရက်အတွင်း ရုံးပြည့်ဖို့ ဒီကာလရက်တွေမှာ တော်တော်လေး ကြိုးပမ်းကြရမယ်ထင်ပါတယ်။ အချိန်က နှစ်ပတ်ကျော် လောက်ပဲရှိတာဆိုတော့ စည်းရုံးရေးလုပ်ငန်းတွေ လုပ်နေတဲ့ ပါတီအသစ်တွေ အတွက်ကတော့ သတ်မှတ်တဲ့ အရေအတွက်ရဖို့ တော်တော်လုပ်ယူကြရမယ်။ အခုလို အခြေအနေမျိုးမှာ နယ်မြေအနှံ့ကို သွားပြီးတော့ စည်းရုံးရေးဆင်းဖို့ ဆိုတာက အခက်အခဲရှိနေကြသလို တချို့ကလည်း နိုင်ငံရေးလုပ်ဖို့ ကြောက်နေကြတာမျိုးတွေရှိနေတော့ သူတို့ နိုင်ငံရေးလောကထဲ ဝင်လာအောင် စည်းရုံးရ တာ၊ ရှာဖွေရတာ အခက်အခဲတွေ့နေကြတယ်။ ရုံးခန်းဖွင့်ဖို့အတွက် ကုန်ကျစရိတ်တွေလည်းရှိတော့ ငွေရေးကြေးရေး အခက်အခဲပေါ့။ အဲဒီအခြေအနေ သုံး ချက်လောက်နဲ့ ရင်ဆိုင်နေရတော့ ရုံးမပြည့်မီတဲ့၊ မဖွင့် နိုင်ကြသေးတဲ့အခြေအနေ ကြုံနေကြတာမျိုး ဖြစ်နိုင်ပါတယ်"ဟူ၍ နိုင်ငံရေးပါတီများ၏ ရွေးကောက်ပွဲဆိုင်ရာ လှုပ်ရှားမှုများအပေါ် လေ့လာနေသူတစ်ဦးက ၎င်း၏အမြင်ကို ပြောပြသည်။
လာမည့် ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်အတွက် မဲအများဆုံးရသူ အနိုင်ယူစနစ် (FPTP)၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော် (သို့မဟုတ်) ပြည်နယ်တို့အတွက် FPTP နှင့် PR စနစ် ပေါင်းစပ်ထားသည့် ရောနှောထားသော ကိုယ်စားလှယ်အချိုး ကျစနစ် (MMP)ဟူ၍ ကျင့်သုံးမည်ဟု UEC မှ အသိပေးထားသည်။ ရွေးကောက်ပွဲ အပိုင်း (၁)ကို ၁၀၂ မြို့နယ်တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါ မြို့နယ် ၁၀၂ ခု စာရင်းများအရ ကချင်ပြည်နယ်တွင် ခြောက်မြို့နယ်၊ ကယားပြည်နယ်တွင် နှစ်မြို့နယ်၊ ကရင်ပြည်နယ်တွင် သုံးမြို့နယ်၊ ချင်းပြည်နယ်တွင် နှစ်မြို့နယ်၊ စစ်ကိုင်းတိုင်းတွင် ၁၂ မြို့နယ်၊ တနင်္သာရီတိုင်းတွင် လေးမြို့နယ်၊ ပဲခူးတိုင်းတွင် ရှစ်မြို့နယ်၊ မကွေးတိုင်းတွင် ကိုးမြို့နယ်၊ မန္တလေးတိုင်းတွင် ရှစ်မြို့နယ်၊ မွန် ပြည်နယ်တွင် ငါးမြို့နယ်၊ ရခိုင်ပြည်နယ်တွင် သုံးမြို့နယ်၊ ရန်ကုန်တိုင်းတွင် ၁၂ မြို့နယ်၊ ရှမ်းပြည်နယ်တွင် ၁၂ မြို့နယ်၊ ဧရာဝတီတိုင်းတွင် ရှစ်မြို့နယ်၊ နေပြည်တော်တွင် ရှစ်မြို့နယ်ဟူ၍ သတ်မှတ်ကြေညာထားပြီး ပါဝင်သည့် မြို့နယ်များစာရင်း အသေးစိတ်ကို UEC Website တွင် ထုတ်ပြန်ထားသည်။ မဲဆန္ဒနယ်များ ထုတ်ပြန်ခဲ့ပြီးနောက် ပြည်နယ်အဆင့် ပါတီငယ်တချို့က ပြည်နယ်အတွင်း၊ တိုင်းဒေသကြီးအတွင်းရှိ မဲဆန္ဒနယ်အားလုံးကို ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေကြသည်ကို တွေ့ရသည်။ ယင်းအတွက် ကိုယ်စားလှယ်လောင်း စိစစ်ရွေးချယ်မှုများအပါအဝင် ရုံးခန်း၊ ပါတီဝင်အင်အား သတ်မှတ်အရေအတွက် ပြည့်မီရေး ကြိုးပမ်းနေကြသည်ကို တွေ့ရသည်။ ပါတီအချို့က မြို့နယ် ပါတီရုံးငါး ရုံးမှသာ ၁၅ ရုံး၊ ရုံးပေါင်း ၂၀ ကျော်အထိ ဖွင့်လှစ်ပြီးစီးသည့် အနေအထား တွေ့ရသည်။ တိုင်း အဆင့်၊ ပြည်နယ်အဆင့် ပါတီငယ်များနှင့်ပတ်သက်၍ စုံးစမ်းသိရှိရသမျှ အခြေအနေများ ဖြစ်သည်။
ပြည်ထောင်စုတစ်ဝန်းစည်းရုံးမည့် ပါတီကြီးတစ်ခုဖြစ်သည့် ကျားဖြူပါတီက ရွေးကောက်ပွဲ အပိုင်း (၁) ကျင်းပမည့် မြို့နယ်ပေါင်း ၁၀၂ မြို့နယ်လုံး၊ လွှတ်တော်သုံးရပ်အတွက် မဲဆန္ဒနယ်မြေအားလုံး ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကိုယ်စားလှယ်လောင်း ရွေးချယ်မှုများသည်လည်း ပြီးစီးသလောက်နီးပါး ဖြစ်နေသည်။ "ကျွန်တော်တို့က သတ်မှတ်ရက်မှာတော့ ကိုယ်စားလှယ်အမည်စာရင်းတွေ တင်ရမှာပါ။ အခုက ကိုယ်စား လှယ်လောင်းတွေ စိစစ်ရွေးချယ်ထားပြီးပါပြီ။ တော်တော်များများလည်း ပြီးစီးနေပါပြီ။ ပါတီအနေနဲ့ကတော့ အခု ၁၀၂ မြို့နယ်လုံး မဲဆန္ဒနယ်အားလုံး ဝင်ပြိုင်မှာပါ"ဟု ကျားဖြူပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသည်။
ပြည်ထောင်စုတစ်ဝန်း စည်းရုံးမည့် ပြည်သူ့ပါတီက ပါတီရုံးခန်းပေါင်း ၁၁၀ ပြည့်မီရေး ကြိုးစားရုန်းကန်ခဲ့ရသည့် အခြေအနေဖြစ်သည်။ လက်ရှိတွင်လည်း ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းနေရာများအတွက် ပါတီဝင်များသာမက ပြင်ပမှ နိုင်ငံ့အကျိုးပြုလိုသူများကို ယင်း ပါတီမှ ဖိတ်ခေါ်လျက်ရှိသည်။
"ပြည်သူ့ပါတီကတော့ ဒီကာလတစ်လျှောက်မှာ စည်းရုံးရေးလုပ်ငန်းတွေနဲ့ ပါတီဝင်အင်အား ငါး သောင်းကျော် ရရှိဖို့၊ ပါတီရုံးခန်းပေါင်း ၁၁၀ ပြည့်ဖို့ကို တော်တော်လေးကို ရုန်းကန်ရတယ်။ အထူးသဖြင့် ရုံး ခန်းပေါင်း ၁၁၀ ပြည့်ဖို့ တောက်လျှောက်ကို မနားမနေလုပ်လာခဲ့ရတယ်။ အဲဒီလို လုပ်လာရင်းနဲ့ အခုဆိုရင် လိုအပ်တဲ့အရေအတွက် ပြည့်စုံသွားတဲ့ အခြေအနေ ဖြစ်သွားတယ်။ လက်ရှိကတော့ လွှတ် တော်ကိုယ်စား လှယ်လောင်းပြည့်မီရေး ကြိုးပမ်းနေပါတယ်"ဟု ပြည်သူ့ပါတီ ဗဟိုစည်းရုံးရေးအဖွဲ့ဝင် ဦးလှဌေးက ပါတီလုပ်ငန်း လုပ်ဆောင်နေမှုအခြေအနေကို ရှင်းပြသည်။
ပြည်သူ့ပါတီသည် သြဂုတ် ၂၃ ရက်က ရန်ကုန်မြို့ Sky Star Hotel တွင် ပါတီတည်ထောင်ခြင်း (၇)နှစ်မြောက်ပြည့် အခမ်းအနား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားသို့ အခြားသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးလေ့လာသုံးသပ်သူများ၊ နိုင်ငံရေးနယ်ပယ်မှ ပြည်သူ့ပါတီမိတ်ဆွေ အများအပြား တက်ရောက်ခဲ့ ကြသည်ကို တွေ့ရသည်။ နိုင်ငံရေးနယ်ပယ်၊ နိုင်ငံရေးရပ်ဝန်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာသည်ဟု ထင်မြင် မိသည်။ လက်ရှိအချိန် နိုင်ငံရေးပါတီများ၏ လှုပ်ရှားမှုများနှင့် ရွေးကောက်ပွဲအပေါ် သတင်းမီဒီယာ များကလည်း အာရုံစိုက်လာကြသည့် ကာလဟုလည်း ဆိုရမည်။ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးနှင့် သက်ဆိုင်သည့် အများပြည်သူ သိလိုသည်များ၊ သိရှိထားသင့်သည့် အကြောင်းအရာများကို ကော်မရှင်သို့ မီဒီယာများ၏ မေးမြန်းမှုများက ခပ်စိတ်စိတ် ဖြစ်လာခြင်း ဖြစ်သည်။လွှတ်တော်ခေါ်ယူမည့် ကာလ၊ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များစာရင်း ထုတ်ပြန်မည့်ကာလတို့ကို မေးမြန်းကြ သည်။ ကော်မရှင်ဘက်မှ ဖြေ ကြားချက်များအရ ရွေးကောက်ပွဲအပိုင်းများ အားလုံး ကျင်းပပြီးစီးမှသာ သက်ဆိုင်ရာ မဲဆန္ဒနယ်အလိုက်ရွေး ကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ် များစာ ရင်းများကို ကြေညာမည်ဖြစ်သည်။ အလားတူအပိုင်းလိုက် ရွေးကောက်ပွဲများ ကျင်းပပြီး ရလဒ်များ ထုတ်ပြန်ပြီးမှသာ လွှတ်တော်ခေါ်ယူမည်ဖြစ်သည်။
သေချာသည့်အချက်မှာ သိပ်မကြာမီ အချိန်ကာလ အပိုင်းအခြားတစ်ခုတွင် လွှတ်တော်ကိုယ်စား လှယ်လောင်း အမည်စာရင်းများ ထွက်လာမည်ဖြစ်သည်။ ထပ်မံ၍လည်း ရွေးကောက်ပွဲဆိုင်ရာ စုဝေး ဟောပြောခွင့်နှင့် မဲဆွယ်စည်းရုံးခွင့် သတ်မှတ်ချက်များ ကော်မရှင်ဘက်မှ ထုတ်ပြန်ဖို့ရှိနေပါသည်။ နိုင်ငံရေးအကျပ်အတည်းကာလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ မည်သည့်ပုံစံ၊ မည့်သည့်နည်းလမ်းများ အသုံးပြုမဲဆွယ်စည်းရုံးကြမည်လဲ၊ နောင်တွင် ငွေရောင်ပိတ်ကားပေါ်တွင် ဆက်လက်ရှုစား ကြရဖို့ ရှိနေပါသည်။
ညီသစ်
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(၃၂) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )