အသိမှန်မှ

၂၀၂၅ ၊ စက်တင်ဘာ ၂၅
    မြန်မာ့နိုင်ငံရေးလောကမှာ နိုင်ငံရေး ရေမျက်နှာပြင်ကို လှိုင်းထအောင် အမြဲတမ်း ကိုင်လှုပ်နေတဲ့အချက်က တိုင်းရင်းသားချင်း ရင်ကြားစေ့နိုင်ဖို့ထက် ကျွန်တော့်အမြင်မှာ တပ်မတော်သားတွေကို နိုင်ငံရေးစင်မြင့်ကနေ အရှိန်အဟုန်ပြင်းပြင်းနဲ့ အပြီးအပိုင် ရှင်းထုတ်ပစ်ဖို့ Transition ထက် Revolutionary Concept ကြောင့် လို့ပဲထင်ပါတယ်။ မြင်သာအောင်ပြောရရင် လွတ်လပ်ရေးရခဲ့တာ အနှစ် ၇၀ ကျော်ပါပြီ။  'စလယ်ဝင် ဖင်မမည်းခင်က ကွဲနှင့်ကြပြီ'လို့ဆိုရင် ကြိုက်မယ်မထင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ၁/၁၉၄၈ မှာ လွတ်လပ်ရေးရပါတယ်။ ၃/၁၉၄၈ မှာ BCP တောခိုပါတယ်။ မြန်မာပြည်လောက် လက်နက် ကိုင်သောင်းကျန်းသူ ပေါတာ မြန်မာပဲရှိမယ်ထင်ပါတယ်။ ဘယ်နိုင်ငံမှ သူ့လောက် မပေါပါဘူး။ ဒီကွန်မြူနစ်အတွေးအခေါ်ကလည်း ကင်ဆာဆဲလ်လို၊ အငုပ်ဓာတ်ခံနဲ့ စစ်တပ်မုန်းတီးရေးကို စာပေဟောပြောပွဲ မျက်နှာဖုံးစွပ်ပြီး 'လှော်လဲလှော်။ လော်လဲလော်'လိုက်တာကနေ့ ယခင် 'မသုံးလုံး' နယ်မြေဟာ နောက် ဆုံးပေါ် အကြမ်းဖက်တို့ရဲ့ ဇာတိပြရာ ရေခံ၊ မြေခံ ဖြစ်လာခဲ့ပါတယ်။
    ဒီတပ်မတော် အမုန်းဓာတ်ခံကြောင့် အခု ရွေးကောက်ပွဲအတွက် အရွေးချယ်ခံကိုယ်စားလှယ်အမည်စာရင်းပေးရမည့်အချိန်မှာ 'စစ်တပ်လည်း မကြိုက်ဘူး၊ စစ်သားလူထွက်လည်း မကြိုက်ဘူး'။ ဒါကို နဂိုကမှ နိုင်ငံရေးရေချိန်ကနိမ့်၊ နီပိန်း၊ တစ်ဖက်ပိတ်တွေနဲ့ တွေ့တော့ ပိုဆိုးပြန်ပါတော့တယ်။ နိုင်ငံရေးမှာ အပြောင်းအလဲဆိုတာ မြန်မာလိုနိုင်ငံမျိုးမှာ တဖြည်းဖြည်းချင်း လုပ်ယူရမှာပါ။ မဲဆန္ဒရှင်ရော ပါဝင်ရွေးချယ်မည့် ကိုယ်စား လှယ်ပါ တစ်စတစ်စ အရည်အသွေးမြှင့်တင်သွားမှ ရနိုင်မှာဖြစ်ပါတယ်။ ကနေ့ တပ်မတော်ကို နိုင်ငံရေးလောကက ဖယ်ချင်ရင် ကိုယ့်နိုင်ငံတည်ရှိနေတဲ့ အာရှတိုက်တစ်ခုလုံးကိုပဲ ပြန်ကြည့်ပါ။ ကိုယ်လိုပဲ နိုင်ငံရေးလောကမှာ မူလကတည်းက ပါဝင်နေတဲ့ စစ်ဗိုလ်၊ စစ်သားတွေ သူများ တိုင်းပြည်မှာ နိုင်ငံရေးဇာတ်ခုံပေါ်က ဘယ်လိုတွေ တဖြည်းဖြည်းချင်း ဆင်းသွားသလဲဆိုတာ။

တောင်အာရှ
    ပါကစ္စတန်။        နိုင်ငံရေးထဲကို စစ်ဗိုလ်ကြီးတွေဟာ တိုက်ရိုက် အာဏာသိမ်းရင်းကနေ၊ ဒါမှ မဟုတ်စစ်တပ်က အမာခံထောက်ခံပေးထားတဲ့ နိုင်ငံရေးပါတီတွေကတစ်ဆင့် ဝင်ရောက်လာခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ Gen Pervez Musharraf ကစပြီး အငြိမ်းစား စစ်ဘက်အရာရှိတွေဟာ ပါလီမန်မှာရော၊ ပြည်နယ်အကြီးအကဲတွေအနေနဲ့ပါ ဗျူရိုကရေစီယန္တရားထဲမှာ ပါဝင်ခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်။        Gen Zia Rahman ကြည်းတပ်ဦးစီးချုပ်၊ နောင် BNP နိုင်ငံရေးပါတီတည်ထောင်သူ၊ Gen Muhammad Ershad (1982) နှစ်မှာ အာဏာသိမ်းခဲ့ပြီးနောက် သမ္မတဖြစ်လာခဲ့သူတွေဟာ နိုင်ငံရေးလောကကို ဝင်ရောက်လာကြသူတွေ ဖြစ်ပါတယ်။
    သီရိလင်္ကာ။        ပြည်တွင်းစစ်ဖြစ်ခဲ့ပြီး တပ်မတော်အရာရှိ အများအပြား လွှတ်တော်အတွင်းကို ရောက်ရှိလာခဲ့ကြပါတယ်။ ၎င်းတို့အနက် Gen Sarath Fonseka ဟာ လွှတ်တော် အမတ်၊ ဝန်ကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
    အိန္ဒိယ။        စစ်တပ်က အာဏာသိမ်းခဲ့တဲ့ အစဉ်အလာ မရှိသော်လည်း၊ တပ်မတော် အရာရှိတွေ ပင်မနိုင်ငံရေး ရေစီးကြောင်းအတွင်း ရောက်သွားကြသူတွေ ရှိပါတယ်။ ဒီပုဂ္ဂိုလ်တွေထဲက ကြည်းတပ်ဦးစီးချုပ် Gen V K Singh လည်း ပါဝင်ပါတယ်။

အရှေ့အာရှ
    တောင်ကိုရီးယား။    ကိုရီးယားစစ်ပွဲအပြီးမှာ ၁၉၆၀/၁၉၈၀ စစ်ဗိုလ်ချုပ်တွေဟာ နိုင်ငံရေးထဲကိုဝင်ပြီး နေရာယူလာကြပါတယ်။ Gen Park Chung -Hee (1963/1979 ) သမ္မတဖြစ်လာခဲ့ပြီးတော့ Gen Chun Doo - hwan (1980 / 1988) တက်လာပါတယ်။ တောင်ကိုရီးယား ဒီမိုကရေစီလုပ်ငန်းစဉ်ဟာ အတက်သိပ်မြန်လို့ စစ်တပ်ဟာ စောစောစီးစီး စစ်တန်လျားကို ပြန်သွားနိုင်ခဲ့ပါတယ်။
    တရုတ်ပြည်။    တရုတ်ပြည်သူ့တပ်မတော် တောင်တရုတ်ကွန်မြူနစ်ပါတီနဲ့ ချိတ်ဆက်ထားပါတယ်။ တပ်မတော်က အငြိမ်းစားသွားတဲ့သူတွေကို သင့်တော်တဲ့ အရပ်ဘက်နေရာတွေမှာ နေရာချ ထားပေးပါတယ်။ (ဆိုလိုတာက ကွန်မြူနစ်နိုင်ငံတောင် စစ်သားနဲ့ နိုင်ငံ့အရေး မကင်းနိုင်ဘူးဆိုတာပါ) ဘာကြောင့် မကင်းနိုင်သလဲဆိုတာ နိဂုံးမှာ ပြောပါ့မယ်။

အရှေ့တောင်အာရှ
    ထိုင်းနိုင်ငံ။        အရှေ့တောင်အာရှမှာ အာဏာသိမ်းတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်ပါတယ်။ ပါတီနိုင်ငံရေးမှာလည်း စံတင်လောက်အောင် ဗိုလ်ကြီးအဆင့်လောက်က Supreme Commander  အဆင့်အထိ ပါတီနိုင်ငံရေးမှာ ပါခဲ့တာပါ။ ဗိုလ်ချုပ်ကြီး ထနွံကစ်တီ ကာချွန်ကစပြီး နောက်ဆုံး ပရာယွတ်အိုချာချာအထိ ထဲထဲဝင်ဝင် ပါဝင်ခဲ့ကြသူများ ဖြစ်ပါတယ်။ တပ်မတော်ဘက်ကို သိသိသာသာ အလေးသာထားတဲ့ ဖွဲ့စည်း ပုံအမျိုးမျိုးကို ပြင်ဆင်ရေးဆွဲပြီး နိုင်ငံရေးဇာတ်အမျိုးမျိုး ကပြလျက် ရှိနေတာကို ယခုထိ ဇာတ်လမ်းတွဲ၊ ရုပ်ရှင်တွေ ကြည့်နေရသလို တွေ့ရမှာဖြစ်ပါတယ်။
    အင်ဒိုနီးရှား။    ၁၉၆၆ ခုနှစ် Gen Suharto ရဲ့ New Order စနစ်ကနေ စလိုက်တာ ၁၉၉၈ ခုနှစ်အထိ အင်ဒိုနိုင်ငံရေးမှာ စစ်ဗိုလ်စစ်သားတွေရဲ့ မြင်ကွင်းကို အထင်အရှား တွေ့နေရမှာဖြစ်ပါတယ်။ နောက်ပိုင်း (Enhanced  civil Military Relationship) စစ်ဘက် အရပ်ဘက် ဆက်ဆံရေး၊ ပြုပြင်ပြောင်းလဲရေးတွေ ညက် ညောလာချိန်မှာ Gen Susilo Bambang Yudhono (2004/ 2014) Gen Prawobo Subianto (၂၀၂၄ မှာ သမ္မတဖြစ်လာသူ။ တစ်နည်း ပါတီနိုင်ငံရေးမှာ ဆက်လက်ရှင်သန်နေသူ။ it shows the Tradition Continues) ဆိုသလို ကနေ့အထိ အင်ဒိုနိုင်ငံရေးမှာ စစ်သားလူထွက်တွေကို အစဉ်အလာမပျက် တွေ့နေရဆဲပါ။
    ဖိလစ်ပိုင်။        စစ်ထွက်တွေဟာ (From Grassroots to National level politics) အထိပါ ဝင်နေတာတွေ့ရမှာ ဖြစ်ပါတယ်။ ထင်ထင်ရှားရှား ပြရမှာဆိုရင် Gen Fidel Ramos (1992 / 98)ပဲ ဖြစ်ပါတယ်။
    စင်ကာပူ။        လူရည်အလည်ဆုံးနဲ့ ပြောတတ်ဆိုတတ်၊ လုပ်တတ်ကိုင်တတ်တဲ့ နိုင်ငံက စင်ကာပူပဲဖြစ်ပါတယ်။ သူကတော့ နိုင်ငံကို တံငါရွာကနေ ကမ္ဘာ့အဆင့် တည်ဆောက်ခဲ့သူကြီး Lee Kwan Yew ပါ။ သူက နိုင်ငံ့အရေးမှာ စစ်သားတွေကို အံဝင်ခွင်ကျဖြစ် အောင် လိုက်ထည့်တတ်တာပါ။ သူ့စစ်တပ်ဟာ နိုင်ငံ့အာဏာကို မသိမ်းပါဘူး။ ဒါပေမဲ့ နိုင်ငံ့အာဏာကိုတော့ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်အောင် လုပ်ထားပြီးတော့မှ စစ်ဗိုလ်တွေကို ကြိုက်တဲ့နေရာမှာ နေရာချထားပေးတာပါ။ (Ruling party recruitement System)ပါ။ အရပ်သားက စစ်ဘက်ကို ကြိုးကိုင်ထားပြီးတော့မှ တပ်ထဲက ကြိုက်တဲ့သူကို စိတ်ကြိုက်ရွေး ယူတာပါ။ စစ်ဗိုလ်တွေကို နိုင်ငံရေးမှာ အံဝင်ခွင်ကျ အသုံးချတာ ဖြစ်ပါတယ်။
    စင်ကာပူရဲ့ ပင်မပါတီကြီးဖြစ်တဲ့ PAP/ People's Action Partyက စင်ကာပူတပ်မတော်က အရာရှိတွေကို ပါတီအတွင်းကို သိမ်းသွင်းလိုက်ပြီး တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်စေတာ ဖြစ်ပါတယ်။ Goh Chok Tong လက်ထက်က စပြီးတော့ SAF က အရာရှိ ကြီးတွေကို နိုင်ငံရေးထဲကို ဆွဲပြီးသုံးတာပါ။ Gen Lee Hsien Loong ဟာ ၂၀၀၄ ထဲကစပြီးတော့ ဝန်ကြီးချုပ်ရာထူးရထားတာပါ။ နိုင်ငံရေးထဲမဝင်မီ ဗိုလ်မှူးချုပ် အဆင့်သာမက သမ္မတ လီကွမ်ယုရဲ့သားလည်း ဖြစ်ပါတယ်။ လက်ရှိကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး  Chan  Chun Sing  ဟာ Maj Gen  ဖြစ်ပါတယ်။ အထက်လွှတ်တော်ဥက္ကဋ္ဌ Tan  Chun Jin ဟာ Bring Gen ဖြစ်ပြီးတော့ Desmond Tan / Ng Chee Meng တို့ဟာ ပါတီနိုင်ငံရေးမှာပါဝင်တဲ့ SAF စစ်ဘက်အရာရှိကြီးတွေ ဖြစ်ကြပါတယ်။
    ဒီမှာ စင်ကာပူရဲ့ ထူးခြားချက်နဲ့လီကွမ်ယုရဲ့ နိုင်ငံရေးလာဘ်မြင်တာကို ပြောရမယ်ဆိုရင် သူဟာ စင်ကာပူတပ်မတော်ကို အနာဂတ်နိုင်ငံရေးခေါင်းဆောင်တွေ မွေးထုတ်ဖို့ လေ့ကျင့်ရေးကွင်း (Leadership Training Ground) တစ်ခုလို အသုံးချသွားတတ်တာပါ။ ကျန်တဲ့နိုင်ငံတွေလို Independent Power Blocs အဖွဲ့မခံဘဲ တိုင်းပြည်အပေါ်သစ္စာရှိမှု (loyalty)၊ စည်းကမ်းကောင်းမွန်မှု (Discipline)၊ (Administrative skills) စီမံခန့်ခွဲနိုင်တဲ့ အရည်အသွေးပြည့်ဝမှုကို စိစစ်ပြီး ဆန်ခါတင် ရွေးချယ်လိုက်ပြီး နိုင်ငံရေးထဲကို ဆွဲသွင်းလိုက်တာပါ။ (Civil Military Fusion) စစ်ဘက်နဲ့ အရပ်ဘက်ကို ဂဟေဆက်ပေးလိုက်ခြင်းဟာ စင်ကာပူနိုင်ငံရေးမှာ ထူးခြားတဲ့ အချက်တစ်ခုဖြစ်ပါတယ်။
    ကျန်တဲ့နိုင်ငံတွေလို ပင်စင်သွားအနားယူမှ မဟုတ်ဘဲ အတွေ့အကြုံ အရည်အသွေး ပြည့်ဝပြီး လုပ်နိုင်ကိုင်နိုင်မည့် အရွယ်ကောင်းမှာ တိုင်းပြည်အတွက် အလုပ်လုပ်နိုင်သေးတာလည်း ဖြစ်ပါတယ်။ စစ်ဘက် အရာရှိတွေ နိုင်ငံရေးတာဝန် ပခုံးပြောင်းထမ်းဆောင်မှုမှာ ချောမွေ့အောင် Controlled Pipeline for Leadership Renewal လို့တောင် ပြောလို့ရပါတယ်။ ဆိုလိုတာကတော့ အာဏာသိမ်းရာက ဆက်ပြီး အုပ်ချုပ်မှု တာဝန်ကိုယူတဲ့ နိုင်ငံတွေမှာတော့ (MiIitary is an Independent Political Actor) စစ်ဘက်က လွတ်လွတ်လပ်လပ် နိုင်ငံရေးတာဝန်ကို ယူလိုက်သလို မြင်စရာဖြစ်ချိန်မှာ Subianto တို့လို၊ Prabowo တို့လို စစ်ဘက်အရာရှိကြီး တွေပဲ တာဝန်ယူထားတာ အင်ဒိုနီးရှားကို (Military still seen as a Power Base)လို့ မြင်ရပါတယ်။ ဒီမြင်ကွင်းမျိုးတွေကို  'မျက်စိဖြဲကြည့်လိုက်မှ အာရှတစ်ခွင်မှာ' ဘာတွေဖြစ်နေတယ်ဆိုတာ မြင်တွေ့ရတာ ဖြစ်ပါတယ်။ အာရှနဲ့အာဆီ ယံတစ်ခုလုံးကိုကြည့်ရင် စစ်တပ်နဲ့ နိုင်ငံရေးကင်းရှင်းတာ ဘယ်နှနိုင်ငံရှိသလဲဆိုတာ တွက်ကြည့်လိုက်စမ်းပါ။ (AI နဲ့လိုက်ရှာကြည့်လိုက်ချိန်မှာ အာရှနိုင်ငံစုစုပေါင်း ၄၉ နိုင်ငံမှာ နိုင်ငံရေး နဲ့လုံးဝကင်းရှင်းတာ ခုနစ်နိုင်ငံ၊ ၂၄ ရာခိုင်နှုန်းပဲရှိပါတယ်၊၊
    နိုင်ငံရေးမှာ ပါဝင်ပတ်သက်တာ ၃၉ နိုင်ငံ၊ ရာခိုင်နှုန်း ၈၀ ရှိပါတယ်။ လှည်းဆွဲတဲ့မြင်းမြင်ကွင်းလို (Tunnel Vision ဘေးနှစ်ဖက် အပိတ်ခံထားရလို့ကတော့ နိုင်ငံရေးစင်မြင့်ပေါ်က စစ်တပ်ကို မနက်ဖြန်၊ သန်ဘက်ခါ အပြီးမောင်းထုတ်ဖို့ YouTube ပေါ်က တစ်ချိန်လုံး ကြုံးဝါးနေတဲ့ ဦးဝင်းမောင်လို ဖြစ်နေမယ် ထင်ပါတယ်။
    ဒီလောက်ရှည်ရှည်ဝေးဝေး ခြေဆင်းနေရတာက စောစောက နီပိန်း၊ နှစ်ဖက်ပိတ်၊ အတင်းမျက်စိမှိတ် ငြင်းနေကြတဲ့လူတွေကို သိစေချင်လို့ပါ။ ဒီလူတွေကို သနားလည်း သနားလို့ပါ။ အနီးစပ်ဆုံး quote လေးကို ရည်ညွှန်းရရင် "Rumours are brought by haters, spread by fools and believed by idiots" ဆိုသလိုပါပဲ။ တပ်မတော်နဲ့ပတ်သက်ပြီး အမုန်းတရားဓာတ်ခံရှိသူတွေက သယ်လာပြီး ငကြောင်တွေက ဖွတာကို ငပိန်း က ယုံကြတော့ ဒီတိုင်းပြည်မှ မပျက်ရင် ဘယ်တိုင်း ပြည်ပျက်တော့မှာလဲ။ ကျွန်တော်ရှေ့က တင်ပြခဲ့သလိုပါပဲ။ စက်တင်ဘာ ၁၇ ရက်မှာ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းတယ်ဆိုရာမှာ အငြိမ်းစား တပ်မတော်အရာရှိတွေ (Retirement to Politics Track) ဆိုတဲ့ နိုင်ငံရေးလောကထဲကို စစ်သားရောက်သွားတာ၊ 'ဒါ မဆလ' ခေတ်ကတည်းက စခဲ့တာပါ။ အထူးအဆန်းမှ မဟုတ်တာ၊ မဆလက စင်ကာပူ PAP လို တောင့်တောင့် တင်းတင်းကာလမှာ 'ကေဒါမြှုပ်နှံရေးမူ'ဆိုပြီး တပ်မတော်အရာရှိတွေကို ပါတီပို့တဲ့ဖြစ်စဉ်တွေ အများကြီးရှိ ခဲ့ပါတယ်။
    တကယ်တော့ အာရှတစ်ခွင်မှာ စစ်သားနိုင်ငံ ရေးလုပ်တဲ့နိုင်ငံ ရာခိုင်နှုန်း ၈၀ က လုပ်နေတာ။ အခုမှ သွေးရူးသွေးတန်း လျှောက်အော်နေတာဟာ၊ အခြေခံကြောင်း တစ်ချက်၊ နှစ်ချက်ပဲ ရှိပါတယ်။ တစ်အချက်က 'ရွေးကောက်ပွဲမဖြစ်မှ'၊ ရွေးကောက်ပွဲဖြစ်ပြီး အရွေးချယ်ခံအစိုးရ (Elected govt) တက်လာ ပြီး Legitimacy ရသွားရင် NUG မြောင်းထဲရောက်ပြီ။ သူတို့မျောက်သစ် ကိုင်းလွတ်ဖြစ်မှာကို သူ့ဟာသူ သိနေပါတယ်။ ဒါကြောင့် ရရာနည်းသုံးမယ်၊ အကြမ်းဖက်ဖို့လည်း ဝန်မလေး၊ မဟုတ်တာ လျှောက် ပြောဖို့လည်း အဆင်သင့်၊ ဘာသိက္ခာ၊ ဘာကျင့်ဝတ်မှ မထိန်းဘဲ သွေးပျက်နေကြတာ တွေ့ရမှာဖြစ်ပါ တယ်။
    ကနေ့ ပြည်သူတွေ၊ အထူးသဖြင့် တိုက်ပွဲတွေကြောင့် လွတ်ရာကို ရှောင်ရတဲ့သူတွေနဲ့ အကြောင်း အမျိုးအမျိုးကြောင့် ပေတေပြီး နေနေရသူတွေရဲ့ အတွေ့အကြုံတွေက ယနေ့ပြည်သူတွေကို အများကြီး နိုင်ငံရေး သင်ခန်းစာပေးလိုက်ပြီ ဖြစ်ပါတယ်။
    တစ်ခေတ်က ဆောင်ပုဒ်လေးကို ပြန်သတိရကြဦးမယ်ဆိုရင် 'ရပ်ရွာအေးချမ်းရေးနှင့် တရား ဥပဒေစိုးမိုးရေးသည် မူလပထမ'ဆိုတာလေးပါ။ လုံခြုံရေးအဖွဲ့ အစည်းတွေက ခေတ္တလက်လွှတ်လိုက် ရတဲ့နေရာတွေမှာ 'တော်လှန်ရေးအင်အားစုတွေလို့ အမည်ခံထားသူတွေ' 'ပြည်သူ့ကာကွယ် ရေးလို့ ပြည်သူကို ကာကွယ်မည့်သူတွေ' ပြည်သူကိုပေးလိုက်တဲ့ အတွေ့အကြုံတွေဟာ ရှေ့မှာ ကျွန်တော်ပြောခဲ့သလို 'တပ်မတော်ဟာ ဘာကြောင့်နိုင်ငံရေးနဲ့ မကင်းရသလဲ'ဆိုတဲ့ အခု စစ်ဘေးရှောင်တွေ နဖူးတွေ့ ဒူးတွေ့ ခံစားနေရတဲ့ ခါးသီးတဲ့ သင်ခန်းစာတွေကြောင့်ပါ။ အရာရာဟာ ခြောက်ပြစ်မကင်းနိုင်ဆို သလို ပိုပြီးကောင်းမွန်တဲ့ ပတ်ဝန်းကျင်ဖန်တီးဖို့က နိုင်ငံ့သားကောင်းတိုင်းရဲ့ တာဝန်ပါ။ အကောင်းတွေထဲက အကောင်းဆုံးကို ရွေးပြီး တိုင်းပြည်ကို တည်ဆောက်ဖို့ Nation Building အတွက် ဘယ်သူ့ကိုမှ အားမကိုးဘဲ စစ်သားတွေက ခံယူချက်အပြည့်နဲ့ ကျရာကဏ္ဍက ဝင် ရုန်းရမှာပါ။
    'အသိမှန်မှ အလုပ်မှန်မှာ ဖြစ်သလို၊ အလုပ်မှန်မှလည်း ရလဒ်မှန်မှာပါ'။
(ဗညားအောင်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၃၆ ) တွင်ပါရှိသော ဆောင်းပါးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 93

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

53571

© 2022 - 2025 News. All Rights Reserved.