န်ကုန်၊ အောက်တိုဘာ ၃၀
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်း အမှတ်(၁၈-အေ)ရှိ စာဆိုဗိမာန် အဆောက်အအုံတည်ဆောက်ရေး လုပ်ငန်းကြီးတစ်ခုလုံး ၂၀၂၅ ခုနှစ်ကုန်ခန့်တွင် ပြီးစီးရေး စီမံချက်ချဆောင်ရွက်ပေးရန် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်က မှာကြား ခဲ့သည်။
အဆိုပါ စာဆိုဗိမာန် အဆောက်အအုံ သုံးထပ်(RC)ဆောက်လုပ်နေမှုများကို အောက်တိုဘာ ၂၇ ရက်က ကြည့်ရှုစစ်ဆေးပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ကုမ္ပဏီမှ တာဝန်ရှိသူများအား တွေ့ဆုံစဉ် လုပ်ငန်းစတင်ဆောင်ရွက်ရာတွင် ခိုင်မာတောင့်တင်းမှုသေချာစေရန် လိုအပ်သည့် စမ်းသပ်စစ်ဆေးမှုများကို အခြေခံဆောင်ရွက်ရန်၊ ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အရည်အသွေးစစ် ဆေးရေးအဖွဲ့၏ စစ်ဆေးမှုဖြင့် စနစ်တကျ ဆောင်ရွက်ရန်၊ လုပ်ငန်းကြီးတစ်ခုလုံး ၂၀၂၅ ခုနှစ်ကုန်ခန့်တွင် ပြီးစီး ရေး စီမံချက်ချ ဆောင်ရွက်ပေးရန် မှာကြားခဲ့သည်။
ထို့အပြင် ရေစီးရေလာကောင်းမွန်ရေးကို သတိထားဆောင်ရွက်ပေးရန်၊ ပင်မအဆောက်အအုံကြီးကို သတ်မှတ်ဒီဇိုင်း၊ အတိုင်းအတာဖြင့် အရည်အသွေး မလျော့စေရန်နှင့် အတွင်းပိုင်းအချော သပ်ပြင်ဆင်မှုများကို ညှိနှိုင်းပြီးကောင်းမွန်အောင် ဆောင်ရွက်ရန်လိုကြောင်း မှာကြားခဲ့သည်။
စာဆိုဗိမာန် သုံးထပ်အဆောက်အအုံ တည်ဆောက်ခြင်း ရတနာပန္နက်တော်တင်မင်္ဂလာအခမ်းအနားကို အောက်တိုဘာ ၉ ရက်က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ဥယျာဉ်ရပ်ကွက် ဗိုလ်မင်းခေါင်လမ်းရှိ စီမံကိန်းမြေနေရာတွင် ပြုလုပ်ခဲ့ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ခဲ့သည်။
နိုင်ငံတော်ဝန်ကြီးချုပ်က အဆောက်အအုံများအား စနစ်တကျတည်ဆောက်သွားရန်နှင့် ရှေးစာဆိုတော်ကြီးများ၏ ခေတ်အလိုက် ပန်းချီများ၊ ဓာတ်ပုံများ၊ ရုပ်တုများကို ကြိုတင်၍ ရနိုင်သလောက် စုဆောင်းထားရှိရန်လိုကြောင်း၊ ဂီတစာဆိုတော်ကြီးများ၏ မှတ်တမ်းများနှင့်ပတ်သက် ၍လည်း ကြိုတင်စုဆောင်းထားရှိရန်လိုကြောင်း၊ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်ကို ဆောင်ရွက်ရာတွင်လည်း စာပေများဖတ်ရှုနိုင်ရန်အတွက် စာဖတ်ခန်းများကို အဓိက ထည့်သွင်း၍ စနစ်တကျဖြင့် ထားရှိသွားရန် စာဆိုဗိမာန် သုံးထပ်အဆောက်အအုံတည်ဆောက်ခြင်း ရတနာပန္နက်တော်တင် မင်္ဂလာအခမ်းအနားကို တက်ရောက်ချီးမြှင့်စဉ် လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ စာဆိုဗိမာန်အဆောက်အအုံကို သုံးထပ်အဆောက်အအုံအဖြစ် တည်ဆောက်သွားမည်ဖြစ်ပြီး တည်ဆောက်ပြီးစီးပါက စာပေဖွံ့ဖြိုးမှုဆိုင်ရာ ဆောင်ရွက်မှု သမိုင်းမှတ်တမ်းဓာတ်ပုံများ၊ စာဖတ်ခန်းနှင့် စာကြည့်တိုက်၊ သမိုင်းဝင် ဂီတအနုပညာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ ပေပုရပိုက်များခင်းကျင်းပြသမည့် ပြခန်းများ၊ သမိုင်းဝင်ကဗျာများ ခင်းကျင်းပြသမည့် ပြခန်းများ၊ စာပေဆုရခဲ့ဖူးသော စာအုပ်စာပေများ ခင်းကျင်းပြသမည့် ပြခန်းများ၊ မြန်မာနိုင်ငံ၌ ထင်ရှားကျော်ကြားခဲ့သည့် ခေတ်သုံးခေတ်မှ စာဆိုတော်ကြီးများ၊ တစ်သက်တာ စာပေဆုရရှိခဲ့ကြသည့် စာပေပညာရှင်များနှင့် ကဗျာဆရာများ၏ ရုပ်တုများထားရှိသည့် ပြခန်းများကို ထည့်သွင်းထားရှိသွား မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ယခင်စာပေဗိမာန်စာ ကြည့်တိုက်သည် စာပေဗိမာန် သုံးထပ်အဆောက်အအုံ၏ ပထမထပ်တွင် တည်ရှိပြီး ယခုတိုးတက်လာသည့် လူဦးရေနှင့် မြို့ပြဖွံ့ဖြိုးမှုအခြေအနေများအရ ယခုအခါ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်ဖြင့် 'အမှောင်ခွင်း၍ အလင်းဆောင်အံ့'ဟူသော စာပေဗိမာန်၏ ဆောင်ပုဒ်နှင့်အညီ နိုင်ငံသားများ အသိဉာဏ်ပညာ တိုးပွားစေရန်၊ မြန်မာစာပေဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေရန်၊ ပြည်သူများ ဗဟုသုတဖြစ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်များ တိုးပွားစေရန်ရည်ရွယ်၍ ယခင်အဆောက်အအုံအား ပြန်လည်ပြုပြင်မွမ်းမံ၍ စာပေဗိမာန် ပြည်သူ့စာကြည့်တိုက်အဖြစ် ပြောင်းရွှေ့ဖြစ်လှစ် သွားမည်ဖြစ်ကြောင်း သိရသည်။ နဒီ