တရုတ်ကောင်စစ်ဝန်ရုံး တိုက်ခိုက်ခံရမှုအပေါ်  ပြင်းထန်စွာရှုတ်ချဟု တရုတ်နိုင်ငံခြားရေး ပြောရေးဆိုခွင့်ရှိသူပြောကြား

ရန်ကုန်၊ အောက်တိုဘာ ၂၃
    မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ရုံးတိုက်ခိုက်ခံရမှုအပေါ် တရုတ်နိုင်ငံမှ ပြင်းထန်စွာရှုတ်ချကြောင်း တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Mr. Lin Jian ကပြောသည်။
    Bloomberg သတင်းဌာန သတင်းထောက်မှ အမည်မသိ တိုက်ခိုက်သူက မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးကို လက်ပစ်ဗုံးပစ်ခတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အပေါ် မေးမြန်းရာတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။ အောက်တိုဘာလ ၁၈ ရက်က မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး၏ လမ်းမဘက်ခြမ်းရှိ ရုံးအဆောင်တစ်ခုသည် ဖောက်ခွဲရေး တိုက်ခိုက်မှုခံခဲ့ရပြီး လူထိခိုက်သေဆုံးမှု မရှိခဲ့သော်လည်း ရုံးဆောင်တချို့တစ်ဝက် ပျက်စီးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    "တရုတ်ဘက်က အဆိုပါတိုက်ခိုက်မှုလုပ်ရပ်ကို အလွန်တုန်လှုပ်မိ၍ ပြင်းထန်စွာရှုတ်ချပါသည်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးတို့က အရေးပေါ်တုံ့ပြန်မှုယန္တရားကို လျင်မြန်စွာ စတင်ခဲ့ပြီး လျင်မြန်စွာ တုံ့ပြန်လုပ်ဆောင်ခဲ့သည်။ တရုတ်နိုင်ငံဘက်က မြန်မာနိုင်ငံဘက်သို့ လေးနက်စွာ အရေးဆိုခဲ့ပြီး မြန်မာဘက်က တိုက်ခိုက်မှုကိစ္စ ရပ်ကို သေချာစုံစမ်းစစ်ဆေး၍ လုပ်ဆောင်သူကို အစွမ်းကုန်ကြိုးပမ်းဖမ်းဆီးကာ တရားဥပဒေနှင့်အညီ ပြင်းထန်စွာပြစ်ဒဏ်ပေးရန် တိုက်တွန်းထားပြီးဖြစ်သည်"ဟု Mr. Lin Jian ပြောသည်။
    အလားတူကိစ္စများ ထပ်မံမဖြစ်ပွားစေရန် မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသံရုံးနှင့် ကောင်စစ်ဝန်ချုပ်ရုံးများ၊ အဖွဲ့အစည်းများ၊ စီမံကိန်းများနှင့်ဝန်ထမ်းများ၏ လုံခြုံရေးအပေါ် ဘက်စုံမြှင့်တင်လုပ်ဆောင်ရန် တိုက်တွန်းထားပြီး မြန်မာဘက်က ကတိကဝတ်နှင့် နိုင်ငံတကာ တရားဥပဒေ တာဝန် ဝတ္တရားများကို ထမ်းဆောင်ပြီး မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းများနှင့် အဖွဲ့အစည်များ၏ လုံခြုံရေး အဓိကတာဝန်ကို လက်တွေ့ကျကျ တာဝန်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
    မန္တလေးမြို့ရှိ တရုတ်ကောင်စစ်ဝန်ချုပ်ရုံး လုံခြုံရေးသတိပေးချက် ထုတ်ပြန်ခဲ့ပြီးဖြစ်ကာ မြန်မာနိုင်ငံရှိ တရုတ်နိုင်ငံသား၊ ကုမ္ပဏီများနှင့် အဖွဲ့အစည်းများက ဒေသတွင်းလုံခြုံရေးအခြေအနေကို ဆက်လက်ဂရုပြုကြ၍ လုံခြုံရေးအစီအမံများ မြှင့်တင်လုပ်ဆောင်ကာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်ထားရန် တိုက်တွန်းထားကြောင်း သိရသည်။ ထူးမြတ်

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43533

© 2022 - 2025 News. All Rights Reserved.