၂၀၂၃ ၊ ဒီဇင်ဘာ ၁၃
ပို့ကုန်မှရရှိသည့် နိုင်ငံခြားငွေများကို အချိန်နှင့်တစ်ပြေးညီ နိုင်ငံတော်အတွက် ပြန်လည် စီးဝင်နိုင်ရေးကို အလေးထား ဆောင်ရွက်ပေးကြရန် ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောသည်။
"ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်တင်ပို့ရာမှာ နိုင်ငံခြားငွေ လက်ဝယ် ပိုမိုရရှိစေရေးအတွက် မြန်မာကျပ်ငွေနဲ့ လဲလှယ်ရမယ့် နိုင်ငံခြားငွေ ပမာဏကိုလည်း ထပ်မံလျှော့ချပေးနိုင်ခဲ့ပါတယ်။ နိုင်ငံတော်ဘက်က ပုဂ္ဂလိက လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားကို အလေးထားပြီးတော့ ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒါကြောင့် လုပ်ငန်းရှင်များအနေနဲ့ ပို့ကုန်မှရရှိတဲ့ နိုင်ငံခြားငွေများကို အချိန်နဲ့ တစ်ပြေးညီ နိုင်ငံတော်အတွက် ပြန်လည်စီးဝင်နိုင်ရေးကိုလည်း အလေးထားဆောင်ရွက်ပေးကြဖို့ ပြောကြားလိုပါတယ်"ဟု ၎င်းကပြောသည်။
ထို့အပြင် ပြည်ပမှ တင်သွင်းနေရသော စားသုံးဆီ၊ စက်သုံးဆီ တင်သွင်းမှုကိုလည်း လိုအပ်သည့် နိုင်ငံခြားငွေကို အတိုင်းအတာတစ်ခုထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရည်ညွှန်းဝယ်၊ လဲလှယ်နှုန်းများနှင့် ခွင့်ပြုပေးလျက်ရှိပြီး နိုင်ငံခြားငွေလဲလှယ်နှုန်းတည် ငြိမ်စေရေးနှင့် နိုင်ငံခြားငွေများ ထိရောက်စွာ အသုံးပြုရေးအတွက် နိုင်ငံခြားသုံးငွေကြီး ကြပ်မှုကော်မတီမှ စိစစ်ခွင့်ပြုပေးလျက်ရှိ ကြောင်း ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်ကပြောသည်။
"ပြည်ပက တင်သွင်းနေရတဲ့ စားသုံးဆီနဲ့စက်သုံးဆီ တင်သွင်းမှုကိုလည်း လိုအပ်တဲ့ နိုင်ငံခြားငွေကို အတိုင်းအတာတစ်ခုထိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ရဲ့ ရည်ညွှန်းဝယ်၊ လဲလှယ်နှုန်းများနဲ့ ခွင့်ပြုပေး လျက်ရှိပါတယ်။ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာ ဌာနများပူးပေါင်းပြီး ဆောင်ရွက်ပေးနေတဲ့အပြင် ကုန်စည်ထွက်ရှိရာ ဒေသများမှ စားသုံး သူလက်ဝယ်သို့ ရောက်ရှိစေရေး၊ သယ်ယူပို့ဆောင်ရာမှာ မလိုအပ်ဘဲ ထိန်းချုပ်မှုမဖြစ်ပေါ်စေရေး ကိုလည်း ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ပြည်သူများ စားဝတ်နေရေး အဆင် ပြေစေရေးအတွက် အခြေခံစားသောက်ကုန် အပါအဝင် ကုန်ဈေးနှုန်းတည်ငြိမ်စေရေးကိုလည်း အလေးထားဆောင်ရွက်ပေးလျက်ရှိပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်း တည်ငြိမ်စေရေးနဲ့ နိုင်ငံခြား ငွေများထိရောက်စွာ အသုံးပြုရေးအတွက် နိုင်ငံခြားသုံးငွေကြီး ကြပ်မှုကော်မတီအနေနဲ့ ပြည်ပမှ တင်သွင်းတဲ့ ကုန်စည်တွေ၊ ပြည်ပသို့ပေးချေရမယ့် ကိစ္စရပ်များနဲ့ပတ်သက်ပြီး လိုအပ်တဲ့ နိုင်ငံခြားသုံး ငွေများကို အထူးစိစစ်ခွင့်ပြုပေးလျက်ရှိပါတယ်"ဟု ၎င်းကပြောသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့်စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည်အသင်းသား စုံညီအစည်းအဝေးအား ဒီဇင်ဘာလ ၉ ရက်က ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းရှိ၊ အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပခဲ့ရာ ဒုတိယဝန် ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် တက်ရောက်၍ မိန့်ခွန်း ပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
ပို့ကုန်ရငွေပမာဏ၏ ရာခိုင်နှုန်း ၅၀ အစား ၃၅ ရာခိုင်နှုန်းကိုသာ ဗဟိုဘဏ် အမိန့်ကြော်ငြာစာ အမှတ် (၁၂/၂၀၂၂ ) ပါ သတ်မှတ်ညွှန်ကြားချက်အတိုင်း မြန်မာကျပ်ငွေနှင့် လဲလှယ်ဆောင်ရွက်ရန် ပြင်ဆင် သတ်မှတ်ကြောင်း ဗဟိုဘဏ်မှ ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။