Breaking

တိုင်းပြည်အရွေ့တွင် လူငယ်မျိုးဆက်များကို ပွဲထုတ်ပေးစေလိုသည့် ကိုယ်စားလှယ်လောင်းများ၏ ရှုမြင်ချက်

၂၀၂၅ ၊ ဒီဇင်ဘာ ၁၈

ဒေါ်ခိုင်ခိုင်ထွန်း (ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ် - ကျားဖြူပါတီ) အင်းစိန်မြို့နယ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း

    ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းက တိုင်းပြည် ဒီအတိုင်း ဆက်သွားလို့မရဘူး၊ တခြားနည်းလမ်းကို ကြည့်တဲ့အခါမှာ ရွေးကောက်ပွဲ နည်းလမ်းရှိတယ်။ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ် ဆိုရင် ရွေးကောက်ပွဲက မဖြစ်မနေ ဖော်ဆောင်ရမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရဲ့အရွေ့တစ်ခုအတွက် ဒီရွေးကောက်ပွဲကို ပါဝင်ရခြင်းဖြစ်တယ်။ ရွေးကောက်ပွဲအလားလာကတော့ အခုလက်ရှိ တည်ဆဲအစိုးရကလည်း လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲဖြစ်အောင် ကျင်းပပေးမယ်လို့ဆိုတယ်။ အဲဒီအတိုင်းသာတကယ်ဆိုရင် တကယ်ကို ကောင်းမွန်တဲ့ရလဒ် ထွက်ပေါ်မယ်လို့ ယုံကြည်တယ်။ အရောင်အသွေးစုံမယ်၊ တိုင်းပြည်ရဲ့ ကြီးမားတဲ့ အရွေ့တစ်ခုဖြစ်တယ်။ အရေးကြီးဆုံးကတော့ ပြည်သူတွေလည်း ယုံကြည်ပြီး မဲပေးဖို့လိုမယ်။ ဒါမှသာ လူထုစိတ်ကြိုက် အစိုးရ ထွက်ပေါ်လာမှာပဲဖြစ်တယ်။ ဒါကြောင့် ပွင့်လင်းမြင်သာပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်ပါစေလို့ မျှော်လင့်ပါတယ်။
    ဒီလိုသာဖြစ်တယ်ဆို မြန်မာကရော၊ ကမ္ဘာကပါ အသိအမှတ်ပြုပြီး တိုင်းပြည်အတွက် ပိုမိုကောင်း မွန်နိုင်ပါတယ်။ မြန်မာနိုင်ငံမှာအမျိုးသမီး ၅၁ ရာခိုင်နှုန်းလောက်ရှိတယ်။ နိုင်ငံရေးထဲ ပါဝင်တဲ့အမျိုး သမီးနည်းပါတယ်။ ဒါ့အပြင် ကိုယ်စားလှယ်အဖြစ် ဝင်အရွေးခံတဲ့ အမျိုးသမီးက ပိုနည်းတဲ့အတွက် ခုလာ မယ့်ရွေးကောက်ပွဲမှာ အမျိုးသမီးကိုယ်စားလှယ် ၁၀၀၀ ကျော်လောက် ပါဝင်လာတာ ကျေနပ်အားရစရာ ဖြစ်တယ်။ အမျိုးသမီးတွေသာ ရွေးကောက်ခံခဲ့ရမယ်ဆိုရင် မတူညီတဲ့အမြင်တွေကို ညှိနှိုင်းပေးနိုင်မယ်။ ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးဖော်ဆောင်ပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ရွေးကောက်ပွဲနိုင်တဲ့ အမျိုးသမီးတွေဟာ လွှတ်တော်ထဲရောက်သွားရင် ဆက်လက်ပြီး ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ လူမှုဖွံ့ဖြိုးရေးကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်သင့်တယ်။ အမျိုးသမီးတွေကိုလည်း သူ့နေရာနဲ့သူ တာဝန်တွေယူစေပြီး တိုင်းပြည်အတွက် အလုပ်လုပ်ခွင့်ရမယ်ဆို ဒီရွေးကောက်ပွဲဟာ အမျိုးသမီးတွေအတွက်ရော၊ တိုင်းပြည်အတွက်ပါ အများကြီး အကျိုးဖြစ်ထွန်းစေ မယ်လို့ လုံး၀ယုံကြည်ပါတယ်။ ပြီးတော့ အခု လူငယ်မျက်နှာသစ်၊ လူငယ်မျိုးဆက်သစ်တွေကို ပွဲထုတ် သင့်တဲ့အကြောင်း ပြောဆိုတာတွေကို ရှိပါတယ်။ ဒါကို လက်ခံတယ်။ ကောင်းတယ်ပေါ့။ မျိုးဆက်သစ်လူ ငယ်တွေဆိုတာ နိုင်ငံရေးလောကမှာ အကြာကြီး လျှောက်လှမ်းသွားနိုင်တယ်။ အများကြီးလည်း တိုင်း ပြည်တာဝန်ကို ထမ်းဆောင်သွား နိုင်တယ်ပေါ့။
    ဒါကို အားပေးထောက်ခံပါတယ်။ ဒါပေမဲ့ စစချင်းမှာ‌တော့ မျိုးဆက်သစ်တွေနဲ့ အခုလက်ရှိ ရှိနေတဲ့ သက်တမ်းတစ်ခု၊ ဝါတစ်ခုရောက်နေတဲ့ ပုဂ္ဂိုလ်တွေနဲ့ ယှဉ်တွဲပြီးသွားတာက ပိုပြီးတော့ ကောင်းမွန်တဲ့ ရလဒ်ကို ရစေနိုင်လိမ့်မယ်လို့မြင်တယ်။ ဘာကြောင့်လဲ‌ဆိုရင် မျိုးဆက်သစ်တွေက တက်ကြွတယ်။ သူတို့ ပညာလည်း ရှိတယ်။ နိုင်ငံရေးကို စိတ်ဝင်စားတယ်၊ ပြောရမယ်ဆိုရင် စိတ်သစ်လူသစ်ဖြစ်တယ်ပေါ့။ ဒါပေမဲ့ တကယ်ကို ရှုပ်ထွေးလှတဲ့ နိုင်ငံရေးထဲကို ဝင်ရောက်လုပ်ကိုင်တော့မယ့် အခါမှာ ကမ္ဘာ့နိုင်ငံရေး၊ မြန်မာ့နိုင်ငံရေးနဲ့ သွားတဲ့အခါမှာ သူတို့ကိုအတွေ့အကြုံရှိတဲ့ ဝါရင့်တွေကလည်း အပြုသဘောဆောင်တဲ့ ထိန်းကျောင်းမှုတွေ လိုအပ်လိမ့်မယ်လို့ ထင်တယ်။ အရင်တုန်းကလိုမျိုး လူငယ်တွေကို လုံး၀ နေရာမပေး တာမျိုး မဟုတ်ဘူး။ လူငယ်တွေကို နေရာပေးရမယ်၊ သို့သော် လူကြီးတွေက အနည်းအကျဉ်းထိန်း ကျောင်းပြီးတော့မှ၊ တူယှဉ်တွဲပြီးတော့မှ လူကြီးနဲ့ လူငယ်မျိုးသစ်တွေ ပေါင်းစပ်ပြီးတော့ သွားတာက ကောင်း မွန်မယ်လို့ မြင်ပါတယ်။

 

ဒေါ်ချိုသဲခိုင် (မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ) ရွှေပြည်သာမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း

    ပါတီစုံဒီမိုကရေစီဖြစ်တဲ့အတွက် လွှတ်တော်ထဲကို ပါတီစုံရောက်စေချင်ပါတယ်။ တစ်ပါတီစိုးမိုး တာမျိုးတော့ မဖြစ်ချင်ပါဘူး။ ကျွန်မကတော့ လွှတ်တော်ရောက်ခဲ့ရင် ပြည်သူလူထုရဲ့ အခက်အခဲ ဒုက္ခတွေကို လွှတ်တော်ထဲမှာ ပြည်သူတွေကိုယ်စား တင်ပြချင်တာ။ ရွေးကောက်ပွဲ အခင်းအကျင်းကနေပြီး ပါတီစုံ မျှော်လင့်တယ်။ ရုပ်ရှင်စကားနဲ့ ပြောရရင် မျက်နှာသစ်တွေ ရှေ့ထွက်စေချင်ပါတယ်။
    ဝါရင့်တွေက လက်တွဲပြီးတော့ မျက်နှာသစ် တွေကို ရှေ့ထုတ်စေချင်တယ်၊ လူထုကို ချပြစေချင်တယ်။ လူပြောင်းပြီးတော့ လောကကြီးကို လူငယ်ရဲ့ အားမာန်နဲ့ ချပြ‌စေချင်တာပါ။ အရွေ့တစ်ခုကို ကျွန်မတို့ ဘယ်လောက်အထိ သွားနိုင်မလဲ။ လူငယ်ရဲ့ခွန်အားနဲ့ နိုင်ငံတော်ကြီးတစ်ခုကို ပါတီစုံကနေ ဘယ်လောက်အထိ လုပ်သွားနိုင်မလဲပေါ့။ လုပ်နိုင်မလဲဆိုတာက လုပ်နိုင်တယ်။ လူငယ်တွေမှာလည်း သူ့အစွမ်းအစနဲ့သူ၊ သူ့စွမ်းအားနဲ့သူ ရှိတယ်။ လူကြီးတွေကနေ ဆွဲခေါ်သွားတာမျိုး၊ အတွေ့အကြုံမရှိတဲ့ သူတွေကို အတွေ့အကြုံတွေပေးပြီး‌တော့ နိုင်ငံရေးအတွေ့ အကြုံကနေ နိုင်ငံတော်ကြီး ဖွံ့ ဖြိုးတိုးတက်ဖို့ ဘယ်ရှုထောင့်ကနေ သွားရမလဲ၊ ဘယ်လို အမြင်တွေနဲ့ ဆွဲခေါ်သွားရမလဲ‌ဆိုတာ လူကြီးတွေလည်း ပါသင့်တယ်၊ လူငယ်ရဲ့အားတွေလည်း ထုတ်သုံးသင့်ပါတယ်။
    လူငယ်ဆိုတာက အတွေးသစ်၊ အမြင်သစ်‌တွေ ရှိတယ်။ နိုင်ငံရဲ့ဖြစ်ပျက်နေတဲ့ အနေအထားမှာ တွေ့ ကြုံခံစားနေရတဲ့ အခင်းအကျင်းအားလုံးကို လူငယ်တွေလည်း အတူတူ ခံစား‌နေရတာဖြစ်လို့ ဒီလူတွေက လွှတ်တော်ထဲ ရောက်လာပြီ‌ဆိုရင် ပြည်သူလူထုရဲ့ ကိုယ်စားအခက်အခဲတွေကို ကူညီဖြေရှင်း နိုင်လိမ့်မယ်လို့ ကျွန်မတို့က ယုံကြည်ပါတယ်။ ဘာကြောင့်လဲဆိုရင် လူငယ်တွေမှာ သူ့အားမာန်နဲ့သူ၊ သူ့အတွေ့အကြုံနဲ့သူပေါ့။ အခု နည်းပညာတွေ တိုးတက်လာတဲ့ အခါကျတော့ လွှတ်တော်ထဲရောက်လာရင် နည်းပညာရှင်တွေ ပါလာမယ်။ ကဏ္ဍအလိုက် ပညာရှင်တွေ သူ့အခန်းကဏ္ဍနဲ့သူ ပါလာမယ်။
    ပြောရမယ်ဆိုရင် လူငယ်အခန်းကဏ္ဍပေါ့။ လူငယ်အခန်းကဏ္ဍ ပြည့်ပြည့်စုံစုံလေး ပါလာတဲ့အခါကျတော့ ဒီလူငယ်တွေဆီကနေ အတွေးသစ်၊ အမြင်သစ်တွေရမယ်။ လူကြီးတွေ တွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံနဲ့ လူငယ်‌တွေရဲ့ အတွေးသစ်၊ အမြင်သစ်နဲ့ ပေါင်းစပ်လိုက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံအတွက် ကောင်းတဲ့ဘက်ကို ဦးတည်သွားပါလိမ့်မယ်။ အခုမြင်နေရတဲ့ အတိုင်းအတာအရ ဒီရွေးကောက်ပွဲက မျိုးဆက်သစ်တွေ တော်တော်များတယ်။ လူငယ်တွေ အားနဲ့မာန်နဲ့ ရွေးကောက်ပွဲ အောင်မြင်အောင် လုပ်နေကြတာကိုလည်း အားရပါတယ်။ ဒီလူငယ်အင်အားစု လွှတ်တော်ထဲရောက်ရင် အရွေ့တစ်ခုကတော့ သေချာပေါက် အရွေ့ကောင်းတစ်ခု ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်မတို့ ပါတီက တောင်သူလယ်သမားပါတီဖြစ်တဲ့အတွက် တိုင်းပြည်အရွေ့အပြောင်းမှာ တောင်သူလယ်သမား ဖွံ့ဖြိုး တိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်မယ်။ ကျွန်မတို့ နိုင်ငံကလည်း စိုက်ပျိုးရေးနိုင်ငံ ဖြစ်တဲ့အခါကျ တော့ တောင်သူလယ်သမား‌တွေရဲ့ဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို ဦးတည်ပြီးတော့ အဓိကလုပ်ဆောင်မှာပါ။ ဒီအခန်းကဏ္ဍကလည်း အဓိကလုပ်ဆောင်မယ့် အချက်ထဲမှာ ပါပါတယ်။
    လက်ရှိ အခြေအနေက တောင်သူလယ်သမားတွေ ခေတ်အဆက်ဆက်မှာ အမေ့လျော့ခံ ဖြစ်နေတယ်။ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးကို လုပ်ဆောင်ပေးဖို့ မေ့လျော့နေတဲ့အခါကျတော့ သူတို့မှာ ရပ်နေလို့လည်းမဖြစ်၊ ရှေ့ဆက်သွားပြန်တော့လည်း ကောင်းသလား‌ဆိုတော့ မကောင်းဘူး။ သူတို့မှာ အကြွေးနွံထဲပဲ နစ်နေတယ်။ စိုက်ပျိုးတဲ့အချိန်မှာ ဈေးတစ်မျိုး၊ သီးနှံထွက်လာချိန်မှာ ဈေးတစ်မျိုးဖြစ်နေတယ်။ ရောင်းရင်တစ်ဈေး၊ ဝယ်ရင် တစ်ဈေး ဖြစ်နေတဲ့အနေအထားမှာ တောင်သူလယ်သမားတွေက များသောအားဖြင့် စိတ်ဓာတ်ကျနေတာကို တွေ့ရတယ်။ ဒီတောင် သူအလုပ်ကိုလုပ်ဖို့ အား မပါတော့ဘဲ နေရပ်စွန့်ခွာလာကြတယ်။ တိုင်းတစ်ပါးတွေ သွားကြတယ်။ အဲဒီအခါမှာ တောင်သူမျိုးဆက် တွေ ပြတ်သွားတယ်။ တောင်သူမျိုးဆက်က အခုလို နိုင်ငံအရွေ့တစ်ခုမှာ မျိုးဆက်သစ်‌ဆိုတာ ရှားသွားတယ်။ အခုက အဘိုးအဘွားတွေက လယ်ယာကို ခင်မင်တဲ့စိတ်နဲ့ လုပ်နေကြတာ။ တကယ်လို့ ဒီအဘိုးကြီး၊ အဘွားကြီးတွေသာ မရှိ‌တော့ဘူးဆိုရင်တောင် သူမျိုးဆက်‌တွေက ပြတ်သွားမယ်။ ဒါကြောင့်လည်း ကျွန်မတို့ပါတီက တောင်သူလယ်သမားတွေဘ၀ မြှင့်တင်ပေးဖို့ ဦးတည်ပါတယ်။

 

ဒေါ်မြတ်ဆုမွန် (တစ်သီးပုဂ္ဂလ) မင်္ဂလာဒုံမြို့နယ်
တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း

    ရွေးကောက်ပွဲဝင်ရတဲ့ အကြောင်းအရင်းကတော့  လက်ရှိအခင်းအကျင်းကို အသက်ရှူကျပ်နေတယ်လို့ ခံစားရတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားကို သုံးသပ်ရင် အသက်ရှူချောင်စေနိုင်မယ့် တစ်ခုတည်းသော လမ်းကြောင်းက ရွေးကောက်ပွဲပါပဲ။ ရွေးကောက်ပွဲဟာ အသိမ်မွေ့ဆုံး အာဏာလွှဲပြောင်းအပ်နှင်းခြင်းဆိုလဲ မမှားပါဘူး။ လက်ရှိအခင်းအကျင်းမှာ ပြည်သူအားလုံးက စီးပွားရေးနဲ့ တရားဥပဒေစိုးမိုးရေး ကဏ္ဍ‌မှာအလူး အလဲခံစားနေကြရတာပါ။ ကုန်ဈေးနှုန်းတွေကကြီး၊ ပုခက်လွှဲသော လက်ပိုင်ရှင်တွေအနေနဲ့ အခုခေတ် အခင်းအကျင်းကြီးမှာ အကျပ်တည်းဆုံးကာလလို့ ပြောရမှာပါ။
    ကျွန်မက အမျိုးသမီးထုကြီးတစ်ရပ်လုံးကို ကိုယ်စားပြုပြီးတော့ ဒီလိုအကျပ်အတည်းတွေက လွတ်အောင် လူထုနဲ့အတူ ဖြေရှင်းကြဖို့ အခု ရွေးကောက်ပွဲကို ဝင်ရောက်အရွေးချယ်ခံရခြင်း ဖြစ်ပါ တယ်။ ကိုယ်တိုင်ခံစားနေရတဲ့ အကျပ်အတည်းတွေကို ကိုယ်တိုင်ဖြေ ရှင်းဖို့ နည်းလမ်းတွေ မျိုးစုံအဖြေ ရှာထားပါတယ်။ ကိုယ်တွေ့ခံစားခဲ့ရတဲ့ လောကဓံတွေကို အကောင်းဆုံးနည်းနဲ့ ဖြေရှင်းသွားမှာပါ။ လူထုအသံ လွှတ်တော်မှာ ညံနေစေဖို့၊ တရားမျှတမှုအားလုံးအတွက် လူထုနဲ့တစ်သားတည်း ရပ်တည်ဖို့၊ အရွေးချယ်ခံဖို့၊ ရွေးကောက်ပွဲဝင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်သူလူထု တကယ်လိုချင်နေတဲ့ လက်တွေ့ကျတဲ့ ဒီမိုကရေစီအရွေ့ကို ပြည်သူနဲ့အတူတကွ ပြောင်းလဲဖို့၊ အရောက်သွားဖို့ မင်္ဂလာဒုံမဲဆန္ဒနယ်မှာ အရွေးချယ်ခံဖို့ ရှိနေပါတယ်။ အမျိုးသမီးထုကြီး အပါအဝင် လူထုကိုယ်စားပြု တရားမျှတမှုအတွက် တရားဥပဒေ စိုးမိုးရေးအတွက် ရဲရဲရပ်တည်သွားမယ်လို့ ပြောချင်ပါတယ်။
    ပြီးတော့ ဒီရွေးကောက်ပွဲအခင်းအကျင်းကနေ မျှော်လင့်တာကတော့ လူထုသာ တက်ညီလက်ညီ မဲပေးကြမယ်ဆိုရင် အတိုင်းအတာတစ်ခုထိ ပြတ်ပြတ်သားသား နိုင်ငံပြောင်းလဲသွားမယ်လို့ မျှော်လင့်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာလည်း လူငယ်တွေမျက်နှာသစ် တွေပါလာစေချင်တယ်။ နိုင်ငံက အတွေးအခေါ်သစ်တွေနဲ့ကောင်းတဲ့ အရွေ့တွေ လိုအပ်နေတယ်လို့ မြင်ပါတယ်။လူငယ်တွေရဲ့ လိုအပ်ချက်ကို လူငယ်တွေကပဲ ပိုသိသလို  ခေတ်နဲ့အညီ လိုက်နိုင်တာကလည်း လူငယ်တွေပဲလို့ မြင်ပါတယ်။ လူငယ်တွေဟာ အခုကတည်းက ပါလာမှသာ ကျွန်မတို့တိုင်းပြည်မှာ နိုင်ငံရေးမျိုးဆက်သစ်တွေရှိလာတော့မှာ ဖြစ်ပါတယ်။ လူငယ်တွေ၊ မျက်နှာသစ်တွေ၊ အရည်အချင်းရှိသူတွေ၊ တစ်သီးပုဂ္ဂလတွေ များများပါလာရင် အရောင်စုံလေ လွှတ်တော်မြိုင်လေမို့ အဆုံးသတ်မှာ မြန်မာပြည်ကြီး ဖွံ့ဖြိုးတိုးတက်တဲ့ အပြောင်းအလဲ အရွေ့တစ်ခုဆီ အရောက်လှမ်းနိုင်မယ်လို့ ယုံကြည်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်(  ) တွင်ပါရှိသော ၂၀၂၅ ရွေးကောက်ပွဲအသံအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

Total Views ~ 8

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

59106

© 2022 - 2025 News. All Rights Reserved.