ပြည်တွင်းကားဈေးကွက်တွင် EV ကားများ ဘက်ထရီ အချိန်ကြာမြင့်စွာ သုံးနိုင်ခြင်းနှင့် ဒီဇိုင်းဆန်းသစ်သောကြောင့် လူငယ်များ အကြိုက်တွေ့နေ

ရန်ကုန်၊ ဒီဇင်ဘာ ၁၁
    ပြည်တွင်းမော်တော်ကား ဈေးကွက်တွင် EV ကားများကို ဘက်ထရီအား ကြာကြာအသုံးခြင်းနှင့် ဒီဇိုင်းပိုင်း ကွဲထွက်ခြင်းကြောင့် လူငယ်များ ပိုမိုစိတ်ဝင်စားလျက် ရှိကြောင့် JMEV ကုမ္ပဏီမှ ဒါရိုက်တာ ဦးမင်းမောင်က ပြောကြားခဲ့သည်။ 
    ဦးမင်းမောင်က " EV ကားက ICE လောင်စာဆီသုံးကားထက်စာရင်တော့ စိတ်ဝင်စားမှု မြင့်တက်လာတာပေါ့။ ဘာကြောင့် မြင့်တက်လာလဲဆိုလို့ရှိရင် အဓိကတော့ ဆီစားသက်သာတယ်။ ပြင်ဆင်စရိတ် သက်သာတယ်။ နောက်ပြီးတော့ သူက Generation တစ်ခုကို ပြောင်းလိုက်တဲ့ပုံစံမျိုး ဖြစ်သွားတယ်။ ဘာကြောင့်လဲဆိုတော့ ICE လောင်စာဆီသုံးကားနဲ့ ကွဲထွက်သွားတဲ့ ပုံစံဒီဇိုင်းလေး တွေရှိတယ်။ အဲဒါ့ကြောင့်မို့ သုံးစွဲတဲ့သူတွေအနေနဲ့ လူငယ်ပိုင်းမှာ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာ တွေ့ရတယ်။ နောက်မြန်မာပြည်မှာ တဖြည်းဖြည်း စိတ်ဝင်စားမှု မြင့်တက်လာတဲ့ အကြောင်းအရင်းကတော့ Charging Station တွေ တိုးလာတယ်။ သုံးစွဲတဲ့အခါမှာလည်း အား တစ်ခါသွင်းပြီးသွားရင် တော်တော်ကြာကြာ သုံးလို့ရတာဆိုတော့ တော်တော်များများ သုံးလို့အဆင်ပြေကြတယ်။ အဲဒါကြောင့်မို့ နောက်ပိုင်း တွင်တွင်ကျယ်ကျယ် သုံးစွဲလာတာဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
    JMEV လျှပ်စစ်ကားသည် ကမ္ဘာ့နာမည်ကြီး JMC ကား၏ နည်ပညာများနှင့် ပေါင်းစပ်ထား ခြင်းဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် စတင်ရောင်းချနေပြီဖြစ်ကြောင်း၊ အဆိုပါ JMEV သည် ယခင်က လုပ်ငန်းသုံး ယာဉ်များ တင်သွင်းရာမှ ယခုအခါတွင် EV ကားများကိုလည်း တင်သွင်းလျက်ရှိသည်။
    "ကျွန်တော်တို့ JMEV က လုပ်ငန်းသုံးယာဉ်တွေ သွင်းရာကနေပြီးတော့ အခုက နိုင်ငံတော်ကနေ EV ကို ပံ့ပိုးကူညီတဲ့ အခါကျတော့ EV ကားတွေ သွင်းရမယ်ဆိုတော့ JMC Brand ကနေပြီးတော့ JMEV ဆိုပြီးတော့ EV Brand ကို သွင်းဖြစ်တာပါ။ JMEV ရဲ့ အားသာချက်တွေကတော့ အဓိကက Economy ပေါ့။ JMEV ရဲ့ Model နှစ်မျိုးကို စတင်ပြီးတော့ Launch လုပ်တာ ဖြစ်ပါတယ်။ EVEASY ဆိုတာကတော့ Luxury Saloon ပေါ့။ နောက်တစ်မျိုးကတော့  EV3 ပေါ့။ EV3 က ဟွန်ဒါဖစ် ဆိုဒ်ဆိုတော့ လမ်းပေါ်မှာ သွားရလာရတာ အသုံးပြုရတာ လွယ်ကူတယ်။ ဆီစားလည်း ချွေတာပြီးတော့ ဆီကားတွေထက် သက်သောင့်သက်သာ ဖြစ်သလို သုံးစွဲရလွယ်ကူတဲ့ Brand မျိုးဖြစ်တာကြောင့် ပိုပြီးတော့ လူကြိုက်များလိမ့်မယ်လို့ ယူဆပါတယ်"ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ 
    EV ကားဈေးကွက်သည် လက်ရှိ တွင် ဈေးကွက်မြင့်တက်လျက်ရှိသော်လည်း EV ကား၏ အခြေခံအကျဆုံးဖြစ်သည့် ဝန်ဆောင်မှုအပိုင်းနှင့် အားသွင်းသည့်အပိုင်းတွင် မီးအားမှန်ခြင်း၊ ဆားဗစ်စင်တာများအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လွယ်လွယ်ကူကူ ပြင်လို့ရခြင်း၊ Charging Station များကိုလည်း နိုင်ငံတော်အနေဖြင့် များများဖွင့်လှစ်နိုင်ရန် ကူညီဆောင်ရွက်ပေးပါက သုံးစွဲသူများ လျင်မြန်တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။   သက်မှူး

Total Views ~ 139

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43363

© 2022 - 2025 News. All Rights Reserved.