မြန်မာနိုင်ငံကူးလက်မှတ် အတုများဖြင့် ပြည်ပ ပို့ဆောင်သူများကို ဖမ်းဆီးရမိ

ရန်ကုန်၊ ဇန်နဝါရီ ၆
    မြန်မာနိုင်ငံကူးလက်မှတ်(အတု)များဖြင့် ထိုင်းနှင့် မလေးရှားနိုင်ငံများသို့ တရားမဝင် အလုပ်သမားပို့ဆောင်သူများအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
    ဖြစ်စဉ်မှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၉ ရက် မွန်းလွဲ ၂ နာရီတွင် ကရင်ပြည်နယ် မြဝတီမြို့ အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတား လုံခြုံရေးပူးပေါင်းအဖွဲ့သည် မြဝတီမြို့မှ ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(TBP)ဖြင့် ထွက်ခွာမည့် သက်နန္ဒာဝင်း ခေါ်ဆောင်လာသည့် တောင်တွင်းကြီးမြို့နယ်နေ မနှင်းအိဖြူပါ အမျိုးသမီးငယ်သုံးဦး အပါအဝင် မြန်မာလူငယ် ၁၁ ဦးထံမှ မြန်မာနိုင်ငံကူး လက်မှတ်အတု ၁၁ အုပ်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ခြင်း ဖြစ်သည်။
    စိစစ်မေးမြန်းချက်များအရ အဆိုပါ ၁၁ ဦးအနက် မနှင်းအိဖြူပါ ကိုးဦးအား ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားမြို့နယ် ၃၇ လမ်း (အထက်)၊ ဒုတိယထပ် အမှတ်(၂၂၀)ရှိ One Asia  အလုပ်အကိုင် ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ နွယ်နီလှိုင်မင်း၊ ဒါရိုက်တာ ခင်မောင်ရွှေ (ခေါ်) ဗလတို့က တစ်ဦးလျှင် ဝန်ဆောင်ခ ငွေကျပ်သိန်း ၈၀ စီရယူ၍ လည်းကောင်း၊ မောင်ကျော်မင်းထွန်းပါ နှစ်ဦးအား ကျောက်တံတားမြို့နယ် အနော်ရထာလမ်းနှင့် (၃၉) လမ်းထောင့် Central Tower တတိယထပ် အခန်း(၃၀၂)ရှိ လျှမ်းထက် ခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ စုမြတ်(ခေါ်) စုမြတ်နန္ဒာဝင်းက တစ်ဦးလျှင် ငွေကျပ်သိန်း ၇၀ စီရယူ၍လည်းကောင်း၊ မြန်မာနိုင်ငံကူး လက်မှတ်အတုများ ပြုလုပ်ပေးကာ မြဝတီမြို့မှတစ်ဆင့် ထိုင်းနိုင်ငံသို့ ပို့ဆောင်၍ ထိုင်းနိုင်ငံမှတစ်ဆင့် မလေးရှားနိုင်ငံသို့ တရားမဝင်လမ်းကြောင်းများမှ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် မြဝတီမြို့မရဲစခန်းမှ နွယ်နီလှိုင်မင်း၊ ဗလနှင့်စုမြတ်တို့ကို ဥပဒေအရ အမှုဖွင့်လှစ် အရေးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
    ဆက်လက်၍ သတင်းရဲတပ်ဖွဲ့က ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ခဲ့ရာ One Asia အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီမှ နွယ်နီလှိုင်မင်း၊ ဗလ၊ လျှမ်းထက်ခရီးသွား ဝန်ဆောင်မှုလုပ်ငန်းမှ ဝဏ္ဏဇော်(ခေါ်)ကိုပေါက်၊ နိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူများဖြစ်သည့် ကမာရွတ်မြို့နယ် အမှတ်(၃) ရပ်ကွက် စေတနာသုခလမ်း အမှတ်(၇၂/၃ လွှာ-စီ)နေ ညိုမင်း၊ လှိုင်မြို့နယ် အမှတ်(၁၆) ရပ်ကွက်၊ မာလာမြိုင်(၉)လမ်း အမှတ်(၁၁/ ၅ လွှာ-ယာ)နေ ဂျွန်ကိုကို (ခေါ်)ဂျွန်ကိုနှင့် ၎င်း၏ ဖခင်ဖြစ်သူ ထွန်းရီ၊ မြန်မာနိုင်ငံကူးလက်မှတ်အတုများကို ဂျွန်ကိုကိုထံ အပ်နှံပြုလုပ်၍ အလုပ် သမားများကို မလေးရှားနိုင်ငံသို့ တရားမဝင်ပို့ဆောင်ပေးသူများဖြစ်သည့် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ လမ်း(၃၀/အထက်)၊ အမှတ် (၂၀၀)နေ စန်းဝင်း(ခေါ်)ရဖီးနှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ ဘုရင့်နောင်လမ်းနှင့် ဗထူးလမ်းသွယ်ထောင့်၊ အမှတ်(၁)နေ သန့်ဇင်ဦးတို့ရှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။
    ဖမ်းဆီးရမိသူများ၏ ထွက်ဆိုချက်များအရ နွယ်နီလှိုင်မင်း၊ ဗလ၊ စုမြတ်၊ စန်းဝင်းနှင့် သန့်ဇင်ဦးတို့သည် မလေးရှား နိုင်ငံရောက် ကျော်စွာဆိုသူက မြန်မာအလုပ်သမားများကို မလေးရှားနိုင်ငံသို့ စေလွှတ်ပေးရန် အလုပ်အပ်နှံမှုအပါအဝင် မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်လို သူများကို စုဆောင်း၍ အခကြေးငွေ ကျပ်သိန်း ၈၀ ရယူပြီး ကျော်စွာအားကျပ် ၁၇ သိန်း၊ ဇော်လင်းပိုင်နှင့် မျိုးလေး(ခေါ်)ဖာ ရွတ်တို့အား ထိုင်းဘတ်ငွေ ၂၀၀၀၀ (မြန်မာ ကျပ်ငွေ ၂၄ သိန်း)စီ၊ အထွေထွေကုန်ကျ စရိတ် ကျပ်နှစ်သိန်းကုန်ကျခဲ့ရာ နွယ်နီလှိုင်မင်းနှင့် ဗလတို့က ကျပ် ၁၃ သိန်း အကျိုးအမြတ်ရယူ၍ မလေးရှားနိုင်ငံနေ မျိုးလေး၏ စီစဉ်မှုဖြင့် မြန်မာနိုင်ငံကူးလက်မှတ်အတု ပြုလုပ်သူ ဂျွန်ကိုကိုထံ အပ်နှံအတုပြုလုပ်၍ လည်းကောင်း၊ မြန်မာနိုင်ငံကူးလက်မှတ်မှ အချက်အလက်များကို ပြုပြင်အတုပြုလုပ်သူ ညိုမင်းထံ အပ်နှံပြုပြင်၍ လည်းကောင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ပြုလုပ်ကာ အလုပ်သမားများကို ရန်ကုန်မြို့သို့ ခေါ်ယူစုစည်း၍ ရန်ကုန်မြို့မှ ခရီးသည်တင်ယာဉ်ဖြင့် မြဝတီမြို့သို့ ပို့ဆောင်ပေးကြောင်း သိရသည်။
    မြဝတီမြို့သို့ ရောက်ရှိပါက ထိုင်းနိုင်ငံ ဘန်ကောက်မြို့နေ ဇော်လင်းပိုင်ဆိုသူ၏ ကိုယ်စားလှယ်ဖြစ်သူ မြဝတီမြို့ အမှတ်(၄)ရပ်ကွက်၊ အောင်မြေရွှေဘိုရပ်နေ သက်နန္ဒာဝင်းက အမှတ်(၁) မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားမှ ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်(TBP)ဖြင့်လည်းကောင်း၊ တရားမဝင်လမ်းကြောင်းများမှ လည်းကောင်း ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ ပို့ဆောင်ကြောင်း၊ မဲဆောက်မြို့သို့ ရောက်ရှိပါက ဇော်လင်းပိုင်က ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (ဘတ်ကတ်)အတုများ ထုတ်ပေးကာ မဲဆောက်မြို့မှ ဘန်ကောက်မြို့သို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင် ကြောင်း သိရသည်။
    ဘန်ကောက်မြို့သို့ ရောက်ရှိပါက မြန်မာနိုင်ငံကူးလက်မှတ်အတုဖြင့် ထိုင်းနိုင်ငံ ပြည်တွင်း လေကြောင်းလိုင်းမှ လေယာဉ် လက်မှတ်ဝယ်ယူ၍ ထိုင်းနိုင်ငံ(တောင်ပိုင်း)ရှိ နရာသီဝမြို့သို့ လေကြာင်းခရီးဖြင့် ပို့ဆောင်ပေးကြောင်း၊ နရာသီဝမြို့သို့ရောက် ရှိပါက မျိုးလေး၏ စီစဉ်မှုဖြင့် မလေးရှားနိုင်ငံ နယ်စပ်ကလန်တန်းမြို့သို့ တရားမဝင်ရေ လမ်းကြောင်းမှ လှေဖြင့်လည်းကောင်း၊ ကလန်တန်းမြို့မှ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့သို့ တရားမဝင်ကုန်းလမ်းကြောင်းမှ မော်တော်ယာဉ်ဖြင့် လည်းကောင်း ပို့ဆောင်ကြောင်း၊ ၎င်းနောက် မလေးရှားနိုင်ငံ ပြည်တွင်း လေကြောင်းလိုင်းများဖြင့် မလေးရှား နိုင်ငံအတွင်း မြန်မာနိုင်ငံကူးလက်မှတ်အတုများ ကိုင်ဆောင်သွားလာ အလုပ်လုပ်ကိုင်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဥပဒေအရ အရေးယူဆောင်ရွက်ထားရှိကြောင်း ထုတ်ပြန်ထားသည်။   ထူးမြတ်

Total Views ~ 119

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43225

© 2022 - 2025 News. All Rights Reserved.