နေပြည်တော်၊ အောက်တိုဘာ ၂၃
လာမည့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွင်း မြန်မာပြည်မှ ပြောင်းဆန်များကို ထိုင်းနိုင်ငံက ဝယ်ယူရန် မျှော်လင့်ထားကြောင်း တာချီလိတ်အခြေစိုက် ပြောင်းဆန် ရောင်းဝယ်လုပ်ကိုင်သူများထံမှ သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ပြောင်းဆန်များဝယ်ယူရာတွင် မီးရှို့ထားသည့် စိုက်ခင်းများမှ ပြောင်းဆန်များကို ဝယ်ယူခြင်းမရှိကြောင်း၊ အလားတူ မြန်မာပြည်က ပြောင်းဆန်များကိုလည်း ထိုနည်းအတိုင်းပြုလုပ်ရန် အစီအစဉ်ရှိနေပြီး ယိုးဒယားဘက်က အဝယ်ကို စောင့်ဆိုင်းနေကြောင်း တာချီလိတ်စက်မှုဇုန် Golden SK ကုမ္ပဏီမှ စိုင်းခမ်းကပြောသည်။
"တာချီလိတ်အထိုင်ကတော့ ယိုးဒယားဘက်ကဖွင့်မှ ကျွန်တော်တို့က ပြောင်းဆန် ရောင်းဝယ်လို့ရမှာ။ အခု မြန်မာနိုင်ငံကို ပိတ်ထားတယ်။ ပြောင်းတင်ပို့တဲ့ ဈေးကွက်က ယိုးဒယားဈေးနှုန်းကို အခြေခံပြီးတော့ အရောင်းအဝယ်လုပ်နေကြတာ။ အခုအချိန် ယိုးဒယားမှာ ဈေးကျနေတယ်။ နောက်နှစ် ၂ လပိုင်းကျရင် ဈေးနှုန်းအပြောင်းအလဲ ဖြစ်နိုင်တယ်။ ဒါပေမဲ့ သူတို့ ဘယ်လိုတင် သွင်းခွင့်ပြုမလဲ စောင့်ကြည့်ရမယ်။ အရင်နှစ်က ဈေးကွက်က အခုအချိန်ကို ဈေးနှုန်းက တာချီလိတ်အနေနဲ့ဆိုရင် မြန်မာပြည်က ဈေးကွက်နဲ့ပဲ ဈေးဖွင့်တာ။ ရန်ကုန်၊ တောင်ကြီး၊ မန္တလေး ဈေးကွက်နဲ့ပဲ ချိန်ဆရတယ်။ ယိုးဒယား ဖွင့်ပေးရင်တော့ တာချီလိတ်ကို လာကြမှာလေ။ မြဝတီလည်း မရနိုင်သေး ဘူး။ ယိုးဒယား ခွင့်ပြုမပြု စောင့်ကြည့်ရမယ်။ ယိုးဒယားပြောင်းကို သူ့ရဲ့စက်ရုံမှာ သွားရောင်းမယ်ဆိုရင် သူရဲ့ကားမှာ GPS တွေ ပါရမယ်။ သွားဝယ်တဲ့ရွာတွေမှာ ခြံတွေမှာ သွားဝယ်မယ်ဆိုရင် သူတို့ကားတွေက GPS ပါမှ။ အဲဒီ GPS က မီးရှို့ဝယ်ထားတဲ့ ပြောင်းစိုက်ခင်းတွေဆိုရင် ဝယ်လို့မရဘူး။ ယိုးဒယားနိုင်ငံအချင်းချင်းကို မရဘူး။ အခြားနိုင်ငံ၊ အခြားစက်ရုံတွေကိုတော့ လက်ခံပြီးဝယ်တာရှိတယ်။ သူ့နိုင်ငံက ပြောင်းကို မဝယ်တာ။ မီးရှို့တဲ့စိုက်ခင်းတွေဆို ဝယ်ခွင့်မရှိဘူး။ သူ့စက်ရုံဝင်မယ့်ကားတွေကို GPS ပါမှ ဝင်ခွင့်ပြု တာ။ ထို့နည်းလည်းကောင်းပဲ ယိုးဒယားက မြန်မာပြည်ကပြောင်းကိုလုပ်ဖို့ အစီအစဉ်ရှိတယ်။ နယ်စပ်ဖြတ်ကျော်တဲ့ မီးခိုးတွေက နောက်လဆို စတော့မယ်။ ချင်းမိုင်တို့၊ ဘန်ကောက်တို့မှာဆိုရင် မီးခိုးတွေက များတယ်။ ကျွန်တော်တို့ တာချီလိတ်တောင် အဲဒီအချိန်ဆို မီးခိုးတွေကြောင့် ဆိုင်ကယ်စီး လို့မရဘူး"ဟု ၎င်းကပြောသည်။
"ဒီနှစ်အခု အချိန်ကစပြီး ပြောင်းတွေ ရိတ်သိမ်းချွေခဲ့ပြီး ကျန်ရှိတဲ့ပြောင်း ပင်တွေ၊ ပြောင်းရိုး တွေကို မီးမရှို့ဘဲမြေသြဇာတွေပြန်လုပ်ဖို့ မြေမြှုပ်ထားတဲ့ ဓာတ်ပုံတွေ Video ဖိုင်တွေသက်သေတွေ ပြနိုင်မှထိုင်းနိုင်ကို တင်သွင်းခွင့်ပြုမယ်လို့တော့သတင်း ရရှိထားပါတယ်။ ထိုင်းနိုင်ငံက ကန့်သတ် ချက်တွေများလာရင် ဗီယက်နမ်ကို ရောင်းကြရမှာပါ။ ခုချိန်မှာ ထိုင်းပြောင်းဈေးတွေ ဆက်တိုက်ကျနေတဲ့အချိန်မှာ ခုကတည်းက အစိုဓာတ် ၁၄ ဒသမ ၅ လောက်နဲ့ ဝယ်လှောင်ထားနိုင်ရင် အကောင်းဆုံးပါ"ဟု ပြောင်းကုန်သည် တစ်ဦးကပြောသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီက ရန်ကုန် ဘုရင့်နောင် ဈေးကွက်တွင် ပြောင်းဆန်တစ်ပိဿာလျှင် ၁၁၈၀မှ ၁၂၀၀ ကျပ်အထိ ပေါက်ဈေးရှိခဲ့သည်။ လာမည့် ၂၀၂၅ ခုနှစ် ပြောင်းရာသီအတွက် ထိုင်းအစိုးရမှ ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်းဆန်များ တင်သွင်းခွင့် ရရှိနိုင်ရန်အတွက် မြန်မာ နိုင်ငံ ပြောင်းစိုက်တောင်သူများအနေဖြင့် ပြောင်းစိုက်ခင်းများအား မီးမရှို့မိစေရန်၊ မီးရှို့မည့်အစား အခြားနည်းလမ်း နည်းစနစ်များ အသုံးပြုစေနိုင်ရန် တာချီလိတ်မြို့ရှိ ရှမ်းအရှေ့ ပြောင်းလုပ်ငန်းအသင်း၏ရုံးသို့ ထိုင်းနိုင်ငံသံအမတ် ဦးဆောင်သည့်အဖွဲ့ဝင်များ ထိုင်းစီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဌာနနှင့် သက်ဆိုင်ရာဌာနမှပုဂ္ဂိုလ်များ လာရောက်ဆွေးနွေးညှိနှိုင်း အကြံပေးခဲ့ကြောင်း သိရသည်။
လာမည့် အောက်တိုဘာ ၂၄ရက် တွင် ရန်ကုန်မြို့ Melia Hotel တွင် မြန်မာနိုင်ငံအတွင်းရှိ မီးရှို့ ထားသောဒေသများနှင့် သစ်တောနယ်နိမိတ်အတွင်း စိုက်ပျိုးထား သောဒေသများမှ ပြောင်းဆန်များကို မဝယ်ယူခြင်းနှင့် နောက်ပြန် ပြည်လည်စိစစ်နိုင်သည့် နည်းစနစ်အား ပူးပေါင်းဆောင်ရွက် ခြင်းစီမံကိန်း သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သတင်းစာရှင်းလင်းပွဲကို တက်ရောက်ရန် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းအသင်းအဖွဲ့ဝင် ကုမ္ပဏီများကို CPP Fertilizer ကုမ္ပဏီမှ ဖိတ်ကြားထားကြောင်း သိရသည်။ ကွန်းဈာန်