၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ၂၀၂၄ ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဟင်းသီးဟင်း ရွက်၊ သစ်သီးဝလံနှင့် ပန်းမန် ပြပွဲ၊ ပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ ၇ ရက်အထိ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရှိ ကန်တော်ကြီး သဘာဝဥယျာဉ် မာလာ မြိုင်ကျွန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပ မည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုး ရေးဦးစီးဌာန တာဝန်ရှိသူတစ်ဦးက"အဓိက ပြည်တွင်းလူမှုစီးပွားနဲ့ စိုက်ပျိုးထုတ်လုပ်သူ တို့ရဲ့ ဝင်ငွေဖွံ့ဖြိုးတိုးတက်လာစေဖို့နဲ့ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်စိုက် ပျိုးထုတ်လုပ်နေတဲ့ ဝါသနာရှင်တွေ ဝင်ငွေတိုးတက်ဖို့ကို ရည်ရွယ်ပြီး ရန်ကုန်တိုင်းဝန် ကြီးချုပ်ဖလားအဖြစ် ဖိတ်ခေါ်ကျင်းပပေးတာ ဖြစ်ပါတယ်"ဟု ပြောကြားခဲ့သည်။
အဆိုပါပွဲတော်တွင် ပြိုင်ပွဲအမျိုး အစားပေါင်း ၂၂ မျိုးပါဝင်ပြီး ပြိုင်ပွဲဝင်များကို ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်ထားကြောင်း၊ ပြိုင်ပွဲအတွင်း သစ်သီးဝလံပြိုင်ပွဲ (တစ်လုံးချင်း)၊ သစ်သီးဝလံပြိုင်ပွဲ(ဥစား)၊ သစ်သီးဝလံပြိုင်ပွဲ(အခိုင်လိုက်)၊ သစ်သီးဝလံပြိုင်ပွဲ (အသီးပါအပင်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ (အရွက်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(အထုပ်)၊ ဟင်းသီးဟင်းရွက်ပြိုင်ပွဲ(အလုံးလိုက်)၊ ဟင်း သီးဟင်း ရွက်ပြိုင်ပွဲ (အသီးပါအပင်)၊ မြေယာရှုခင်းပြိုင်ပွဲ၊ ပြည်ပသစ်ခွပြိုင်ပွဲ(ကတ်တလီယာ)၊ ပြည်ပသစ်ခွပြိုင်ပွဲ (ဗန်ဒါ)၊ ပြည်ပသစ်ခွပြိုင်ပွဲ(ဒန်ဒရိုဗီယမ်)၊ သစ်ခွအခြား အုပ်စုပြိုင်ပွဲ၊ ပြည်တွင်းသစ်ခွပြိုင်ပွဲ၊ အရွက် အလှပင်ပြိုင်ပွဲ(Indoor)၊ အရွက်အလှပင် ပြိုင်ပွဲ(Outdoor)၊ ရာသီပန်းပြိုင်ပွဲ၊ သက်ကြီးပင်ပုပြိုင်ပွဲ(Bonsai) (ခြောက်လက်မနှင့် ၁၀ လက်မကြား)၊ သက်ကြီးပင်ပုပြိုင်ပွဲ(Bonsai) (၁၀ လက်မအထက်)၊ ပန်းအလှပြင်ဆင်ခြင်း ပြိုင်ပွဲ၊ သစ်သီးအလှပြင်ဆင်ခြင်းပြိုင်ပွဲ၊ ပန်းအလှပင်ပြိုင်ပွဲစတဲ့ ပြိုင်ပွဲအမျိုးအစား များ ပါဝင်ကြောင်း သိရသည်။
ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအနေ ဖြင့် ပြိုင်ပွဲဝင်ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်များကို လာမည့်ဒီဇင်ဘာလ ၃၀ ရက် နံနက် ၈ နာရီမှ ညနေ ၅ နာရီ အတွင်း ပြိုင်ပွဲကျင်းပမည့် နေရာသို့ လာ ရောက်ပေးပို့ရမည်ဖြစ်ပြီး မြေယာရှုခင်းပြိုင် ပွဲကို ဒီဇင်ဘာလ ၂၉ ရက်မှ ၃၁ ရက်အထိ အပြီး ပြင်ဆင်ရမည်ဖြစ်ကြောင်း၊ သစ်သီး အလှပုံဖော်ပြိုင်ပွဲကို ဒီဇင်ဘာ ၃၁ ရက် ညနေ ၃ နာရီမှ ၅ နာရီအထိ၊ ပန်းအလှ ပြင်ဆင်ခြင်းပြိုင်ပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁ ရက် နံနက် ၅ နာရီခွဲမှ ၇ နာရီအထိ ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဟင်းသီးဟင်းရွက်၊ သစ် သီးဝလံနှင့် ပန်းမန် ပြပွဲပြိုင်ပွဲကို ရန်ကုန် တိုင်းဒေသကြီးတွင် နှစ်စဉ်ကျင်းပခဲ့ပြီး ၂၀၂၁၊ ၂၀၂၂ ခုနှစ်တွင် ကိုဗစ်-၁၉ ကပ် ရောဂါကြောင့် နှစ်နှစ် ရပ်နားထားခဲ့ရကာ ၂၀၂၃ ခုနှစ်တွင် ပြန်လည်ကျင်းပခြင်းဖြစ် ကြောင်း သိရသည်။