၂၀၂၃ ၊ ဒီဇင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး မီးတိုင်များအတွင်း ရှုပ်ထွေးစွာ သွယ်တန်းထားသော တရားမဝင် ဖိုင်ဘာကေဘယ်လ် ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ရန်ကုန်လျှပ် စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ စတင်ဖယ်ရှား ရှင်းလင်းမှုများ ဆောင်ရွက် နေကြောင်းသိရသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်များပေါ် တွင် တရားမဝင် သွယ်တန်းထားသော ဖိုင်ဘာ ကေဘယ်လ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို မိမိတို့အစီအစဉ်ဖြင့် ဖယ်ရှားပေးရန် ကြို တင်အသိပေး ကြေညာထားပြီး ယခုအခါ ဌာနမှ တရားဝင် ဖယ်ရှားရှင်းလင်းမှုများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်ကို လိုက်နာဆောင်ရွက်မှုမရှိဘဲ တရားမဝင် ဆက်လက်သွယ်တန်းထားသော ဖိုင်ဘာ ကေဘယ်လ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများ စစ်ဆေးဖော်ထုတ် ဖယ်ရှားရှင်းလင်းခြင်းနှင့် တရားဝင်ခွင့်ပြုထားသည့် ဆက်သွယ်ရေး ကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်များ နှင့်အညီ စနစ်တကျ သွယ်တန်းထားခြင်း ရှိ၊မရှိစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ရန်ကုန် လျှပ်စစ်ဓာတ်အားပေး ရေး ကော်ပိုရေးရှင်းပိုင် ဓာတ်တိုင်များပေါ်ရှိ တရားမဝင်သွယ်တန်းထားသော ဖိုင်ဘာ ကေဘယ်လ်ကြိုးများနှင့် ဝိုင်ဖိုင်ကြိုးများကို ဖယ်ရှားရှင်းလင်းခြင်း၊ တရားဝင်ခွင့်ပြုထား သည့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် မြို့တော်အင်္ဂါရပ်နှင့်အညီ စနစ်တကျ သွယ်တန်းထားခြင်းရှိမရှိ စစ်ဆေးကြပ်မတ်ခြင်း များကို သက်ဆိုင်ရာမြို့နယ် လျှပ်စစ်မန် နေဂျာရုံး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာ၊ ဝန်ထမ်းများနှင့် ဆက်သွယ်ရေးကုမ္ပဏီ ဝန်ထမ်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
တရားမဝင် ဝိုင်ဖိုင်ကြိုးများသွယ် တန်းမှုကို ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် ဘုရင့်နောင်လမ်း (ပင်လုံလမ်းနှင့် ဆရာစံလမ်းကြား)၊ လှိုင်မြို့နယ် ရန်ကုန်-အင်စိန်လမ်း၊ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းနှင့် ဗဟန်းမြို့နယ် ကမ္ဘာအေးစေတီ လမ်းတစ်လျှောက်ရှိ ဓာတ်တိုင်များမှ စတင်ဖယ်ရှားရှင်းလင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။