လက်ရှိအကြမ်းဖက်ပဋိပက္ခများ လျှော့ချရပ်စဲပြီး နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသောနည်းဖြင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းဖြေ ရှင်းကြရန် NCA ရေးထိုးထားသော EAO အဖွဲ့များ တိုက်တွန်း

၂၀၂၃၊ အောက်တိုဘာ ၁၆
    လက်ရှိ အကြမ်းဖက်ပဋိပက္ခများကို လျှော့ချရပ်စဲပြီး ယနေ့ရင်ဆိုင်ကြုံတွေ့ နေရသည့် နိုင်ငံရေးအကျပ်အတည်းကို ငြိမ်းချမ်းသော နည်းဖြင့်တွေ့ဆုံဆွေးနွေးညှိ နှိုင်းဖြေရှင်းကြပါရန် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို NCA လက်မှတ်ထားသော  တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အ စည်း (NCA-S EAO ) များက တိုက်တွန်းထားသည်။
    NCA လက်မှတ်ရေးထိုးခြင်း (၈) နှစ်ပြည့်အထိမ်းအမှတ်နှင့်ပတ်သက်၍ အောက်တိုဘာ ၁၅ ရက်က ရခိုင်ပြည်လွတ် မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီအကျိုး ပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုး သားအစည်းအရုံး၊ (KNU)- ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA PC)၊ လားဟူဒီမိုက ရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)၊ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) စသည့် NCA-S EAO ၏ ထုတ်ပြန် ကြေညာချက်တွင် ယင်းသို့ဖော်ပြထားပြီး NCA လက်မှတ်ရေးထိုးခြင်း (၈)နှစ်ပြည့် အခါသမယတွင် သက်ဆိုင်ရာတာဝန်ရှိသူ များအနေဖြင့် နိုင်ငံရေးပြဿနာများကို ဖြေ ရှင်းနိုင်မည့် နိုင်ငံရေးဝန်းကျင်ကို ဖော်ဆောင်သွားရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရ သူများအားလုံး ပြန်လွှတ်ပေးရန်အချက်ကို လည်း ထည့်သွင်းထုတ်ပြန်ခဲ့သည်။
    မိမိတို့ NCA-S EAO များအနေ ဖြင့်လည်း နှစ်ကာလကြာရှည်ခါးသီးစွာ တွေ့ကြုံခံစားလာခဲ့ကြ ရသော လက်နက်ကိုင်ပဋိပက္ခကို အမြန်ဆုံးချုပ်ငြိမ်းစေပြီး အနာဂတ်မျိုးဆက်သစ် ပြည်သူပြည်သား လူငယ်လူရွယ်များအတွက် 'ငြိမ်းချမ်းရေး' အမွေအနှစ်ကို ချန်ထားနိုင်ရန်၊ တရားမျှတမှုနှင့် ဂုဏ်သိ က္ခာရှိမှုတို့အပေါ် အခြေခံပြီး စုပေါင်းတာဝန်ယူမှု၊ တာဝန်ခံမှု၊ ပွင့်လင်းမြင်သာမှုများရှိသည့် NCA အခြေခံသော ညှိနှိုင်းဆွေးနွေးပွဲများမှတစ်ဆင့် လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားကာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်နိုင်သည်အထိ အားလုံးနှင့် အတူမဆုတ်မနစ် ကြိုးပမ်းသွားမည်ဟုလည်း  သန္နိဋ္ဌာန်ပြုခဲ့သည်။
    ထို့အပြင် မြန်မာနိုင်ငံသမိုင်းတွင် ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်က ချုပ်ဆိုခဲ့သည့် တောင်တန်းပြည်မပေါင်း စည်းရေး (ဝါ) ပင်လုံစာချုပ်သည် လွတ်လပ်ရေးကို ဆောင်ကြဉ်းပေးနိုင်သည့် အတွက် အရေးအပါဆုံး စာချုပ်ဖြစ်ခဲ့ကြောင်း၊ ထို့အတူ NCA စာချုပ်သည်လည်း အပစ်အခတ် ရပ်စဲရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပရေးမှသည် ပြည်တွင်းစစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ပြည် ထောင်စု တည်ဆောက်နိုင် ရေးအတွက် ဦးတည်ထားသည့် အရေးပါ သောစာချုပ်တစ်ရပ်ပင်ဖြစ် ကြောင်း၊ Nation Building အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် State Building ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရေးတို့အတွက် အခြေခံအုတ်မြစ်လည်းဖြစ်သည့်အပြင် ယင်းစာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးသူများ၏ ကိုယ်စားပြုမှုအားကောင်းခြင်း၊ နိုင်ငံတကာနှင့် ပြည်တွင်းအသိ သက်သေများ ပါဝင်လက်မှတ်ရေးထိုးထားခြင်းနှင့် ပြည်ထောင်စုလွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားခြင်းတို့ကြောင့် တရားဝင်ဥပ ဒေတစ်ရပ်ကဲ့သို့မှတ်ယူရမည်ဖြစ်ကြောင်း NCA ရေးထိုး ထားသော EAO အဖွဲ့များက ထုတ်ပြန်ထားသည်။
    NCA သဘောတူညီချက်ရရှိရန် နှစ်နှစ်နီးပါး အချိန်ယူဆွေးနွေးခဲ့ကြရပြီး နှစ်ဖက်ညှိနှိုင်းဆွေး နွေးဘက်များအကြား တွေ့ဆုံ ဆွေးနွေးခြင်းအားဖြင့် အဖြေရှာလိုသော အာသီသကိုအခြေခံကာ ရဲရင့်တက်ကြွသည့် အားမာန်များနှင့်အတူ မလျှော့စတမ်း ကြိုးပမ်းခဲ့ကြသဖြင့် NCA စာချုပ်ကိုရရှိကာ သမိုင်းစာမျက်နှာသစ်တစ်ခု ပေါ်ပေါက်စေခဲ့ကြောင်း NCA လက်မှတ်ထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (NCA- S EAO) များက ထုတ်ပြန်ခဲ့သည်။

Total Views ~ 154

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43529

© 2022 - 2025 News. All Rights Reserved.