Breaking

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ယခုနှစ် ဒေသစာရီပြန်လည်ကြွချီတော်မူပြီဖြစ်၍ ယမန်နှစ်များကထက် ဘုရားဖူးခရီးသွားများ ပိုမိုဝင်ရောက်နိုင်

၂၀၂၃ အောက်တိုဘာ ၁၅
    အင်းလေးဒေသ ဖောင်တော်ဦး မြတ်စွာဘုရား ဒေသစာရီမကြွချီခဲ့သည်မှာ သုံးနှစ်တာကာလ ရှိခဲ့ပြီဖြစ်ပြီး ယခုနှစ် အောက်တိုဘာ ၁၅ ရက်မှစတင်ကာ ဒေသ စာရီ ပြန်လည်ကြွချီတော်မူပြီဖြစ်၍ ယမန် နှစ်များထက် အင်းလေးဒေသသို့ ဘုရားဖူး ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း ခရီးသွားဝန်ဆောင်မှု လုပ်ငန်းများမှ သိရသည်။ 
    ယခုနှစ် အင်းလေးဒေသ ခရီးသွားရာသီအစပိုင်းတွင် ယမန်နှစ်များကထက် ဖုရားဖူးခရီး သွားဧည့်သည်များ ပိုမိုဝင် ရောက်လျက်ရှိကြောင်း Thukha Travel မှ တာဝန်ရှိသူ ကိုမောင်မောင်ညွန့်က ပြောသည်။ 
    "ဒီနေ့တော့ ဘုရားကထားပြီဗျ။ ဒေသစာရီကြွချီတာကတော့ သီတင်းကျွတ်လပြည့်ပြီး ၃ ရက်အထိပေါ့ ခင်ဗျ။ ခရီးသွားဝင်ရောက်မှုကတော့ လောလောဆယ် ရာသီအစဆိုတော့ မှန်းရခက်ပါသေးတယ်။ အရင်နှစ် တွေကထက်စာရင်တော့ ခရီးသွားပိုပြီး ဝင်ရောက်နိုင်ပါတယ်။ သီတင်းကျွတ် ပြီးမှပဲ ပြောလို့ရမှာပါ။ လော လောဆယ်တော့ ခရီးသွားတွေ ဝင်သင့်သလောက် ဝင်နေပါတယ်ဗျ။ ဖောင်တောင်ဦးဘုရားက ဒေသစာရီ မကြွတာ သုံးနှစ်ရှိပြီ။ ဒီနှစ်မှပြန်ကြွတာ။ အနယ်နယ်အရပ်ရပ်က ခရီးသွားတွေကို အင်းလေးဒေသကိုလာခဲ့ဖို့ ဖိတ်ခေါ်ချင်ပါ တယ်။ ပွဲတော်ရက်တွေဆို ပျော်စရာကောင်း ပါတယ်"ဟု ၎င်းက ပြောသည်။ 
    အင်းလေးဒေသတွင် ဖောင်တော် ဦးဘုရား ဒေသစာရီကြွချီတော်မူခြင်းအပြင် တန်ဆောင်မုန်း လဆန်း ၁ ရက်တွင်လည်း အင်းအမျိုးသားနေ့ ပွဲတော်များရှိခြင်းကြောင့် ရိုးရာဓလေ့များကို မြင်တွေ့ ရနိုင်ကြောင်း Padonmar Travel  မှ ကိုကျော်သက်အောင် က ပြောသည်။ 
    "ခရီးသွားကတော့ အရင်နှစ်တွေ ကထက်စာရင် ဒီနှစ်အစမှာ ပြန်ရှိလာတယ်။ ခါတိုင်းနှစ် တွေလို Tourism ခေတ်ကောင်း တုန်းကလိုတော့ မရောက်သေးဘူးပေါ့။ ထိုက်သင့်သလောက် ခရီးသွားဝင်ရောက်မှု ရှိပါတယ်ဗျ။ ဖောင်တော်ဦးဘုရားက ဒေသ စာရီကြွချီတာ ၂၁ ဌာနကြွပါတယ်။ ရေလမ်း ခရီးကကြွတဲ့ ခရီးစဉ်တွေကတော့ တချို့ နေရာတွေမှာ ခရီးစဉ် အပြောင်းအလဲလေး တွေတော့ ရှိတယ်။ ဒေသစာရီကြွတာ တစ်ရွာနဲ့တစ်ရွာ ကြွတာပေါ့နော်။ အင်း လေးရေပြင်ကတော့ အရင်နှစ်တွေက ထက်စာရင် နည်းနည်းပိုပါတယ်။ ဆယ်စုနှစ်အ တွင်း ရေနည်းနည်းပိုတယ်ခင်ဗျ။ ကျွန်တော့် အမြင်အရ ဒီနှစ်က ပြည်တွင်းက ခရီးသွား ဧည့်သည်တွေ ပိုများမယ်ဗျ။ ပြီးခဲ့တဲ့သုံး နှစ်ကထက်စာရင် ဒီနှစ်နည်းနည်းပိုမယ်။ နိုင်ငံခြားသားကတော့ ဝင်ပါတယ်။  Travel and Tour အကြီးကြီး တွေကလည်း နားထားတော့လေ။ အဲဒီလိုဆိုတော့ ရှိတော့ရှိတယ်။ အများကြီးမဟုတ်ဘူး။ ပြည်တွင်း ခရီးသွားကတော့ ပိုများတယ်။ တန်ဆောင်မုန်းလဆန်း ၁ ရက်နေ့ကျရင် အင်းအမျိုးသားနေ့ ရှိတယ်ဗျ။ ပွဲတော်ရက်တွေမှာတော့ အင်းလေးဒေသ ရိုးရာဓလေ့တွေ တွေ့မြင်နိုင်ပါတယ်။ လှေလှော်မြင်ကွင်း လေးတွေ၊ ဒေသစာရီကြွတဲ့အခါမှာ တစ်လှေနဲ့တစ်လှေ ကြိုးဆက်ပြီး ပင့်ဆောင်ပူဇော်တဲ့ မြင်ကွင်း လေးတွေ မြင်တွေ့ရနိုင်ပါတယ်။ ဒေသအစား အစာတွေလည်း အစုံအလင် ရှိပါတယ်ခင်ဗျ။ ဖိတ်ခေါ်ပါ တယ်။ လာလည်ကြပါလို့ အင်းလေးကန်ကြီးကလည်း သာယာပါတယ်။ မပြောပြတတ်လို့ဗျ"ဟု ၎င်းက ပြောသည်။ 
    ယခုလ အောက်တိုဘာ ၁၅ ရက်မှ စတင်ကာ အင်းလေးဖောင်တော်ဦးမြတ် စွာဘုရားရှင် ဒေသစာရီ ကြွချီ အပူဇော်ခံခဲ့ပြီး ဘုရားမကြွခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီး ယခုနှစ် ပြန်လည်ကြွချီရာ၌ အင်းလေးရေပြင်သည် လွန်ခဲ့သော ၁၅ နှစ်ခန့်က ပုံမှန်တက်သည့် ရေစံချိန်ကို ပြန်လည်ရောက်ရှိနေ ကြောင်း သိရသည်။ 
    အင်းလေးဖောင်တော်ဦး ရုပ်ရှင် တော်မြတ်သည် သီတင်းကျွတ်လဆန်း ၁ ရက် ၁၅.၁၀.၂၀၂၃ ရက် တနင်္ဂနွေနေ့မှ အစပြု၍ သီတင်းကျွတ်လပြည့်ကျော် ၃ ရက် ၁-၁၁-၂၀၂၃ ရက်အထိ ရှေးအစဉ် အလာတိုင်း အပူဇော်ခံကြွရာက်မည်ဖြစ်ကြောင်း သိရသည်။ 
    ၂၀၂၀ ပြည့်နှစ်မှစတင်ပြီး ကမ္ဘာ  တစ်ဝန်း ပျံ့နှံ့ဖြစ်ပွားခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ အကျိုးသက် ရောက်မှုများသည် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် စီးပွားရေး၊ အသက်မွေးဝမ်းကျောင်းမှုလုပ် ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများအတွက် ထိခိုက်ဆုံးရှုံးမှုများစွာဖြစ်ပေါ်စေခဲ့ပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းဇယား များအရ ခရီးသွားကဏ္ဍမှ အလုပ်အကိုင် ဖန်တီးမှုသည် ရာခိုင်နှုန်း ၇၀ကျော် ကျဆင်း သွားခဲ့ သကဲ့သို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၉ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၅ ဘီလီယံမှ ကပ်ရောဂါကြောင့် ၂၀၂၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၆ ဘီလီယံထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။ 
    ယနေ့အချိန်အခါ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများလျော့နည်းလာပြီး ကမ္ဘာ့ နိုင်ငံအသီးသီးက ပြည်တွင်း၊ ပြည်ပခရီးသွား လုပ်ငန်းများ ပြန်လည်ဆောင်ရွက်လာကြပြီဖြစ်၍ ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းများ အရ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ မတ်လအထိ ပထမသုံးလပတ်ကာလ၌ ကမ္ဘာလှည့်ခရီးသည် ၂၃၅ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှစ်ဆ၊ ကို ဗစ်-၁၉ ကပ်ရောဂါ မတိုင်မီကာလ၏ ရာခိုင်နှုန်း ၈၀ အထိ ရောက်ရှိခဲ့ပြီး တိုးတက်မှုရှိကြောင်း သိရသည်။ 
    မြန်မာနိုင်ငံအနေဖြင့် ၂၀၂၂ ခုနှစ် ဧပြီ ၁၇ ရက်မှ စတင်ကာ နိုင်ငံတကာ လေကြောင်းလိုင်းများ ပြန်လည်စတင်ပြေးဆွဲခွင့်ပြုခဲ့ပြီး ကမ္ဘာလှည့် e-visa ကို မေလ ၂၀ ရက်က စတင်ခွင့်ပြုပေးခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ပြည်ပနိုင်ငံအသီးသီးမှ လေဆိပ်၊ ရေဆိပ်နှင့်နယ်စပ်စသည့် နိုင်ငံတကာဝင် ပေါက်အသီးသီး မှ နိုင်ငံတကာ ခရီးသွားစုစုပေါင်း နှစ်သိန်းကျော် ဝင်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်ကထက် ၄၃ ရာခိုင်နှုန်း ကျော် တိုးတက်ခဲ့ကြောင်း သိရသည်။ 
    ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လအထိ နိုင်ငံတကာခရီးသွားဧည့်သည် ခြောက်သိန်းကျော် ဝင်ရောက်ခဲ့ပြီး အလားတူကာလနှင့် နှိုင်းယှဉ်ကြည့်မည် ဆိုပါက ယခင်နှစ်က တစ်သိန်းကျော်သာ ဝင်ရောက် ခဲ့သည့်အတွက် ခြောက်ဆခန့် တိုးတက်လာ ခဲ့ကြောင်း သိရသည်။ 
    မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း ကဏ္ဍစနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး အတွက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီနှင့် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီ တို့၏ လမ်းညွှန်မှု၊ ဆက်စပ်ဝန်ကြီးဌာနများနှင့် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများ၏ ပံ့ပိုးကူ ညီဆောင်ရွက်ပေးမှုများဖြင့် ဟိုတယ်နှင့်ခရီး သွားလာရေးဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ၂၀၂၃ ခု နှစ် သြဂုတ် ၂၅ ရက်အထိ Enchanting Myanmar Health and Safety Protocol  Website တွင် ဝင်ရောက်လျှောက်ထားသည့် ဟိုတယ် ၅၄၄ လုံးရှိပြီး ယာယီအသိအမှတ် ပြုလက်မှတ်ထုတ်ပေးပြီး ဟိုတယ် ၄၉၃ လုံး ရှိကြောင်း သိရသည်။ 
    ယာယီခွင့်ပြုဟိုတယ် ၄၉၃ လုံးအနက် ၄၅၇ လုံးကို သက်ဆိုင်ရာတိုင်းဒေသ ကြီး၊ ပြည်နယ် မြေပြင်ကွင်းဆင်း စစ်ဆေး ရေးအဖွဲ့များမှ မြေပြင်ကွင်းဆင်းစစ်ဆေး ထောက်ခံတင်ပြလာခဲ့ပြီး အသိအမှတ်ပြု လက်မှတ်ထုတ်ပေးရေး အဖွဲ့ဝင်များ၏ သဘောတူညီချက်ဖြင့် နိုင်ငံအဆင့် အသိ အမှတ်ပြု HSP Plaque  များလည်း ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

Total Views ~ 195

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45060

© 2022 - 2025 News. All Rights Reserved.