ရန်ကုန်၊ အောက်တိုဘာ ၂၃
Global Finance မှ ချီးမြှင့်သည့် 'အကောင်းဆုံးဘဏ်'ဆုကို ယူနိုက်တက်အမရာဘဏ်(UAB)က တတိယအကြိမ်မြောက် ထပ်မံဆွတ်ခူးလိုက်ကြောင်း သိရသည်။ UAB bank သည် Global Finance မှ ချီးမြှင့်သည့် 'အကောင်းဆုံးဘဏ်'ဆုကို ၂၀၂၁ နှင့် ၂၀၂၃ ခုနှစ်များတွင် ရရှိခဲ့သလို ယခု ၂၀၂၄ ခုနှစ်တွင်လည်း တတိယအကြိမ်မြောက်အနေဖြင့် ထပ်မံဆွတ်ခူးရရှိခဲ့ခြင်း ဖြစ်သည်။
"ယခုလို ချီးမြှင့်ခံရတာက Customer တွေ အားလုံးအတွက် အကောင်းမွန်ဆုံးဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေ ပေးသွားမယ်ဆိုတဲ့ UAB Bank ရဲ့ ကတိကဝတ်အတိုင်း လုပ်ဆောင်နိုင်ခဲ့တယ်ဆိုတာကိုလည်း ထင်ဟပ်စေပါတယ်။ အခြားသော အာရှ-ပစိဖိတ်ဒေသတွင်းရှိ နိုင်ငံများတွင်လည်း အကောင်းဆုံးဘဏ်အဖြစ် ဂုဏ်ပြုသတ်မှတ်ခံရသည့် ဘဏ်အသီးသီး ထွက်ပေါ်ခဲ့သလို UAB Bank မှလည်း မြန်မာနိုင်ငံအတွက် 'အကောင်းဆုံးဘဏ်'အဖြစ် သတ်မှတ်ခံခဲ့ရတာဖြစ်ပါတယ်"ဟူ၍ ယူနိုက်တက် အမရာဘဏ်(UAB)က သတင်းထုတ်ပြန် ထားသည်။
ယူနိုက်တက် အမရာဘဏ်(UAB)သည် ယခုကဲ့သို့ မြန်မာနိုင်ငံကိုယ်စားပြုအနေ ဖြင့် 'အကောင်းဆုံးဘဏ်'ဆု ရရှိခဲ့ခြင်းမှာ ၂၀၂၃ ခုနှစ်တွင် ROE Ratio (ငွေကြေးဆိုင် ရာလုပ်ဆောင်ချက်အ ချိုး) ၁၇ ရာခိုင်နှုန်းအထိရရှိခဲ့ခြင်း၊ NPLs (ပြန်ဆပ်ရန်ပျက်ကွက် သောချေးငွေ)ကို ၆ ရာခိုင်နှုန်းအထိ စီမံထိန်းချုပ်နိုင်ခြင်း၊ ESG (ပတ်ဝန်းကျင်၊ လူမှုရေးနှင့် အုပ်ချုပ်ရေးစနစ်) တွင်ပါဝင်သော 'လူမှုရေး' အပိုင်းတွင် ပါဝင်အားထုတ် ဆောင်ရွက်ခဲ့ခြင်း၊ ဆန်လှူပွဲကမ်ပိန်းများ ပြုလုပ်ခဲ့ခြင်း၊ မိဘမဲ့ကလေး ကျောင်းများနှင့် ဘုန်းကြီးကျောင်းများသို့ လှူဒါန်းမှုများ ပြုလုပ်ခဲ့ခြင်း၊ ကျောင်းသားလူငယ်များကို ပညာသင်ဆု အခွင့်အလမ်းများ ဖန်တီးပေးခဲ့ခြင်း၊ အားကစားနှင့် အနုပညာအရည်အသွေးရှိ လူငယ်များကို မြေတောင်မြှောက် ထောက်ပံ့အားပေးခဲ့ခြင်းစသည့် အကြောင်းအရင်းများကြောင့် ဂုဏ်ယူစွာဖြင့် ချီးမြှင့်ခြင်းခံခဲ့ရခြင်း ဖြစ်သည်ဟုလည်း UAB မှ အသိပေးထားသည်။ နဒီ