Breaking

ထိုင်းမှာ အနေကြာတဲ့ စက်ရုံခေါင်းတွေက နစကဆီကို ငွေမလွှဲနဲ့ လွှဲရင် ပြဿနာရှာမယ်‌ဆိုပြီး ခြိမ်းခြောက်တော့ လုပ်သားတွေက မလွှဲရဲကြဘူး . . . . . ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌ ဦးကျော်ဇင်နှင့် ဆက်သွယ်မေးမြန်းခြင်း

၂၀၂၅ ၊ ဇွန် ၁၁

    ကမ္ဘာ့အလုပ်သမားများအဖွဲ့ချုပ် (ILO)၏ မြန်မာနိုင်ငံနှင့်ပတ်သက်သော ဆုံးဖြတ်ချက် အပါအဝင် ပြည်ပလုပ်သားရေးရာကိစ္စ၊ ပြည်ပနိုင်ငံများသို့ တရားမဝင် သွားရောက်နေမှု ကိစ္စတို့နှင့်ပတ်သက်၍ ပြည်ပလုပ်သားအကျိုးဆောင် အေဂျင်စီ တည်ထောင်လုပ်ကိုင်ခဲ့ဖူးသူ ပြည်သူ့အလုပ်သမားပါတီ ဥက္ကဋ္ဌဦးကျော်ဇင်၏ အမြင်သဘောထားများကို ဆက်သွယ် မေးမြန်းထားပါသည်။

TREND ။        ။ မြန်မာနိုင်ငံနဲ့ပက်သက်ပြီး ILO ရဲ့ ဆုံးဖြတ်ချက်က နိုင်ငံရေးအရ ဖိအားပေးလိုသော ဆုံးဖြတ်ထားတဲ့ အချက်အလက် ဖြစ်တယ်။ ဒါကြောင့်  မြန်မာနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့  အလုပ်ရှင်များ၊ အလုပ်သမားများ၊ စီးပွားရေးလုပ်ငန်းများအပေါ် သက်ရောက်မှု မရှိနိုင်ဘူးလို့ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ နိုင်ငံသားတစ်ဦးအနေနဲ့ ILO ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လို မှတ်ချက်ပြုချင်လဲ။
UKZ        ။    ။
ILO ကတော့ အလုပ်သမားအရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့နိုင်ငံကို တောက်လျှောက် ဖိအားပေးနေတာပါ။ အခုမှ မဟုတ်ဘူး။ ဟိုအရင်ကတည်းကပေါ့။ အခု နစက အစိုးရက အာဏာထိန်းပြီး နောက်ပိုင်းမှာတော့ ပြည်သစ်ညွန့်ဝေလေ။ အဓိကကတော့ ပြည်သစ်ညွှန့်ဝေရဲ့ စနက်တွေပေါ့။ ပြည်သစ်ညွန့်ဝေက ILO ကို သြဇာလွှမ်းထားတာ။ ILO နဲ့ သူနဲ့ ရင်းနှီးမှုရှိတယ်။ ILO ဆိုတာလည်း ပွင့်ပွင့်လင်းလင်းပြောရရင် နိုင်ငံတကာမှာ ခွက်လိုက်ခေါက်တဲ့ အဖွဲ့အစည်းပဲ။ အရင်ကတည်းက ကျွန်တော်တို့နိုင်ငံကို မကောင်းမြင် အမြဲတမ်းလုပ်တယ်။ လုပ်ပေးသင့်တာတွေကိုလည်း လုပ်ပေးတာ မရှိပါဘူး။
    ကျွန်တော်တို့ အလုပ်သမားဝန်ကြီးဌာနအနေနဲ့လည်း ILO ရဲ့ ကွန်ဗင်းရှင်း အကုန်လုံးကို လက်မှတ်ထိုးထားတာ မရှိဘူး။ ဒါကြောင့် ဒါက ပြည်တွင်းကို ဘာမှသက်ရောက်မှု မရှိဘူး။ သို့ပေမယ့် ပြည်ပထွက်တဲ့ အလုပ်သမားတွေပေါ့။ ILO နဲ့ အကျွမ်းဝင်တဲ့ နိုင်ငံတွေကိုသွားတဲ့ အလုပ်သမားတွေကတော့ နည်းနည်းထိ ခိုက်မယ်လို့ ထင်ပါတယ်။ အဓိက,ကတော့ အစိုးရက ဘာမှမဖြစ်ပါဘူး။ ပြည်ပအလုပ်သမားတွေအပေါ်မှာတော့ သက်ရောက်မှုရှိမယ်။ အစိုးရအပေါ်မှာတော့ ILO က ဘာမှ သက်ရောက်မှုမရှိပါဘူး။

TREND ။        ။ ပြည်ပလုပ်သား တရားဝင် စေလွှတ်နေမှု အခြေအနေတွေအပေါ် ဘယ်လိုသုံးသပ် မိလဲ။
UKZ        ။    ။
အခုက တရားဝင်လုပ်သားတွေကို မလွှတ်ဘူးမဟုတ် လွှတ်တယ်။ အကန့်အသတ်နဲ့ပဲ လွှတ်နေတာပေါ့။ အဓိကသွားနေတဲ့ နိုင်ငံတွေကတော့ မလေးရှားနဲ့ ထိုင်းပေါ့။ အဲဒီမှာ ထိုင်းကလည်း တရားဝင် မလွှတ်သလို ဖြစ်နေတယ်။ မလေးကလည်း အဲဒီဘက်ကကို အလုပ်ခေါ်စာ မလာဘူး။ အဲဒီအခါကျတော့ တရားဝင် မလွှတ်သလောက်နီးပါး ဖြစ်နေတာပေါ့။အခြေအနေက ပြောရရင် လူဦးရေ ကန့်သတ်ပြီး လွှတ်တာရယ်၊ အသက်ကန့်သတ် လွှတ်တာရယ်၊ ဒါက တရားဝင်ပေါ့။ တရားဝင် ပြည်ပအလုပ်အကိုင် အေဂျင်စီ‌တွေ လွှတ်ရတာ။ အခုက ဘာဖြစ်နေလဲဆိုရင် အိမ်နီးချင်း ထိုင်းကြတော့ အပေါက်တွေက ပိတ်လို့မရတာ။ အဲဒီတော့ တရားမဝင်တွေ သွားကြတယ်။ တရားမဝင် သွားတယ်ဆို တာကလည်း ပွဲစား‌တွေပေါ့။ ပွဲစားတွေက ခေါ်တယ်၊ ဒီမှာ စစ်မှုထမ်းဥပဒေ ကြောက်တာတို့၊ ဘာတို့ပေါ့ဗျာ။ အဲဒါတွေနဲ့ လုပ်သားတွေက သွားတဲ့အခါမှာ ထိုင်းက အထောက်အထားမဲ့ တရားဝင် လုပ်ပေးတာ တွေရှိတယ်။ ထိုင်းနိုင်ငံထဲ ရောက်နေတဲ့ တရားမဝင် လုပ်သားတွေကို တရားဝင် လုပ်ပေးတာ။ အခုကျတော့ လုပ်သားက ရန်ကုန်မှာပဲ ရှိသေးတယ်။ ဟိုမှာ စာရင်းပါနေပြီ။ တရားမဝင်ကို အောက်လမ်းက လွှတ်ပြီးတော့ ဟိုမှာ အထောက်အထားမဲ့ လုပ်သလို ဖြစ်နေတာပေါ့။ အဲဒီတော့ ကျွန်တော်တို့ အစိုးရအနေနဲ့ ကြည့်လို့ရှိရင် အခွန်မရဘူးဗျာ။ အခွန်မရဘူးဆိုတာက လူပို့လို့ရှိရင် အကျိုးဆောင် အေဂျင်စီတွေက အခွန်ပေးရတယ်။ နောက်ပြီးတော့ မိသားစု လွှဲငွေတွေ ရှိတယ်။ အဲဒီအခါ ကျတော့ တရားမဝင် သွားတယ်။ ထိုင်းဘက်ကျတော့ နှစ်နှစ် တရားဝင်လုပ်ပေးတယ်။ ပြီးတော့ ထိုင်းအစိုးရက သက်တမ်းတစ်ခါတိုး ခြောက်လ၊ ခြောက်လတိုးပြီး‌ ပေးတာဆိုတော့ သူ့ဆီမှာတော့ လုပ်သား လိုအပ်ချက်က အဆင်ပြေသွားတယ်။ ကျွန်တော်တို့ နိုင်ငံအတွက်က တော့ နံပါတ်တစ်အနေနဲ့ ပြည်ပကို တရားဝင်ပို့နေတဲ့ အေဂျင်စီက အခွန်နစ်နာတယ်။ နောက်ပြီးတော့ မိသားစုလွှဲငွေ နစ်နာတယ်။ ဒါက အစိုးရက နစ်နာတာ။ လုပ်သားအတွက်ကျတော့လည်း အဲဒီလို သွားတဲ့ အခါကျတော့ တရားမဝင်လုပ်သား ဖြစ်နေတယ်။ နောက်တစ်ခု ကလည်း MoU လုပ်သားလို အခွင့်အရေးတောင်းလို့မရဘူး။ ပို့တဲ့သူမရှိဘူးဗျာ၊ ကိုယ့်ဘာသာသွားကြတယ်။ ပွဲစားက ညစ်ပတ်သမျှ ခံရတယ်။ နောက်ပြီးတော့ ကုန်ကျငွေကလည်း တရားဝင် လုပ်သားထက်ကို ပိုများနေတယ်။ အဲဒီတော့ ကျွန်တော်တို့နိုင်ငံသား ဆင်းရဲသား‌တွေခံရသလို နိုင်ငံတော်အတွက်လည်း အခွန်အများကြီး နစ်နာတယ်။ အဲဒီတော့ တစ်ခု စဉ်းစားမိတာက ဘယ်သူ့ကိုမှတော့ စွပ်စွဲတာ မဟုတ်ပါဘူး။ ဟိုဘက်က အ ထောက်အထားမဲ့တွေကို လုပ်ပေးပါ့မယ်လို့ ပြောတဲ့အချိန်မှာ စေလွှတ်မှုကို ရပ်လိုက်တယ်ဆိုတာမျိုး ကျတော့ တစ်ဦးတစ်ယောက်အတွက်များ အကျိုးရှိနေလို့လားပေါ့ စဉ်းစားမိတာပါ။ နယ်စပ်ကတော့ ပိတ်လို့မရဘူး၊ ဟိုဘက်ကလည်း ခိုးဝင်လာမှာပဲ။ ဒီဘက်ကလည်း ခိုးထွက်နေတာပဲ။‌ နောက်တစ်ခုက မိသားစုလွှဲငွေကိစ္စ၊ နှစ်နှစ် အလုပ်လုပ်တယ်ပေါ့။ ဒီလုပ်သားက အောက်လမ်းကနေ ပြန်လာမယ် ဆိုရင်လည်း ပြန်လာလို့ရတယ်။ သူက နောက်တစ်ခါ မသွားတော့ရင် မိသားစုလွှဲငွေ နစ်နာတယ်။ မိသားစုလွှဲငွေနဲ့ ပတ်သက်ပြီးတော့ တချို့စီးပွား ရေးဖိုရမ်မှာလည်း ပြောကြတာတွေရှိတယ်။ မိသားစု လွှဲငွေကတော့ နိုင်ငံတကာမှာလည်း ရှိတယ်။ နီပေါမှာလည်း ရှိတယ်။ ဖိလစ်ပိုင်တို့မှာလည်း ရှိတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဆီက အစိုးရဒေါ်လာပေါက်ဈေးနဲ့ အပြင်ရဲ့ ပွဲစားဈေးက မတူဘူး ဖြစ်နေတာ အဲဒါလေးကို ကျွန်တော်တို့ နိုင်ငံက ဗဟိုဘဏ်ပညာရှင်‌တွေ အမြတ်ထုတ် လိုက်လို့ရှိရင် အဆင်ပြေမယ်။ ဘာလို့လဲဆိုရင် ထိုင်းမှာတင် ငါးသန်းရှိတယ်၊ တစ်ယောက်ကို ဒေါ်လာ ၂၀၀ ပဲလွှဲဦး။ တစ်လ တစ်လ မိသားစုလွှဲငွေနဲ့တင် ကျွန်တော်တို့နိုင်ငံက တည်ဆောက်ရေး အများကြီး လုပ်လို့ရတယ်လေ။ အဲဒီတော့ ကျွန်တော်တို့ကတော့ စနစ်တကျနဲ့  တရားဝင် စေလွှတ်စေချင်တယ်။
    အဲဒါကျတော့ အလုပ်သမားဝန်ကြီးဌာနနဲ့ တိုက်ရိုက်သက်ဆိုင်သွားတာပေါ့။ အခုက အေဂျင်စီ ပေါင်းကပဲ ၅၀၀ လောက်ရှိတယ်၊ ထိုင်းကို ပို့တာပေါ့။ အဲဒီ ၅၀၀ လောက်မှာ အဲဒါကို လူပို့ခွင့် မရဘူးဆိုရင် အေဂျင်စီတွေ ဘာသွားလုပ်မလဲ။ နောက်ပြီးတော့ ယူထားတဲ့ အာမခံ စပေါ်ငွေတွေရော၊ သူတို့ရဲ့ စည်းမျဉ်း စည်းကမ်းတွေရော အဲဒါကျတော့ အဆင်မပြေဘဲနဲ့ လုပ်သား ပို့နေသူတွေကျတော့ အဆင် ပြေနေတယ်ဆိုတော့ သူတို့မှာလည်း အခွန်ထမ်းတွေနဲ့ တော်တော်ဆိုးတယ်။ မြို့တော်စည်ပင် ပြီးရင် အခွန် အများဆုံးထမ်းတာက အလုပ်သမားပို့တဲ့ အေဂျင်စီတွေလို့ စစ်တမ်းအရတော့ သိရတယ်။

TREND ။        ။ တရားမဝင် သွားရောက်လုပ် ကိုင်နေကြတာတွေက ဘယ်လို အခြေအနေရှိလဲ၊ ဘယ်လို နည်းလမ်းတွေနဲ့လည်း လေ့လာသိရှိရသလောက် ပြောပြပါဦး။
UKZ        ။    ။
တရားမဝင် သွားနေတာတွေကတော့ ကျွန်တော် သိရသလောက်ဆိုရင် အနည်းဆုံး ခြောက်လ ကျော်သွားပြီ။ တစ်နေ့ကို လူရာနဲ့ချီ ထွက်နေတာကို တွက်ကြည့်‌။ နေ့တိုင်းထွက်နေတာ အဲဒါ။ မြဝတီကနေ အများဆုံး ထွက်တာပေါ့။ မြဝတီကနေ တံတားကူးသွားတယ်။ ဟိုဘက်ရောက်တယ်။ အလုပ်ဝင်လုပ်နေတယ်။ ပြီးတော့မှ CI Name List ပါတယ်။ ဘတ်ရိုက်တယ် အဲဒီလိုမျိုးတွေနဲ့ လုပ်နေကြတာ။ ပြီးလို့ရှိရင် ဒီကခေါ်သွားကတည်းကကိုက လိုင်းရိုက်ပြီး ခေါ်သွားတယ်၊ လုပ်သားတွေက သိန်းလေး၊ ငါး၊ ခြောက်ဆယ် ပေးရတယ်။ အနည်းဆုံးတော့ သိန်း ၅၀ ပေးရတဲ့ လုပ်သားတွေ ချည်းပဲ။ အဲဒါက တချို့လိုင်စင်ရ အေဂျင်စီ‌တွေပါ လုပ်နေတာ။

TREND ။        ။ လူငယ်တွေ ပြည်ပကို တရားမဝင်ထွက်ကြတာ‌တွေရှိနေတော့ စနစ်တကျ ထွက်ခွာခွင့်ပြုဖို့၊ မိသားစုလွှဲငွေကိစ္စတွေနဲ့ နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာဝင်ငွေရဖို့ မေလကုန်ပိုင်းလောက်က လုပ်ခဲ့တဲ့ ငလျင်ဘေးအလွန် မြန်မာ့ စီးပွားရေး ပြန်လည်ကုစားခြင်းနဲ့ ပြန်လည် ထူထောင်ခြင်း သုံးသပ်ဆွေးနွေးပွဲ အခမ်းအနားမှာ အကြံပြုဆွေးနွေးသွား ကြတာရှိပါတယ်။ အဲဒီဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုမှတ်ချက်ပြုချင်လဲ။
UKZ        ။    ။
ဆွေးနွေးချက်တွေကတော့ ယေဘုယျအားဖြင့် ကောင်းပါတယ်။ ဒါပေသိ ထဲထဲဝင်ဝင် မသိကြတာများတယ်။ ကျွန်တော်တို့ကျတော့ ဒီ Field ထဲမှာရှိတော့ ထဲထဲဝင်ဝင် သိတယ်ဗျာ။ သူတို့ကတော့ ခြုံငုံပြီးတော့ မိသားစုလွှဲငွေတွေကို အများဆုံးပြောတာပေါ့။ ပြီးတော့ တရားဝင် မလွှတ်တော့ တရားမဝင်တွေ သွားနေကြတယ်ပေါ့။ မိသားစုလွှဲငွေကတော့ ကျွန်တော်တို့ နိုင်ငံအတွက် ဖျောက်လို့ မရဘူး။ နောက်တစ်ခုက စစ်မှုထမ်း ဥပဒေဆိုတာလည်း သူ့အကန့်အသတ်နဲ့ရှိတယ်။ ပြည်ပထွက်သွားလဲ ပြန်ရောက်လာရင် ထမ်းရမှာပဲ။ တစ်ခုတော့ရှိတယ်၊ အောက်ခြေမှာ စစ်မှုမထမ်းချင်ရင် ဘယ် လောက် ဆိုတာမျိုးတွေ၊ ကောလာဟလတွေကြောင့် လူတွေက ထွက်ပြေးတာတွေ များတယ်။ အဲဒီတော့ တရားဝင်က အကန့်အသတ်နဲ့ Bond နဲ့ပေါ့။ ဥပမာ နိုင်ငံခြားသွားမယ်၊ ဟုတ်ပြီသွား ပြန်လာရင်တော့ စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရမယ်ဆိုတာမျိုး အဲဒီလိုမျိုး‌တွေကို အသိပညာပေးတာပေါ့။ အဲဒါကို နယ်တွေကအစ အလုပ်သမားဝန်ကြီးဌာနက လုပ်သား‌တွေကို လုပ်ပေးရင်တော့ အဆင်ပြေသွားလိမ့်မယ်။ မဟုတ်ရင်တော့ အောက်လမ်း ပွဲစားတွေအတွက်ပဲ အဆင်ပြေနေပြီး တိုင်းပြည်အတွက် အများကြီး ဆုံးရှုံးတယ်။ တကယ်လို့ နေ့ချင်းညချင်းဗျာ ကျွန်တော်တို့ ကောင်းသွားပါပြီတဲ့၊ ရွေးကောက်ပွဲ လုပ်ပြီး နိုင်ငံရေး အပြောင်းအလဲဖြစ်ပြီး တော့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု‌တွေ ဝင်လာပါပြီတဲ့ ကျွန်တော်တို့မှာ လုပ်သားရှားပါးမှု ပြဿနာဖြစ်လာနိုင်တယ်။ အခုဆိုရင် ဆောက်လုပ်ရေး လုပ်သား‌ တွေတောင် သိပ်မ ရှိတော့ဘူး။ ပြီးတော့ အခု ရင်းနှီးမြှုပ်နှံမှုမဝင်ဘူးဆိုတာကလည်း ကျွန်တော်တို့ နိုင်ငံအတွင်းမှာ ဖြစ်နေတဲ့ လက်နက်ကိုင် ပဋိပက္ခ တချို့ကြောင့်ပါ။ လက်နက်ကိုင် ပဋိပက္ခတာ မရှိဘူးဆိုရင် တိုင်းပြည်က အများကြီးတိုးတက် သွားမှာပါ။ နောက် စစ်မှုထမ်းဥပဒေ ကန့်သတ်ထားလို့ လုပ်သားတွေ ခိုးသွားကြတယ်ဆိုတဲ့ သဘောမျိုး ဆွေးနွေးတယ်။ တကယ်တော့ စစ်မှုထမ်းဥပ‌ဒေမှာ ကန့်သတ် ထားတာမရှိဘူး။ ပြီးတော့ စစ်မှုထမ်းဥပဒေဆိုတာ နိုင်ငံသားတိုင်း လိုက်နာရမှာ။ ပြီးတော့ မိန်းခလေးတွေဗျာ၊ အခု ခိုးသွားနေတယ်။ မိန်းခလေး စစ်မှုထမ်းခေါ်သေး လို့လားဗျာ။ ပြောရရင်တော့ စစ်မှုထမ်းဥပဒေနဲ့ ပြည်ပထွက်ခွာသွားနေကြတာနဲ့က ဘာမှမဆိုင်ဘူး။ သူ့ဘာသာ ၃၅ မို့လို့ ၄၀ အထိ အလုပ်လုပ်ပြီး ပြန်လာရင်လည်း ထမ်းရမှာပဲ။‌ ဒါကြောင့် အောက်ခြေမှာတော့ ရှင်းရှင်း လင်းလင်းသိ အောင် တာဝန်ရှိသူတွေအနေနဲ့ လုပ်ပေးဖို့လိုတယ်။ လူမှုရေးအဖွဲ့အစည်းတွေ၊ လူမှုဝန်ထမ်းအဖွဲ့အစည်းတွေနဲ့ ရှင်းလင်းပြောပြသင့်တယ်။ အလုပ် သမားဝန်ကြီးဌာန အနေနဲ့လည်း မြို့နယ်တိုင်းကို Announced လုပ်ပေးရမှာပေါ့။ နောက်ပြီးတော့ စစ်မှုထမ်းဥပဒေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် ကောလာ ဟလ လွှင့်နေသူတွေကိုလည်း ထိထိရောက်ရောက် ဖော်ထုတ် အရေးယူသင့်တယ်။

TREND ။        ။ တရားဝင် ပြည်ပအလုပ်အကိုင် အကျိုးဆောင် အေဂျင်စီတွေရဲ့ အခြေအနေ‌တွေကရော ဘယ်လိုအခြေအနေရှိနေလဲ။
UKZ        ။    ။
အခုကတော့ သူတို့မှာလည်း စင်ကာပူတို့၊ ဂျပန်တို့၊ အရှေ့အလယ်ပိုင်း နိုင်ငံလေးတွေပေါ့။ အဲဒီလို ရုံးစရိတ်ကျေ သူတို့လုပ်နေရတယ်လို့ မြင်တယ်။ ဒါက မှန်မှန်ကန်ကန်လုပ်တဲ့ အေဂျင်စီတွေပေါ့။ တချို့ဆိုရင် အလုပ်မရှိလို့ ရုံး‌တောင် ပိတ်ထားရတဲ့ အေဂျင်စီတွေ ရှိတယ်။ ဘာလို့လဲဆိုတော့ သူက ထိုင်းကိုအများဆုံး မှီခိုတာကိုး။ ထိုင်းကျတော့ ပို့ရတဲ့လုပ်သားက များတယ်။ တစ်လကို ၂၀၀၊ ၃၀၀ ပို့နိုင်တယ်။ ဒါပေမဲ့ အခုက ကန့်သတ်လိုက်တာ တစ်လမှ လူ ၅၀ ပို့တို့၊ ဘာတို့ကျတော့ သူတို့မှာ မလုပ်နိုင်တော့ဘူး။ အဲဒီတော့ သူတို့အနေနဲ့လည်း အလုပ် မကောင်းဘူးပေါ့။ စင်ကာပူကို ငါးယောက်၊ ဂျပန်ကို ၁၅ ယောက် အဲဒီလောက်ပဲ သတ်မှတ်တယ်။ အဲဒီအခါကျတော့ သူတို့မှာ လူ ဘယ်လို သွားပို့မလဲ၊ လူအယောက် ၂၀၀ လိုတဲ့ အလုပ်ခေါ်စာလာပြီ ထိုင်းက။ ကုမ္ပဏီလေးခု ခွဲလုပ်ရမလား။ ခွဲလုပ်ဖို့ ကျတော့လည်း ကုမ္ပဏီတွေက တစ်ယောက်နဲ့ တစ်ယောက် လုပ်ပုံကိုင်ပုံ မတူဘူးလေ။ နောက်ပြီးတော့ အလုပ်ခေါ်စာကောင်း ရဖို့ဆိုတာ မလွယ်ဘူး။ အလိမ် အလုပ်ခေါ်စာ တွေသာ များတာ။ ကိုယ့်အလုပ်ခေါ်စာကောင်းကောင်းကို ခွဲပြီး လုပ်ရမယ့်သဘော ဖြစ်သွားတယ်။

TREND ။        ။ နိုင်ငံတော်အခွန်ဘဏ္ဍာ နစ်နာမှုတွေမဖြစ်အောင်နဲ့ လုပ်သားနစ်နာမှုတွေမရှိအောင်  ဘယ်လို စီမံကိုင်တွယ်သင့်တယ်လို့  အကြံပြုချင်လဲ။
UKZ        ။    ။
နိုင်ငံတော်အခွန် မနစ်နာရအောင် ပြည်ပလုပ်သား‌တွေ အခွင့်အရေး။ တန်းတူရအောင်၊ သူ့နိုင်ငံက အလုပ်သမား အခွင့်အရေး အပြည့်အဝရအောင် တရားဝင်လုပ်သား လွှတ်နိုင်ဖို့ များများလိုအပ်တယ်။ နောက်ပြီးတော့ တရားဝင်လုပ်သား လွှတ်တဲ့အခါမှာလည်း သေချာကြီးကြပ်ဖို့ လိုအပ်တယ်။ အခုဟာက ဘာဖြစ်နေလဲဆိုတော့ တရားဝင်လုပ်သားကို ဒီမှာ စာချုပ်ချုပ်တယ်။ ဆောက်လုပ်ရေးကဏ္ဍနဲ့ စာချုပ်ချုပ်တယ်။ ဟိုရောက်တော့ တွေ့တဲ့နေရာ ထိုးထည့်တယ်။ အလုပ်မမှန်သော စာချုပ်တွေပေါ့။ အဲဒါတွေ အများကြီး ဖြစ်လာတယ်။ အမှန်ကတော့ အဲဒါတွေကလည်း အလုပ်အကိုင် ရှားပါးမှုတွေကြောင့်ပေါ့။ ဟိုဘက်မှာ ကျတော့လည်း စက်ရုံတွေက တရားဝင်ခေါ်ရင် လုပ် သားက ပိုပေးရတယ်။ အခွန်ကို ဟိုဆောင်ရတယ်။ အဲဒီ အခါကျတော့ သူတို့က ဒီကအေဂျင်စီတွေနဲ့ ပေါင်းပြီး တော့ Demand ပွဲစားပေါ့၊ အလုပ်ခေါ်စာ ပွဲစားတွေနဲ့ ပေါင်းပြီးတော့ လုပ်ကြတာ။ အဲဒါကို အလုပ်သမား ဝန်ကြီးဌာနက ကြီးကြပ်သင့်တယ်။ သူတို့အခေါ်ကျတော့ R -demand ပေါ့။ Demand ကတော့ ဆောက်လုပ်ရေး၊ ဟိုဘက်ရောက်တော့ တခြားစက်ရုံထဲ ရောက်သွားတာ မျိုးပေါ့။ အခု အဓိကçက ကျွန်တော်တို့ မှီခိုနေတာက ဈေးတတ်နိုင်တာ ထိုင်းနိုင်ငံပဲ ရှိတာကိုး။ ဂျပန်ဆိုရင် သိန်းရာနဲ့ချီ ရှိတယ်။ စင်ကာပူလည်း ဈေးက ရာကျော်သွားပြီ။ ဂျပန်ကတော့ မမေးနဲ့ သိန်း ၂၀၀ ကျော် ဖြစ်မှာပေါ့။ မ‌လေးရှားဆိုရင်တောင် အပြင်ပေါက်ဈေးက  သိန်း ၇၀၊ ၈၀ ရှိတယ်။ အရင်တုန်းက ကျွန်တော်တို့ နိုင်ငံ Market က အများဆုံးက မလေးရှားပေါ့။ အခုက မလေးရှားက ဟိုဘက်ကကိုက ပိတ်ထားတာ၊ ဆောက် လုပ်ရေးလောက်ပဲ လက်ခံတာ။ ဆိုတော့ ထိုင်းကိုပြေးကြတာပေါ့။ ထိုင်းတောင်  သိန်း ၅၀ လောက် ပေးရတာကို။အဲဒီတော့ အခြေခံလူတန်းစား သွားနိုင်တယ်ဆိုတာလည်း ထိုင်းတစ်နိုင်ငံပဲ ရှိတယ်။ အဲဒီတော့ နောက်တစ်ခု ကြီးကြပ်သင့်တာက လုပ်သားတွေအတွက် ကောင်းတယ်၊ အဲဒါက နိုင်ငံ တော်က သတ်မှတ်ထားတာက မြန်မာငွေ သုံးသိန်းနဲ့ ဘတ်တစ်သောင်း၊ အပြင်မှာ ပေါက်နေတာက သိန်းလေးဆယ်ကျော်၊ ငါးဆယ်။ အဲဒါက တရားဝင်သွား တာတောင် အဲဒီလောက်ပေးနေရတာနော်။ အဲဒီအခြေ အနေတွေကလည်း ကြပ်မတ်သင့်တယ်လို့ မြင်တယ်။

TREND ။        ။ နိုင်ငံခြားငွေ ရှာဖွေပေးနေတဲ့ ပြည်ပရောက် မြန်မာလုပ်သားတွေရဲ့ မိသားစုလွှဲ‌ငွေတွေ တရားဝင်ဘဏ်စနစ် မှန်မှန်ကန်ကန်နဲ့ လွှဲကြဖို့ ဘယ်လိုစီမံကိုင်တွယ်သင့်တယ်လို့ အကြံပြုချင်လဲ။
UKZ        ။    ။
ဒါကတော့ Marketing ပေါ့။ Marketing လုပ်ပေးရမှာ။ ဒီလုပ်သားတွေ မသွားခင်ကတည်းက သူတို့က Knowledge ထည့်ပေးရမှာ။ မိသားစုလွှဲငွေ မှန်မှန်ကန်ကန် လွှဲခြင်းအားဖြင့် သူတို့အတွက် ဘာအကျိုးအမြတ် ရနိုင်တယ်ဆိုတဲ့ဟာမျိုး ထည့်ပေးရင် သူတို့လွှဲမှာပါ။ ဘာကြောင့်လဲဆိုတော့ ရိုးရိုးပုဂ္ဂလိက ငွေလွှဲတွေကနေလွှဲပြီး အလိမ်ခံရမယ့်အတူတူဗျာ။ ကျွန်တော်တို့နိုင်ငံက ဘဏ်ကို လွှဲတာ ကတော့ စိတ်အချရဆုံးပေါ့။ ဗဟိုဘဏ်အနေနဲ့ကလည်း ဒီလုပ်သားက ဒီလို ငွေလွှဲထားတဲ့အတွက် နီပေါနိုင်ငံလိုပေါ့။ ပြန်လာရင် သူ့ကို ရင်းနှီးမြှုပ်နှံဖို့အတွက် ငွေထုတ်ချေးတာတို့၊ အခုဆိုရင် ကားသွင်းလို့ရတာတွေ ရှိတယ်လေ။  မိသားစုလွှဲ ငွေက အစိုးရ သတ်မှတ်ထားတာက တစ်ဒေါ်လာ ၂၂၀၀၊ အပြင်က ၄၀၀၀ ကျော် ပေါက်နေတယ်။ မိသားစုလွှဲငွေ အမှန်တကယ် လွှဲတဲ့လူတွေကို အကျိုးစီးပွား တစ်ခုခုနဲ့ ဆွယ်ပြီးတော့ လွှဲခိုင်းရင်တော့ ဒီလုပ်သားတွေ လွှဲမှာပါ။ နောက်တစ်ခုက ဘာဖြစ်နေလဲဆိုတော့ ထိုင်းက စက်ရုံတွေတော်တော်များများက NUG ကို အားပေးကြတာ များတယ်။ အဲဒီက စက်ရုံခေါင်းတွေက နစကဆီကိုမလွှဲနဲ့လွှဲရင် ပြဿနာရှာမယ်‌ဆိုပြီး ခြိမ်းခြောက်တော့ လုပ်သားတွေက မလွှဲရဲကြဘူး ဖြစ်နေတယ်။ တကယ်လို့ "ငါက လွှဲချင်တယ် ဆိုရင်တောင် ဘေးလူက ချွန်မလား" ဆိုတာမျိုးတွေရှိနေတော့ လုပ်သားတွေမှာ အဲဒီလို ပြဿနာတွေ ရှိတယ်။ မိသားစု လွှဲငွေတွေကို တရားဝင် မလွှဲတဲ့အခါကျတော့ ထိုင်းဘက်မှာက  တစ်လကို အလှူငွေ ဘယ်လောက်ပေးဆိုတဲ့ စက်ရုံတွေ ရှိသေးတယ်။ ဒါ ကျွန်တော်ကြားတာပေါ့။ ဥပမာ လုပ်သားတစ်‌ယောက် တစ်လကိုဘတ် ၁၀၀ ပဲ လှူဦး၊ စက်ရုံ တစ်ရုံ၊ တစ်ရုံဆိုရင် လူ လေး၊ ငါးရာရှိတာကိုး။ အဲဒီလိုမျိုးတွေ ကောက်ကြတာ။ ကောက်ပြီးတော့ အလှူငွေထည့်တယ်ဆိုတာမျိုးလည်း သူတို့လုပ်နေကြတယ်။ အဲဒါတွေကို ကျွန်တော်တို့နိုင်ငံက ထိန်းချုပ်ဖို့ကတော့ အလှမ်းဝေးတာပေါ့။ ထိုင်းအစိုးရကျတော့လည်း သူ့အတွက် အကျိုးရှိတဲ့အလုပ်ပဲ သူလုပ်တယ်။ လုပ်သားဆီက အခွန်ရပြီးသား။ ကျွန်တော်တို့နိုင်ငံ ကောင်းတာ၊ မကောင်းတာ သူ့အလုပ် မဟုတ်ဘူး။ သူ့နိုင်ငံရဲ့ စက်ရုံတွေ အလုပ်သမား ဖူလုံတယ်ဗျာ၊ သူ့အလုပ် ပြီးမြောက်တယ်ဗျာ။ နောက်တစ်ချက်က သူ့တို့မှာလည်း အများစုက နိုင်ငံသားပိုင် စက်ရုံတွေမှ မဟုတ်တာဗျာ။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေပဲ။ သူတို့က နှစ်ဖက်စား ရနေတာပေါ့။ မြေငှား စားနေတာ ပါပဲ။ ထိုင်းဆိုတာက အလုပ်လုပ်လို့ ကောင်းတဲ့နေရာ မဟုတ်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ မြန်မာကိုလည်း မတရားနှိမ်တဲ့နိုင်ငံ။ ကျွန်တော်တို့မှာ အဲဒီလို မရှိတဲ့အခါကျတော့ နစ်နာမှုက ပိုများနေတာပေါ့။ တကယ်လို့ ကျွန်တော်တို့နိုင်ငံက အလုပ်သမားမပို့ရင် အဲဒီနိုင်ငံတွေ ဘာမှလုပ်လို့ မရဘူး။ အဲဒါ‌တွေကြောင့် အစိုးရက ထိန်းချုပ်ဖို့ဆိုတာက တရားဝင်လုပ်သားများများပို့မှ လွှဲလို့ရမယ်။ အခုက တရားဝင်က အများဆုံးရှိရင် နှစ်သန်းပဲ၊ တရားမဝင်က သူ့ထက် များတယ်၊ သုံးသန်း ကျော်တယ်။ စာရင်းမရှိတဲ့ လုပ်သားကို ထိန်းချုပ်လို့မရဘူး။ နီပေါမှာဆိုရင် မိသားစုလွှဲငွေ လွှဲရ တယ်ဗျာ။ နီပေါနိုင်ငံကို ပြန်လွှဲလို့ရှိရင် အဲဒီငွေကို Saving တစ်လထားတယ်ဗျ။ ထားပြီးရင် နောက်လ ကစပြီး မိသားစုကို မှန်မှန်ကန်ကန် ထုတ်ပေးတယ်။ နောက် အဲဒီလုပ်သား ပြန်လာလို့ရှိရင် ကျွန်တော်တို့ မြန်မာနိုင်ငံက တာဝန်ရှိသူတွေ လုပ်နေတဲ့ SME လိုမျိုး အသေးစား၊ အလတ်အစား စက်မှုလုပ်ငန်း လုပ်ချင်တယ်ဆိုရင် အဲဒီ နီပေါဘဏ်က ပိုက်ဆံထုတ်ချေးပေးတယ်။ အဲဒီလိုပုံစံမျိုး အကျိုးစီးပွား တစ်ခုခုနဲ့ ဆွယ်ပြီးတော့ လုပ်ပေးရင် လုပ်သားတွေက အစိုးရဘဏ်တွေဆီကိုပဲ ပိုက်ဆံပြန်လွှဲမှာ ကျိန်းသေတယ်။ ဥပမာ သင်္ဘောသားတွေဆိုရင် EV ကား ဘာညာရှိတယ်လေ။ အဲဒါမျိုး အခွင့်အရေး လေးတွေ ပေးလို့ရှိရင် ဒီလုပ်သားက လွှဲပါတယ်ဗျ။

TREND ။        ။ မြန်မာလုပ်သားတွေ မိသားစုလွှဲငွေကိစ္စမှာ အခက်အခဲဖြစ်နေတာက ဘယ်လို အခြေအနေမျိုးလဲ။
UKZ    ။        ။
အဲဒီမှာက အနေကြာ စက်ရုံအလုပ်သမားခေါင်းတွေ ရှိတာပေါ့။ ထိုင်းလိုဆိုရင် ဝဏ္ဏလို့ ခေါ်တာပေါ့။ မြန်မာလိုကျတော့ အလုပ်သမားခေါင်းပေါ့။ အဲဒါတွေက အနီကြောင်တွေ များတယ်။ အဲဒီလူတွေရဲ့ စည်းရုံးသိမ်းသွင်းမှု‌ပေါ့။ ပြီးတော့ ကျွန်တော်တို့  မြန်မာအလုပ်သမားအများစု အသိပညာရေး အားနည်းတယ်။ ဆွယ်ရင် ပါတယ်။ အ‌ခြေအနေမှန်ကိုလည်း မသိကြဘူး။ လုပ်သားတွေက အသိပညာ နည်းတယ်ဗျာ။ ဟိုဘက်ရောက်တော့ ဆွယ်တဲ့အထဲပါသွားတော့ တိုင်းပြည်အတွက် မကောင်းဘူး။ ကျွန်တော်တို့ရမယ့် နိုင်ငံခြားဝင်ငွေတွေက တစ်ဖက်က ဆန့်ကျင်ဘက်အဖွဲ့ အစည်း တွေ ရကုန်တာပေါ့။ ပြီးတော့ အွန်လိုင်းမှာ ကတော့ သူတို့ဘက်က သတင်းတွေက အားများနေတယ်။ အဲဒါကြောင့်မို့လို့လည်း ဟိုမှာ ပန်ဆယ်လိုတို့ ချမ်းသာကုန်တာပေါ့။ အဖြစ်အမှန်ကို မသိရတဲ့အခါကျတော့ အဲဒီဘက်မှာက ဟိုဘက်ကို လှူတို့၊ ဟိုဘက်က ထီကိုထိုးတို့ အဲဒါမျိုးတွေ လုပ်တဲ့အခါကျတော့ ဆွယ်တော့ ပါသွားကြတဲ့ သဘောပါ၊ ဒါပါပဲ။ 

TREND ။        ။ ပြည်ပလုပ်သားရေးရာကိစ္စ၊ လုပ်သားတရားဝင်စေလွှတ်ရေးနဲ့ နိုင်ငံခြားငွေနဲ့ ပတ်သက်ပြီး နိုင်ငံတော်အတွက် ရသင့်ရထိုက်တဲ့ အခွန်ဘဏ္ဍာဝင်ငွေတွေ ရရှိစေဖို့ ဖြည့်စွက် အကြံပြုပြော ကြားပေးပါဦး။
UKZ    ။        ။
ဖြည့်စွက်ပြောချင်တာက အမှန်ကတော့ ပြည်ပလုပ်သားတင် မကပါဘူး ပြည်တွင်းက လုပ်သားတွေရဲ့ လူမှုဘဝအတွက်ဆိုရင် ကျွန်တော်တို့နိုင်ငံ မီးမမှန်ဘူးလို့၊ လမ်းပန်းဆက်သွယ်ရေး မကောင်းဘူးလို့ ပြောနေတာတွေက အလကားပါဗျာ။ ကျွန်တော်တို့မှာ ကျန်တဲ့ အရင်းအမြစ်တွေ အကုန်ရှိပါတယ်။ လုပ်သားရှိတယ်၊ မြေရှိတယ်။ အဲဒီလို အခြေအနေမှာ ကျွန်တော်တို့နိုင်ငံကို ရင်းနှီးမြှုပ်နှံမှုတွေ မလာတာလဲဆိုရင် ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ မလာအောင်လုပ်တဲ့ အဖွဲ့ကလည်း လုပ်နေသလို၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ဆူပူမှုတွေကြောင့် တိုင်းပြည်က တိုးတက်သင့်သလောက် မတိုးတက်တာ။ ကျွန်တော်တို့မှာက Resources တွေ အကုန်လုံး ရှိပါတယ်။ ကျွန်တော်တို့နိုင်ငံက အများကြီး ချမ်းသာချင်ရဲ့နဲ့ ဆင်းရဲနေတာသည် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ပါ။ နောက် ကျွန်တော်တို့ နိုင်ငံဆင်းရဲနေရတာဟာ မူဝါဒမှားခဲ့တာတွေရယ် အမေကျော် ထွေးတော် လွမ်းခဲ့တာတွေရယ် ကြောင့်ပါ။ ကျွန်တော်တို့နိုင်ငံမှာ Resources ဆိုတာ အများကြီး ရှိပါတယ်။ ထိုင်းတို့၊ မလေးတို့နိုင်ငံတွေထက် ကျွန်တော်တို့မှာ အများကြီး ရှိတယ်။ ဒါကြောင့်လည်း ကျွန်တော်တို့ကတော့ ပြည်ပကို အားမပေးပါဘူး၊ ဒါ အမှန်ပြောတာပါ။ တိုင်းပြည်ချစ်လို့ ပြည်ပကိုသွားတာ အားမပေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့ နိုင်ငံသားတွေက သူများမလုပ်ချင်တဲ့ အလုပ်ကိုသွား လုပ်ကြရတာ များပါတယ်။ မိန်းကလေးတွေဆိုရင် ပိုဆိုးတာပေါ့ဗျာ။ ဟိုမှာ အကာအကွယ်မဲ့တာတွေ အများကြီးရှိတာပဲ။ ဒါကြောင့် ကျွန်တော်တို့က ပြည်ပလုပ်သားကို အားမပေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့နိုင်ငံမှာ စက်ရုံ၊ အလုပ်ရုံတွေ နည်းပါးသေးတဲ့ အချိန်မှာတော့ ကျွန်တော်တို့ နိုင်ငံသားတွေဗျာ။ ဗဟုသုတ များမယ်၊ သာမန် Worker ကနေ semi-skilled worker ဖြစ်ဖို့ လွှတ်တာကို ကျွန်တော်တို့က နားလည်ပေးပါတယ်။ ဒါကြောင့်လည်း တရားဝင်လုပ်သားတွေကိုလည်း နိုင်ငံတော်က ကြပ်ကြပ် မတ်မတ်နဲ့၊ စနစ်တကျနဲ့ မှန်မှန်ကန်ကန် လွှတ်နိုင်ဖို့နဲ့ အလုပ်သမား ဝန်ကြီးဌာနကလည်း  မူဝါဒ ကောင်းကောင်း ရေးဆွဲနိုင်ပါစေလို့ပဲ ဆုတောင်းပါတယ်။ ပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ဖို့ပဲ အားပေးပါတယ်။ တိုင်းပြည်ကြီးလည်း အမြန်အေးချမ်းပြီး ဖွံ့ဖြိုးစေချင်ပါပြီ။ မြန်မာပြည်ကြီး ငြိမ်းချမ်း မှပဲ ဒီတိုင်းရင်းသားတွေလည်း အမြန်တိုးတက်လာမှာ။ အခု ကချင်မှာရော တိုးတက်လို့လား။ ကရင်မှာရော တိုးတက်လို့လား။ အဲဒါတွေက ဥပမာ သူတို့ပြည်နယ် လွတ်လပ်ရေး ပေးလိုက်ပါပြီတဲ့၊ ခွဲပြီး အုပ်ချုပ်လို့လည်း တိုးတက်မယ်ထင်လား၊ မတိုးတက်ပါဘူး။ လူမျိုးစု လွတ်မြောက်ရေးဆိုတဲ့ အလံတွေ ကိုင်စွဲတဲ့စိတ်တွေ‌ ဖျောက်ပြီး သခင်စိုးလို လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလိုက်ပြီးတော့ တကယ် အသိတ ရားရခဲ့လို့ရှိရင် တိုင်းပြည်ကြီး ကောင်းသွားမှာပါ။ 

TREND    ။    ။ အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
(ညီသစ်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၂၁) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )           

 

Total Views ~ 40

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

45208

© 2022 - 2025 News. All Rights Reserved.