၂၀၂၅ ၊ ဒီဇင်ဘာ ၁၉
"သီပေါမဲဆန္ဒနယ်မှာ လူထုတွေ့ဆုံပွဲတွေ လုပ်တဲ့အခါကျတော့ အဓိက လူထုက စိတ်ဒဏ်ရာ ရသွားကြတယ်။ တိုက်ပွဲတွေကို မလိုလားတော့ဘူး။ တိုက်ပွဲတွေကြောင့် အများကြီး ထိခိုက်ပျက်စီးခဲ့ရတော့ လူထုက ငြိမ်းချမ်းရေးကို တအားလိုချင်ကြတယ်"ဟုဆိုသူ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက် တစ်(ကျားဖြူ)ပါတီ သီပေါမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကောင်းသက်စံအား ဆက်သွယ်မေးမြန်းထားသည်ကို ဖော်ပြလိုက်ပါသည်။
ဦးကောင်းသက်စံ၏ ကိုယ်ရေးအကျဉ်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးကောင်းသက်စံသည် သီပေါမြို့ဇာတိ ဖြစ်ပြီး ပညာအရည် အချင်းမှာ B.A (Geography) . M.Ed (Thesis) ဖြစ်သည်။ လက်ရှိ ဘကပညာရေးကျောင်းများတွင် စာသင်ကြားသည့်အလုပ်ကို လုပ်ကိုင်လျက်ရှိသည်။ ရှမ်းပြည်နယ်အတွင်း သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကိစ္စများတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ကရင်ပြည်နယ် ဘားအံတက္ကသိုလ်များ ရှမ်းစာပေနှင့် ယဉ်ကျေးမှု ကော်မတီ SLCC Hpa-An ကို စတင်တည်ထောင်ခဲ့သည်။
နိုင်ငံရေးဖြတ်သန်းမှုအရ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးခွန်ထွန်းဦး၏ လက်တွဲခေါ်ယူမှုကြောင့် ရှမ်းနိုင်ငံရေး အသိုင်းအဝိုင်းတွင် လေ့လာသင်ယူခဲ့ကာ နိုင်ငံရေးအတွေးအခေါ် ဆောင်းပါးများ ရေးသားခဲ့သည်။ ရှမ်းပြည်နယ်(မြောက်ပိုင်း) လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များတွင် ကြားဝင် စေ့စပ်ညှိနှိုင်းသည့် အလုပ်ကိုလည်း လုပ်ကိုင်ခဲ့ဖူး။
TREND ။ ။ သီပေါမဲဆန္ဒနယ်ကနေ ရွေးကောက်ပွဲဝင်ရတဲ့အကြောင်းကို အရင်ပြောပြပါဦး။
UKTS ။ ။ တိုက်ပွဲကြောင့် ဆုံးရှုံးသွားခဲ့တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ အခြေခံလူမှုအဆောက်အအုံတွေ ပြည်လည် တည်ဆောက်နိုင်ရေးနဲ့ ဒေသတည်ငြိမ်အေးချမ်းရေးအတွက် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တာပါ။
TREND ။ ။ သီပေါမဲဆန္ဒနယ်မှာ မဲဆွယ်စည်း ရုံးရေး အခြေအနေ ဘယ်လိုရှိလဲ။
UKTS ။ ။ လုံခြုံရေး အခြေအနေအရ နားလိုက်၊ သွားလိုက် လုပ်နေရတယ်။ လက်နက်ကိုင်အဖွဲ့အစည်းက အဲဒီလောက် မဟုတ်ဘူးဗျ။ ကျေးရွာတွေကို သွားလာတဲ့အခါမှာ မိုင်းတွေရှိသေးတယ်။ နောက်ပြီးတော့ ဖုန်းလိုင်းမမိဘူး။ တစ်ခုခုဆို လူကြုံနဲ့ လှမ်းပြောရတဲ့ အနေအထားတွေ ဖြစ်နေတယ်။ မြို့နယ်ရဲ တပ်ဖွဲ့မှူးနဲ့ လုံခြုံရေးအဖွဲ့တွေကတော့ ကူညီပေးပါတယ်။ သူတို့လက်လှမ်းမမီတဲ့ ချောင်ကျတဲ့နေရာ ကတော့ စွန့် စားပြီး သွားရတာပေါ့ဗျာ။

TREND ။ ။ မကြာသေးခင်ကမှ တည်ငြိမ်လာခဲ့တဲ့ မြို့ဖြစ်တော့ မဲဆွယ်စည်းရုံးတဲ့အခါမှာ လူထုရဲ့ အဓိကလိုအပ်ချက်တွေက ဘာတွေတွေ့ရလဲ။
UKTS ။ ။ သီပေါမဲဆန္ဒနယ်မှာ လူထုတွေ့ဆုံပွဲတွေလုပ်တဲ့အခါ လူထုက စိတ်ဒဏ်ရာ ရသွားကြတယ်။ တိုက်ပွဲကြီးကို မလိုလားတော့ဘူး။ တိုက်ပွဲတွေကြောင့် အများကြီး ထိခိုက်ပျက်စီးခဲ့ရတော့ လူထုက ငြိမ်းချမ်းမှုကို လိုချင်တယ်။ ငြိမ်းချမ်းရေးကို တအားလိုချင်ကြတယ်။ နောက်တစ်ခုကတော့ လျှပ်စစ်မီးပြဿနာ။ လျှပ်စစ်မီးပြတ်တောက်သွားတာ နှစ်နဲ့ချီကြာ သွားပြီဆိုတော့ မီးရဖို့ သူတို့တင်ပြကြပါတယ်။ နောက်တစ်ခုကတော့ လက်ရှိအချိန်ထိ ကုန်ဈေးနှုန်းတွေ ကြီးမြင့်နေဆဲပါ။ ယခင်ကထက်စာရင်တော့ အများကြီးတော့ ကျသွားပါပြီ။ နံပါတ် (၁) ကတော့ လူထုက စိတ်ဒဏ်ရာရသွားတော့ တိုက်ပွဲတွေ ဖြစ်လာမှာကို တအားစိုးရိမ်နေကြတယ်။ သီပေါမဲဆန္ဒနယ်မှာ တိုင်းရင်းသားတွေများတယ်။ နိုင်ငံရေး ဂယက်ထဲမှာ ဘယ်တော့မှ မပါခဲ့တဲ့ သူတွေဖြစ်တယ်။ အနီလည်း အားမပေးသလို၊ အစိမ်းလည်းအားမပေးတဲ့ ဒေသပေါ့။ ငြိမ်းငြိမ်းချမ်းချမ်း နေချင်ကြတယ်။ အခုကလေးတွေ ကျောင်းတွေတက်ရတော့လည်း သူတို့မှာ ဝမ်းသာနေကြတယ်။ ဘယ်လောက် ဝေးဝေး ကျောင်းလာထားကြတယ်။ တချို့ဆိုရင် ဒုဋ္ဌဝတီမြစ်ကို ဖောင်နဲ့ကူးပြီးတော့ကို နေ့စဉ် ကျောင်းအသွားအပြန် ပို့နေကြတာ။ ပညာရေးလည်း အား ပေးသလို ငြိမ်းချမ်းရေးကိုလည်း တကယ့်ကို အလိုရှိတဲ့ မဲဆန္ဒနယ် ဖြစ်တဲ့အတွက် အဓိကတော့ ငြိမ်းချမ်းရေးကိုပဲ သူတို့လိုချင်ကြတယ်။ ကျွန်တော်၊ ကျွန်မတို့ တိုက်ပွဲတွေကို မလိုလားပါဘူး။ ငြိမ်းချမ်းရေးကို ထိန်းသိမ်းပေးလို့ ပြောကြတယ်။ အေးအေးဆေးဆေး ပညာသင်ကြားနိုင်ဖို့ လုပ်ပေးပါဆိုတဲ့အချက်ကိုပဲ အဓိက ရင်ဖွင့်ပြောဆိုကြတယ်။
TREND ။ ။ စိတ်ဒဏ်ရာရထားတဲ့ ဒေသခံပြည်သူတွေကို ရွေးကောက်ပွဲဟာ ကောင်းမွန်တဲ့အရွေ့ တစ်ခုဖြစ်တဲ့အကြောင်း ဘယ်လိုများ မဲဆွယ်စည်းရုံးလဲ။
UKTS ။ ။ သီပေါက နှစ်ပိုင်းရှိတယ်။ နမ့်လန်ရယ်၊ သီပေါမြို့နယ်ရယ် နှစ်ပိုင်းရှိတယ်။ သီပေါကတော့ တိုင်းရင်းသားနိုင်ငံရေးပါတီ အားကောင်းတဲ့ ဒေသဖြစ်တဲ့အတွက် ရွေးကောက်ပွဲကို မထောက်ခံတဲ့ ဒေသမဟုတ်ပါဘူး။ ပထမတစ်ကြိမ် ကျေးရွာအုပ်စုတွေ ကြေညာတော့ ရွေးကောက်ပွဲမလုပ်ရလို့ ကျွန်တော့်ကိုလာ ပူဆာတဲ့ရွာတွေ ရှိပါတယ်။ ကျွန်တော်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တင်ပြပြီးတော့ ပါသင့်ပါ ထိုက်တဲ့ကျေးရွာတွေ ထပ်ပါဖို့ တင်ပြခဲ့ပါတယ်။ အဲဒီနောက်မှာ မဲဆန္ဒနယ် လေးခုထပ်တိုးခဲ့တယ်။ ဆိုလိုချင်တာက ရွေးကောက်ပွဲကို ထောက်ခံတဲ့ ဒေသဖြစ်တယ်။ လက်ရှိ ဖြစ်ပျက်သွားတဲ့ နိုင်ငံရေးပြောင်းလဲမှုတွေ၊ ဆုံးရှုံးသွားတဲ့ လမ်းတံတားတွေ၊ လျှပ်စစ်မီးတွေ၊ ဆေးရုံအ ဆောက်အအုံ၊ ရုံးတွေကို ရွေးကောက်ပွဲပေါ်လာမှ တက်လာမယ့် အရပ်သားအစိုးရနဲ့ လွှတ်တော်ကိုယ်စား လှယ်တွေက ဆောင်ရွက်ပေးမှသာ လျှင် ရမယ်လို့ သူတို့က ယုံကြည်တယ်။ ဒီအတွက် ရွေးကောက်ပွဲကို ထောက်ခံကြတယ်။ နမ့်လန်မှာ ဟောပြောဖို့သွားတာ လူအယောက် ၂၀ လောက်ပဲ လာမယ်ထင်တာ။ တစ်မြို့ လုံးနီးပါး အုံလိုက်ကျင်းလိုက်ကို လာပြီး အားပေးကြတယ်။ ဘယ်လိုမဲပေးရသလဲ။ မဲပေးပုံ စနစ်ကအစ သူတို့ စိတ်ဝင်စားကြတယ်။ လူထုရဲ့ အားပေးထောက်ခံမှုက သီပေါမြို့နဲ့ခြုံပြောရရင် ရာခိုင်နှုန်း ၈၀ ရှိတယ်။
TREND ။ ။ ပြည်ခိုင်ဖြိုးကလည်း အစိုးရဖွဲ့ နိုင်လောက်တဲ့ပါတီဖြစ်တယ်။ ကျားဖြူပါတီကလည်း တိုင်းရင်းသားပါတီတွေထဲမှာ အင်အားကြီးတဲ့ပါတီလို့ ပြောလို့ရတယ်။ အဲဒီတော့ ယှဉ်ပြိုင်မှုက ဘယ်လို ဖြစ်လာနိုင်မလဲ။
UKTS ။ ။ ကျွန်တော်တို့ပါတီရဲ့ နိုင်ငံရေးမူဝါဒ ပလက်ဖောင်းမှာ နံပါတ် (၁) ကတော့ တိုင်းပြည် ငြိမ်းချမ်းဖို့ပါပဲ။ ငြိမ်းချမ်းရေး ရရှိအောင် ဆောင်ရွက်သွားပါမယ်။ ဦးစိုင်းအိုက်ပေါင်းကိုယ်တိုင် လမ်းညွှန်ထားတာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးက ဒေသရဲ့တည်ငြိမ်အေးချမ်းရေးရရှိအောင် ဆောင်ရွက်သွားကြဖို့၊ နံပါတ်(၂) ကတော့ ဒေသမှာရှိတဲ့ ကလေးတွေရဲ့ ပညာရေးကို အားပေးဖို့၊ နံပါတ်(၃) ကတော့ ဒေသတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ဒေသခံတိုင်း ရင်းသားတွေ ရရှိအောင် ဆောင်ရွက် ပေးဖို့ဆိုတဲ့ အဓိက အချက်သုံးချက်နဲ့ ဆောင်ရွက်နေပါတယ်။ ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ စနစ်လို့ ပြောတဲ့အတွက် ရှမ်းအပါအဝင် ပြည်ထောင်စုမှာရှိတဲ့ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေး ရရှိပြီးတော့ အေးအေးချမ်း ချမ်းနဲ့ ပြည်ထောင်စုစိတ်ဓာတ်ပမာ တိုင်းပြည်ကို တည်ဆောက်သွားကြဖို့ ကျွန်တော်တို့သီပေါမှာ ရှမ်းတိုင်းရင်း သားအပါအဝင် ဗမာ၊ ပလောင် စတဲ့ လူမျိုးတွေ နေပါတယ်။ ဒီလူမျိုးတွေနဲ့ တိုင်းရင်းသားညီအစ်ကို မောင်နှမတွေဖြစ်တဲ့အတွက် ချစ်ချစ်ခင်ခင် နေထိုင်ပြီးတော့ သီပေါမဲဆန္ဒနယ်မှာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားဖို့ ကျွန်တော့်အနေနဲ့ ဆန္ဒရှိပါတယ်။
TREND ။ ။ လွှတ်တော်ထဲရောက်ခဲ့ရင် လူထုအတွက် လုပ်ပေးချင်တဲ့အရာက ဘာဖြစ်မလဲ။
UKTS ။ ။ လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံရရင်တော့ နံပါတ် (၁) ကတော့ ဆုံးရှုံးသွားတဲ့ ပြည်သူလူထုရဲ့ လမ်းတံတားတွေ၊ ဆေးရုံတွေ၊ စာသင်ကျောင်းတွေကို ပြန်လည်ပြီးတော့ တည် ဆောက်ပါမယ်။ လျှပ်စစ်မီးရရှိအောင် ဆောင်ရွက်ပါမယ်။ ဒေသတွင်းမှာရှိတဲ့ ဌာနေတိုင်းရင်းသားတွေနဲ့ ချစ်ချစ်ခင်ခင် နေထိုင်သွားမယ်။ သီပေါမဲဆန္ဒနယ်က သိပ်မကြာခင် အချိန်ကပဲ ၁၀၂၇ စစ်ဆင်ရေး ဆိုပြီး လူမျိုးရေးကို အခြေခံပြီး ဖက်ဆစ်ဝါဒကို အခြေခံ ဖြစ်ခဲ့တဲ့ ဒေသဖြစ်တယ်။ လူမျိုးရေး အစွန်း ရောက်ခံခဲ့ရတဲ့ ဒေသဖြစ်တော့ ဒါမျိုးတွေကို မလို လားတော့ဘူး။ ဒီအတွက် လုပ်သင့်လုပ်ထိုက်တဲ့ အရာကို လုပ်သွားမယ်။ လူထုကို ပေးနိုင်တဲ့ ရွေးကောက်ပွဲကတိကတော့ ကျွန်တော်တို့ တက်လာရင် သီပေါ မြို့က တည်ငြိမ်အေးချမ်းရမယ်ဆိုတဲ့အရာကို ကတိပေးနိုင်တယ်။
TREND ။ ။ လူထုကလည်း တိုက်ပွဲတွေမလိုချင်ဘူး။ စိတ်ဒဏ်ရာတွေရခဲ့ကြတယ်။ ကိုယ်တိုင်ကရော ဘယ်လိုစိတ် အခြေအနေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်းအဖြစ် ဝင်အရွေးခံတာလဲ။
UKTS ။ ။ ကျွန်တော်ကိုယ်တိုင်လည်း စိတ်ဒဏ်ရာရလို့ မခံချင်စိတ်နဲ့ ဝင်ရောက်ယှဉ်ပြိုင်တာပါ။ သီပေါမြို့နယ်ဟာ ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးခံခဲ့ရတာဖြစ်တယ်။ ဖျက်ဆီးခံရပုံက နှစ်ဆင့်ရှိတယ်။ ပထမတစ်ဆင့်က စိတ်ဓာတ်ပိုင်းဆိုင်ရာတွေ ဖျက်ဆီးခံရတယ်။ ဒုတိယကတော့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ဖျက်ဆီးခံရတယ်။ လူမျိုးရေးအရ စော်ကားခံရတာတွေ ရှိတယ်။ ဥပမာအားဖြင့် ဗမာစကား ပြောလို့မရဘူး။ ရှမ်းစကားပြောလို့မရဘူးဆိုတဲ့ အနေအထားတွေ ရှိခဲ့တယ်။ ခေါက်ဆွဲတောင် တခြားသော လူမျိုးခေါက်ဆွဲဆိုပြီး ပြောခေါ်ခဲ့ရတဲ့ အဖြစ်တွေ ကြုံခဲ့ရတယ်။ ဒီအပေါ်မှာ ကျွန်တော်တို့တွေ စိတ်ဒဏ်ရာရတယ်။ သီပေါလူထု ဘယ်သူ့ကိုမေးမေး ကျွန်တော့်လို ဖြေကြမှာပါ။ ဒီအတွက် မခံချင်စိတ်၊ ခံပြင်းစိတ်လေးတွေ ဖြစ်ခဲ့ပါတယ်။ ဒီအပေါ်မှာ လက်တုံ့ပြန်စရာလည်း အကြောင်းမရှိဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့က တည်ငြိမ်အေးချမ်း ရေးကိုလိုလားလို့။ ရုပ်ပိုင်းဆိုင်ရာမှာတော့ ကျွန်တော်တို့ အထွတ်အမြတ်ထားတဲ့ အဆောက်အအုံတွေ၊ အများပြည်သူကို ဝန်ဆောင်မှုပေးတဲ့ ဆေးရုံတွေ၊ စာသင်ကျောင်းတွေ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ ရှေးဟောင်းအဆောက်အအုံတွေ ဖျက်ဆီးခံရတယ်။ နောက်တစ်ကြိမ် ထပ်ဖြစ်မှာကိုလည်း မလိုလားဘူး။ ဒီအတွက်လည်း တတ်နိုင်သမျှ ကာကွယ်စောင့်ရှောက်သွားမယ်။
TREND ။ ။ ယခင်ကရော ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖူးလား။
UKTS ။ ။ ကျွန်တော်ကတော့ မဝင်ခဲ့ပါဘူး။ သီပေါမှာ ဝင်ခဲ့တဲ့ သမိုင်းတော့ ရှိခဲ့ပါတယ်။ ၁၉၈၈ က စတာပေါ့ဗျာ။ ပါတီအစဉ်အဆက်ပေါ့။ ၁၉၈၈ မှာ ဦးခွန်ထွန်းဦး နိုင်ပါတယ်။ ၁၉၉၀ လည်း ဦးခွန်ထွန်းဦးပါပဲ။ ၂၀၁၀ မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ အခု ကျားဖြူပါတီပေါ့။ ဦးရဲထွန်း နိုင်ပါတယ်။ ၂၀၁၅ မှာတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားခေါင်းပါတီ) ဦးစိုင်းသန့်စင် နိုင်ပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာတော့ ကျားခေါင်းပါတီ နန်းစန်းစန်းအေး နိုင်ပါတယ်။ အစဉ်အဆက် သမိုင်းကြောင်းမှာ ရှမ်းပါတီတွေပဲ နိုင်ခဲ့တဲ့၊ ရှမ်းနိုင်ငံရေးသမားတွေပဲ နိုင်ခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။
TREND ။ ။ အခုလိုဖြေကြားပေးတာ ကျေးဇူး တင်ပါတယ်။
( ကွန်းဈာန်)
(TREND News ဂျာနယ်အတွဲ(၄)၊ အမှတ်( ၄၈ ) တွင်ပါရှိသော အင်တာဗျူးအား တဆင့်ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ )

TREND News Journal PDF File Download Link . . .