၂၀၂၃ ဇူလိုင် ၂၇
မြန်မာ့ဆန်စပါးထုတ်လုပ်မှုတိုးတက်စေရန်၊ MSMEဆန်စက်လုပ်ငန်းများ ရှင်သန် ရပ်တည်နိုင်ရေးအတွက် Exporter ကုမ္ပဏီများနှင့်ဈေးကွက်ချိတ်ဆက်ပြီး ကာလတို ချေးငွေများရရှိရေး ဆောင်ရွက်နိုင်စေရန်၊ မြန်မာနိုင်ငံ ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်း တည်ငြိမ်စေရန်၊ (၁၀)ဧကအထက် လယ်ပိုင်သောတောင်သူကြီးများ၏ ပူးပေါင်းမှုဖြင့် တစ်ဧကအထွက်နှုန်းတိုးစေရန် ၊တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် အဆင့် အသင်းအဖွဲ့များ စုဖွဲ့ဆောင်ရွက်မှုအားကောင်းစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ဇူလိုင်လ ၂၆ရက်နေ့ တွင် ပဲခူးတိုင်းဒေသကြီး(အနောက်) လက်ပံတန်းမြို့နယ်တွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေး တစ်ရပ်ကို ကျင်းပခဲ့သည်။

တိုင်းဒေသကြီး အတွင်း ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု တိုးတက်စေရေးနှင့် ဈေးနှုန်း တည်ငြိမ်စေရေးအပါအဝင် အနာဂတ် စိုက်ပျိုးထုတ်လုပ်မှု ပိုမိုတိုးတက်ဆောင်ရွက် နိုင်ရေးတို့ကို ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထိုအပြင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထွေထွေ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ကုမ္ပဏီများနှင့် ပဲခူးတိုင်းဒေကြီး (အနောက်)ရှိ ဆန်စပါးအသင်းအဖွဲ့များ၊ ဆန်စက်/ဆန်ကုန်သည်များ၊ တောင်သူလယ်သမားများမှ ဆွေးနွေးတင်ပြခဲ့ကာ ရှေ့လုပ်ငန်းစဉ်များချမှတ်နိုင်ရေး ဝိုင်းဝန်းအကြံပြု ညှိနှိုင်း ဆွေးနွေးခဲ့ကြပါသည်။

