2023 ဇူလိုင် ၂၄
တောင်ငူမြို့နယ်အတွင်းမှာ လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်တစ်အိမ်ပေါ် သစ်ပင်လဲကျပြီး သားအဖနှစ်ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဇူလိုင်လ ၂၃ရက်နေ့ နံနက် ၁နာရီခွဲအချိန်က တောင်ငူမြို့နယ်၊ နေပူကုန်းကျေးရွာအုပ်စု၊ ကံတရာကျေးရွာက နေအိမ်တစ်အိမ်ပေါ်ကို သစ်ပင်လဲကျခဲ့တာဖြစ်ပါတယ်။
"အဲ့ဒီအချိန်က မိုးတွေလည်းသည်းနေတာရယ် လေပြင်းတွေလည်း တိုက်တာတွေကြောင့် အိမ်ပေါ်ကို သစ်ပင်လဲကျတာပါ။ ၂ဦးသေ၊ ၂ဦးဒဏ်ရာရရှိခဲ့တယ်"လို့ ဖြစ်စဉ်အားသိရှိသူတစ်ဦးက ဆိုပါတယ်။
မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်တာကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျခဲ့ကာ ဦးအောင်စိုးမိုးနဲ့ သားဖြစ်သူ မောင်အောင်ရဲလင်း ၁၁နှစ်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဆိုပါဖြစ်စဉ်အတွင်း ဇနီးဖြစ်သူ မမာပို ၃၃နှစ်နဲ့ သမီးဖြစ်သူ မဇွန်ပွင့်ဖြူ ၃နှစ်တို့မှာ သစ်ကိုင်းရိုက်မိဒဏ်ရာရရှိခဲ့ပြီး တောင်ငူပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတာလည်းဖြစ်ပါတယ်။