ထိုင်းကိုသာ မှီခိုနေရတဲ့ မြန်မာ့ပြောင်း အာဆီယံဒေသနှင့် ဂျပန်ကိုပါ ဈေးကွက်တိုးချဲ့နိုင်ဖို့ အရည်အသွေးမြှင့်တင်မယ်

၂၀၂၃ ဇူလိုင် ၁၈

ထိုင်းနိုင်ငံကိုသာ အဓိကမှီခိုနေရတဲ့ မြန်မာ့ပြောင်းတွေ အခြားဈေးကွက်တွေရလာစေဖို့ အာဆီယံ ဒေသတွင်းနိုင်ငံတွေအပါအဝင် ဂျပန်ဈေးကွက်ကိုပါ ယခုနှစ်အတွင်း တိုးချဲ့တင်ပို့နိုင်ဖို့ ပြောင်းအရည်အသွေး မြှင့်တင်တာတွေ ဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းက သိရပါတယ်။

လက်ရှိ မြန်မာ့ပြောင်းကို ထိုင်းနိုင်ငံကို အဓိက တင်ပို့နေတာဖြစ်ပြီး တရုတ်ဈေးကွက်ကိုတော့ ရှမ်းပြည်နယ် ဒေသတချို့မှာ ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးထားတဲ့ ပြောင်းသီးနှံတွေသာ တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံအနေနဲ့ မြန်မာ့ပြောင်းကို ဖေဖော်ဝါရီ ၁ ရက်မှ သြဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်ပေးထားပြီး မြန်မာနိုင်ငံပြောင်းထွက်ရှိမှုရဲ့ ၈၀ရာခိုင်နှုန်းခန့်တင်ပို့နေပြီး တရုတ်ဈေးကွက်တင်ပို့မှုကတော့ ၅ ရာခိုင်နှုန်းခန့်သာရှိတယ်လို့ သိရပါတယ်။

လက်ရှိ ထိုင်းနိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်နဲ့တင်ပို့နိုင်တဲ့ကာလ ကျန်ရှိနေသေးပေမယ့် ထိုင်းနိုင်ငံရေး ဂယက်ကြောင့် ပြောင်းဈေးအပြောင်းအလဲရှိပြီး ၆လအတွင်း အနိမ့်ဆုံးဈေးနှုန်းဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

မြန်မာ့ပြောင်းဈေးဟာ ထိုင်းဈေးကွက်အပေါ်မူတည်ပြောင်းလဲနေရတာဖြစ်ပြီး ထိုင်းနိုင်ငံကို ဖေဖော်ဝါရီလက ပြောင်းတင်ပို့ရာမှာ ပြောင်းဆန် တစ်ပိဿာ ကျပ် ၁၃၀၀ ထိရှိခဲ့ပေမယ့် လက်ရှိ ရန်ကုန်ဈေး ပြောင်းဆန် တစ်ပိဿာ ၁၁၇၀ ကျပ်ထိ ကျဆင်းသွားကြောင်း သိရပါတယ်။

ဒါ့ပြင် မြန်မာနိုင်ငံရဲ့ ငွေကြေးမူဝါဒ၊ ပို့ကုန်မူဝါဒအပြောင်းအလဲနဲ့ သယ်ယူပို့ဆောင်ရေးအခက်အခဲတွေကြောင့်လည်း ပြောင်းဈေးကွက် ကျဆင်းတယ်လို့ သိရပါတယ်။

Total Views ~ 166

ဆက်စပ်အကြောင်းအရာများ

ဆက်စပ်အကြောင်းအရာများ

စုစုပေါင်းကြည့်ရှုသူများ

43540

© 2022 - 2025 News. All Rights Reserved.