2023 ဇူလိုင် ၆
ဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာရေး ကောင်းမွန်နေကာ ထောင်ဝင်စာပို့ခွင့်ပြုထားတယ်လို့ အကျဉ်းဦးစီးနဲ့နီးစပ်တဲ့ သတင်းအရင်းအမြစ်များထံက သိရပါတယ်။
အမှု ၁၉မှုအတွက် ထောင်ဒဏ် ၃၃နှစ်အထိ ချမှတ်ခံထားရတဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သည် နေပြည်တော်အချုပ်ထောင်မှာ ဖမ်းဆီးခံထားရပြီး အပတ်စဉ် တနင်္လာနေ့တိုင်း ထောင်ဝင်စာပို့ခွင့်ပြုထားတာဖြစ်ပါတယ်။
အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုများအနက် ရွေးကောက်ပွဲဆိုင်ရာအမှုနဲ့ နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေအမှု အမိန့်ပြင်ဆင်ချက်အား ဇူလိုင်လ ၅ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ကြားနာခဲ့တယ်လို့ သိရပါတယ်။
ထိုသို့ အမိန့်ပြင်ဆင်ချက်လျှောက်ထားရာမှာ နှစ်ဖက်အဖွဲ့များက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ရတယ်လို့ သိရပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ ဆုံးဖြတ်ချက်အမိန့်ကိုတော့ တစ်လအကြာမှာ ကြေညာနိုင်ဖို့ရှိတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဖမ်းဆီးထောင်ချခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် ဦးမင်းသူတို့ရဲ့ ရွေးကောက်ပွဲဆိုင်ရာအမှုအတွက် အမိန့်ပြင်ဆင်ချက်ကိုလည်း ကြားနာမှုများရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါအမှုပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်ဖို့ ရှေ့နေအဖွဲ့က သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို တွေ့ဆုံခွင့်တောင်းထားပေမယ့် ယနေ့အထိ တွေ့ဆုံခွင့်မရရှိသေးတာလည်းဖြစ်ပါတယ်။